Saturday, April 12, 2014
နိုင်ငံရေးဝတ္ထုဟူသည် ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)
နိုင်ငံရေးဝတ္ထုဟူသည်
ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)
နိုင်ငံရေးဝတ္တု (political novel) ဟူသော အမည်ကိုကြားလိုက်လျှင် စိတ်ထဲတွင် အောက်ပါ မေးခွန်းများ ပေါ်လာနိုင်ပါသည်။ နိုင်ငံရေးဝတ္တုဟူသည် အဘယ်နည်း၊နိုင်ငံရေးဝတ္တု၏ ၀ိသေသများသည် အဘယ်နည်း၊ မည်သည့်ဝတ္တုများသည် နိုင်ငံရေးဝတ္တုများဖြစ်သနည်း။
Politics and the Novel (နိုင်ငံရေးနှင့်ဝတ္တု ) စာအုပ်ကိုရေးသားသော စာရေးဆရာ အာဘင်ဟိုး (Irving Howe) ကဆိုသည်မှာ - များပြားလှသောဝတ္တုအမျိုးအစားများထဲတွင်နိုင်ငံရေးဝတ္တုကိုအမျိုးအစား
တစ်ခုအဖြစ်ထပ်မံ၍ထည့်သွင်းလိုသောဆန္ဒမရှိပါ။ထို့ကြောင့်စေါစေါကဖေါ်ပြခဲ့သောမေးခွန်းများ၏အဖြေကိုလည်းစူးစမ်းရန်ရည်ရွယ်ချက်မရှိပါ- ဟူ၍ဖြစ်သည်။
ဝတ္တုများကို လေ့လာကြည့်မည်ဆိုလျှင်၊ အချို့သည် နိုင်ငံရေးသဘောတရားများ ပါဝင်သည်၊ အချို. သည်များများပါဝင်သည်၊ အချို့သည်အနည်းငယ်မျှသါပါဝင်သည်။ စာရေးဆရာ အာဘင်ဟိုး၏ကျမ်းတွင် ၀တ္တုများထဲတွင်ပါဝင်သော နိုင်ငံရေးသဘောတရားများကိုလေ့လာကြည့်ရန်နှင့် စာပေနှင့်နိုင်ငံရေးတို.၏ ဆက်သွယ်ချက်ကိုစူးစမ်းရန်ဖြစ်သည်။
          ဤမှတ်ချက်သည် တော်တော်ပြင်းထန်ပါသည်။ ထိုမှတ်ချက်ကို ကြားရသူအနေဖြင့် စာရေး ဆရာကြီးစတင်ဒယ်သည် ဘာကိုဆိုလိုသည်၊ အကောင်းပြောတာလား၊ အဆိုးပြောတာလားဟူသည်ကို မသိသည့်အတွက် သူဘာများဆက်ပြောမည်ကို မျှော်လင့်တကြီးဖြင့် နားထောင်နေသော်လည်း ဘာမှဆက် ၍ မကြားရသောကြောင့် အားမလိုအားမရဖြစ်ရပါသည်။
          သမိုင်းနောက်ခံဝတ္ထုများသည် ၎င်းတို့၏ ဦးစားပေးပုံကို မူတည်၍ နိုင်ငံရေးဝတ္ထုများဖြစ်နိုင်သည်။ ဥပမာ သမိုင်းနောက်ခံဖြစ်သော်ငြားလည်း စွန့်စားခန်းကို ဦးစားပေးသကဲ့သို့၊ အချစ်ကိုဦးစားပေးနိုင်သည်။ ဥပမာ- ချား(လ)ဒစ်ကင်း (Charles Dickens) ၏ A Tale of Two Cities (မြို့နှင့်မြို့၏ပုံပြင်) ကိုကြည့်ပါ။ ထိုဝတ္ထုတွင် ပါဝင်သောမြို့နှစ်မြို့မှာ ပြင်သစ်နိုင်ငံမှ ပါရီ (Paris) နှင့် အင်္ဂလန်နိုင်ငံမှ လန်ဒန် (London) ဖြစ်ကြသည်။ အချိန်မှာ ပြင်သစ်တော်လှန်ရေးကာလဖြစ်သည့်အတွက် နိုင်ငံရေးပဋိပက္ခ၏ အကျိုးဆက်များ သည် ဇာတ်ကောင်မျာအပေါ် သက်ရောက်နေသည်။ ပြင်သစ်တော်လှန်ရေးကြောင့် ဒုက္ခရောက်သူများ သည် လန်ဒန်သို့ထွက်ပြေးတိမ်းရှောင်ပြီး ခိုလှုံရသည့်အခြေအနေများကို ဇာတ်လမ်းတွင်တွေ့ရပါသည်။ ဇာတ်လမ်းမှာ ဆုံးရှုံးခဲ့ရသောအချစ်အကြောင်းဖြစ်သည်။ ၀တ္ထု၏အဓိကဇာတ်ကောင် စစ်နီကာတွန် (Sydney Carton) သည် သူ၏အသက်ကိုပင်စွန့်၍ သူဆုံးရှုံးခဲ့သောချစ်သူ၏ခင်ပွန်းအသက်ကို ကယ်တင် ခဲ့ပုံကို ရေးသားထားသည်။ ဇာတ်လမ်း၏နောက်ခံအရ၊ နိုင်ငံရေးရိုက်ခတ်မှု၏ အကျိုးသက်ရောက်မှုများကို ခံစားကြရပုံကို ရေးဖွဲ့ထားပါသည်။
          အကယ်၍ လူမှုရေးကို နိုင်ငံရေး၏ တစ်စိတ်တစ်ဒေသဟု ယူဆမည်ဆိုလျှင် လူမှုရေးဝတ္ထု (social novel) နှင့် နိုင်ငံရေးဝတ္ထုတို့ကို အတိအကျခွဲခြားဖို့ တော်တော်ခက်ပါသည်။ လူမှုရေးဝတ္ထုများကို ရေးရာတွင် ထင်ရှားသော စာရေးဆရာမှာ - မြန်မာနိုင်ငံတွင် မိုးမိုး(အင်းလျား)၊ မစန္ဒာ၊ ဂျူး၊ သုမောင်၊ နေ၀င်းမြင့်တို့ဖြစ်ကြပါသည်။ သို့သော် သူတို့၏ ၀တ္ထုများကို နိုင်ငံရေးဝတ္ထုဟုခေါ်နိုင် မခေါ်နိုင်ဟူသည် ကိုတော့ ပြောဖို့ခက်ပါသည်။ လူတစ်ဦးနှင့်တစ်ဦးဆက်ဆံမှုမှတစ်ဆင့် လူ့အဖွဲ့အစည်းတစ်ခုလုံးအပေါ် အကျိုးသက်ရောက်မှုမျိုး ပါလာလျှင်တော့ နိုင်ငံရေးဝတ္ထုအမျိုးအစားထဲတွင် ထည့်နိုင်ပါသည်။ ဥပမာ တစ်ခုအနေဖြင့် ပြောရလျှင်၊ မစန္ဒာ၏ မောင်ချောက်ချက်သည် ဒသန၀တ္တု ဖြစ်ပါသည်။ ထိုဝထ္တု တွင် မျက်မှောက်ခေတ်အပေါ်ကလေး၏အမြင်ကို ဖော်ပြရာတွင် ဟာသလည်း မြောက်၊ အမှန်ကိုလည်းထင်ဟပ်စေပါသည်။ မိသားစုဇာတ်လမ်းဖြစ်သော်လည်း၊ ခေတ်၏မိသားစုအပေါ် ရိုက်ခတ်မှုကို ပေါ်လွင်သော ၀တ္ထုဖြစ်ပါသည်။
          လူမှုရေးနှင့်နိုင်ငံရေးဝတ္ထုများကိုရေးသားရာတွင် ထင်ရှားသော သူတစ်ဦးမှာ စောစောကအလွန် ပြင်းထန်သော အဆိုအမိန့်ကို ဖော်ထုတ်ခဲ့သော ပြင်သစ်စာရေးဆရာ စတင်ဒယ်(လ)ဖြစ်သည်။ သူ၏၀တ္ထု များသည် သူ့အဆိုအမိန့်ကဲ့သို့ ပြင်းထန်ပြီး အမှန်ကိုဖော်ပြသောကြောင့်၊ လူကြိုက်မများကြပါ။ ပြင်းထန် မှုတွင်၊ မိုးမိုး(အင်းလျား)နှင့်ဆင်ပါသည်။ သို့သော်လည်း မိုးမိုး(အင်းလျား)က စတင်ဒယ်နဲ့ယှဉ်လျှင် လူကြိုက်များပါသည်။ စတင်ဒယ်(လ)၏ ၀တ္ထုများကိုလူများမကြိုက်သော အကြောင်းအရာတစ်ခုမှာ သူသည် သူရဲကောင်းဝတ္ထုများ ခေတ်စားနေချန်တွင် သူ၏၀တ္ထုများသည် ပုဂ္ဂိုလ်ရေးကို ဦးစားပေးသောဝါဒ နှင့် သူရဲကောင်းခေတ်တို့ကုန်ဆုံးမှုကိုဖော်ညွှန်းပြသသောကြောင့်ဖြစ်သည်။ သူ၏ဖော်ညွှန်းပြသမှုများမှန် ကန်နေကြောင်းကို နောက်ပိုင်းကွန်မြူနစ်နှင့်ဆိုရှယ်လစ်ဝါဒတို့လွှမ်းသောအခါတွင်  အားလုံးက သဘော ပေါက်ကြသည်။
          ဆိုရှယ်လစ်ဝါဒလွှမ်းမိုးစဉ်အခါက အနုပညာသည် အနုပညာအတွက်ဟူသော အယူဝါဒကို ဘူဇွာ ဆန်သောဝါဒဟုဆိုပြီး၊ ၎င်းကို ဆန့်ကျင်သည့်အနေဖြင့် အနုပညာသည် ပြည်သူ့အတွက်ဟူသော ကြွေး ကြော်သံထွက်ပေါ်လာခဲ့ဖူးသည်။ ထိုအချိန်က အင်္ဂလိပ်စာဆရာကြီးဦးခင်မောင်လတ်နှင့် စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်တို့က ဆိုသည်မှာ - ဒို့ကအနုပညာသည် ပြည်သူ့အတွက်ဆိုတာကိုတော့ လက်ခံပါတယ်။ ဒါပေမယ့် အနုပညာဖြစ်ဖို့ အနုပညာရဲ့ဝိသေသတွေရှိဖို့တော့လိုပါတယ်။ အနုပညာရဲ့ဝိသေသတွေမရှိရင် ၀ါဒဖြန့်တာသက်သက်ဖြစ်သွားမှာပေါ့။
          အနုပညာနယ်တွင် အနုပညာတကယ်မြောက်ဖို့ စာပေနယ်တွင်လည်း စာပေဂုဏ်မြောက်ဖို့သည် အလွန်အရေးကြီးပါသည်။ နိုင်ငံရေးဝတ္ထုဟုဆိုရာတွင်လည်း၊ ဧကန်တကယ်ဝတ္ထုဂုဏ်မြောက်ဖို့ကို ဦးစား ပေးရမည်ဖြစ်ပါသည်။ ၀တ္ထုဂုဏ်မမြောက်ပဲ နိုင်ငံရေးကိုသာ ဦးစားပေးသောဝတ္ထုမျိုးသည် စတင်ဒယ်(လ) ပြောသလို ပွဲပြနေစဉ်ကြားရသော သေနပ်ပစ်သံပမာဖြစ်သွားပါလိမ့်မည်။ ကိုယ်ယုံကြည်သော ဒီမိုကရေစီဝါဒ ကို ဖော်ညွှန်းသောဝတ္ထုသည် ပစ်လျှင် ၀တ္ထုဂုဏ်မမြောက်လျှင် အနုပညာဘက်မှ ထိခိုက်ပါလိမ့်မည်။ ထို ၀တ္ထုမျိုးသည် ၀ါဒဖြန့်သည့်လက်ကမ်းကြော်ငြာအဆင့်လောက်သာရှိပါလမ့်မည်။
          ထို့ကြောင့် နိုင်ငံရေးဝတ္ထုကိုလေ့လာမည်ဆိုလျှင် ၀တ္ထု၏အနုပညာဂုဏ်ဝိသေသများကို ရှေးဦးစွာ သိရှိရန်လိုပါသည်။
ကျမ်းကိုး
Irving Howe   :         Politics and the Novel.
The Idea of the Political Novel.
Stendhal        :         Le Rouge et le Noir.
လူကြီးသူမ ဆိုဆုံးမစကား တက္ကသိုလ်ရွှေရီဝင်း
လူကြီးသူမ ဆိုဆုံးမစကား
တက္ကသိုလ်ရွှေရီဝင်း
(အတွေးအမြင် ၁၀၀။ ၁၉၉၄ သြဂုတ် မေ)
        ကလေးများကို ဆိုဆုံးမရာတွင် လည်းကောင်း၊ လူလတ်ပိုင်းကို ဆိုဆုံးမရာတွင် လည်ကောင်း အရေးကြီးဆုံးမှာ နားဝင်ရန်ဖြစ်သည်ဟု ထင်မိပါသည်။
          နားဝင်ဖို့ရန်မှာလည်း အလွန်ခက်ခဲသော အလုပ်တစ်ခု ဖြစ်သည်ဟု ထင်ပါသည်။ ထို့ကြောင့် ရှေးလူကြီး သူမတို့သည် နားဝင်စေရန် ပုံစံမျိုးစုံဖြင့် ပြောဆို ဆုံးမကြပါသည်။ ဥပမာများပြ၍ လည်းကောင်း၊ ဇာတ်နိပါတ်များဖြင့် လည်ကောင်း၊ ပုံပြင်များဖြင့် လည်ကောင်း ပြောပြ၍ ဆုံးမခဲ့ကြသည့် သာဓကများ များစွာရှိပါသည်။ တဖန် နားဝင်သွားပါပြီးဆိုလျှင် ဆန့်ကျင်ဘက် စကားတစ်ခုဖြင့် ပြောင်းလဲပြီး လက်ခံဖို့ ပြောရန်မလွယ်ကူတော့ချေ။
          လူကြီးသူမဟု ပြောရာတွင် အသက်ကြီးသူ ၀ါကြီးသူသာမဟုတ် မိဘနှင့်ဆရာသမား အပါအ၀င် ဒေါ်ကြီး၊ ဒေါ်လေး၊ ဦးကြီး၊ ဦးငယ်ပါ အားလုံး ပါဝင်ပါသည်။ စာရေးသူတို့ ငယ်စဉ်ကတည်းက လူကြီးသူမ များကို ရိုသေကြရပါသည်။ ၄င်းပြင် လူကြီးသူမတို့၏ ဆုံးမစကားကိုလည်း နာယူလက်ခံကြရပါသည်။ တစ်သဝေမတိမ်းလည်း လိုက်နာရပါသည်။ ဘယ်အရွယ်အထိလည်းဆိုလျှင် ယခုထက်ထိတိုင်ပါဟု ပြောလျှင် ရပါသည်။ ဘယ်လို ကိစ္စလဲဆိုလျှင် ပညာရေး၊ ဘာသာရေး၊ ယဉ်ကျေားမှုနှင့် ကိုယ်ကျင့်တရား နှင့် ပတ်သတ်၍ ပါဟုပြောလျှင် လွန်သွားပြီးဟု ပြောကြမလား မသိပါ။ စာရေးသူကတော့ မလွန်ပါဟုသာ ပြောလိုပါသည်။
          ထိုကဲ့သို့ လိုက်နာ နာခံမှုကြောင့် စာရေးသူတို့၏ လူမျိုး၏ ဘာသာရေး၊ ကိုယ်ကျင့်တရားနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းပြီးသား ဖြစ်သွားသည်ဟု ဖြေရပါမည်။ လူကြီးသူမတွေ ဆိုဆုံးမမှုကို ဆင်ခြေတက်စရာ မရှိဘူးလားဟုမေးလျှင် ယေဘုယျအားဖြင့် ဆင်ခြေတက်စရာ မရှိပါဟု ဖြေရပါမည်။ ရှေးဆန်လွန်းသည်ဟု ပြောလျှင်လည်း ဟုတ်ပါသည်ဟု အရိုးရှင်းဆုံးဝန်ခံပါမည်။
          လူကြီးသူမတို့ ဆိုဆုံးမသော အဓိကအချက်မှာ လူကြီးသူမကို ရိုသေရမည်။ ရတနာသုံးပါးကို အမြဲဆည်းကပ်ကိုးကွယ်ရမည်၊ ကျောင်းစာကို သေသေချာချာ လေ့လာကျက်မှတ်ရမည်၊ အပေါင်းအသင်း မိတ်ဆွေသတိထားရမည်။ အတုယူမမှားရ စသည်ဖြင့် ဖြစ်ပါသည်။ ဒါဆိုလျှင် ကိုယ်ဘာသာကိုယ် ဆုံဖြတ်တာ မရှိတော့ဘူးလားဟု ဆိုလျှင်ရှိကြပါသည်ဟု ဖြေရမည်။
          ဥပမာတစ်ခု ပြောရလျှင် စာရေးသူ ဆယ်တန်းအောင်စဉ်က ဆေးတက္ကသိုလ်သို့ဝင်ရန် အမှတ်မီပါ သည်။ သို့သော် စာရေးသူ ဆရာဝန်အလုပ်ကို ၀ါသနာမပါခဲ့ပါ။ ၀ါသနာပါသည်မှာ စီးပွားရေးတက္ကသိုလ်သို့ တက်၍စာရင်းကိုင်ဘွဲ့ကို ယူရန်သာ ဖြစ်ပါသည်။ မိဘနှစ်ပါးစလုံးက ဆေးကျောင်းသို့ တက်စေလိုပါသည်။ အစ်ကိုဖြစ်သူ ဆေးကျောင်းသားကလည်း ဆေးကျောင်းသို့ တက်စေလိုပါသည်။ သို့သော် ဤမျှ အရေးကြီးသော ဘ၀တစ်သက်တာအတွက် ဆုံးဖြတ်ချက်ကို စာရေးသူဘာသာ ဆုံးဖြတ်ခွင့် ရခဲ့ပါသည်။ ဆေးကျောင်းသို့ ခုနစ်နှစ်တာ ကျောင်းတက် လေ့လာရမည်မှာ စာရေးသူသာ ဖြစ်သဖြင့် မည်သူမှ ၀ါသနာ မပါဘဲ တက်ရန်မတိုက်တွန်းကြပါ။ တချို့သော မိတ်ဆွေ သူငယ်ချင်းများမှာ လူကြီးမိဘတို့ ဆုံးဖြတ်ချက် ကြောင့် ပညာရေးတစ်ပိုင်းတစ်စနှင့် ဒုက္ခရောက်သည်များ ရှိကြပါသည်။ ဤသို့သော ကိစ္စများတွင်မူ လူကြီး သူမတို့က ဘေးမှာ ထိန်းကျောင်းပေးခြင်းဖြင့် စာရေးသူတို့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဖြင့် ပြုလုပ်ခဲ့ရပါသည်။
          စာရေးသူတို့ ငယ်စဉ်က လူကြီးသူမတို့ ဆိုဆုံးမသော စကားများဖြစ်သည့် ­­­­­­-
          " စကားကျယ်ကျယ် မပြောရ"
          "လူကြီးရှေ့မှ ဖြတ်လျှောက်လျှင် ခေါင်းငုံ့၍ လျှောက်ရမည်"
          "တစ်ခုခုပေးလျှင် လက်နှစ်ဖက်နှင့် ပေးရမည်"
          "လူကြီးသူမထက် မြင့်သောနေရာတွင် မထိုင်ရ"
          "ထမင်းစားစဉ် စကားမပြောရ"
          "ညာလက်နှင့် ဟင်းခတ်သော ဇွန်းကိုမကိုင်ရ"
          "လမ်းလျှောက်လျှင် ခြေသံမမြည်အောင် လျှောက်ရမည်"
          စသည့် အချက်များသည် ယခု အသက် ၄၀ ကျော်လာသည်အထိ ကိုယ်တိုင် လိုက်နာနေဆဲ ဖြစ်ပါသည်။ 'နင်' 'ငါ'  နှင့် တစ်ယောက်ယောက်ကများ ပြောလိုက်လျှင် ရိုင်းလိုက်တာဟု စိတ်ထဲတွင် နာမိသည်အထိ အကျင့်ဖြစ်နေသည်။
          အထက်ပါ လူကြီးသူမတို့ ဆိုဆုံးမသော စကားများကို လိုက်နာနေခြင့်ဖြင့် ကျွန်မတို့၏ လူမျိုး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံကို မပျောက်ပျက်စေသော အလွန်အရေးကြီးသော တာဝန်တစ်ခုကို ကျေပွန်စွာ လုပ်ဆောင်နေသည်ဟု ထင်မိသည်။ ဤအချက်များသည် အခြားလူမျိုးများနှင့် မတူကြသော အချက်များ ဖြစ်သလို အခြားလူမျိုးများက အတုယူရသော အချက်များ ဖြစ်ကြပါသည်။ ဤသို့ ပြောဆိုရခြင်းမှာလည်း အကြောင်းရှိပါသည်။
          စာရေးသူ၏ ခင်ပွန်းသည် ပြင်သစ်နိုင်တွင် သချာင်္ပါရဂူဘွဲ့ ယူရန်အတွက် ပညာတော်သင်အဖြစ် သွားစဉ်က အဖြစ်အပျက်လေးကြောင့် ဖြစ်ပါသည်။ ဖြစ်ပုံမှာ ပါရဂူကျမ်းမပြုမီ ဆရာ ဆရာမများသာ တက်ကြသော ဆွေးနွေပွဲ အတန်များသို့ လို့က်၍  တက်ရပါသည်။ ဆရာ ဆရာမများမှာ ပြင်သစ်လူမျိုးနှင့် အနောက်တိုင်းသားများသာ ဖြစ်ကြပါသည်။ အရှေ့တိုင်းမှဆို၍ စာရေးသူ၏ခင်ပွန်းနှင့် သူ့မိတ်ဆွေဆရာ(၁)ဦး သာပါပါသည်။ ဆရာစ၍ စာသင်နေစဉ် ဆရာ ဆရာမတို့သည် တစ်ယောက်နှင့် တစ်ယောက် တီးတိုးစကား ပြောကြသည်။ ဆေးလိပ်သောက်သည်။ တစ်ယောက်နှင့် တစ်ယောက် ဆေးလိပ်ဗူး၊ မီးခြစ် စသည်တို့ကို ပစ်ပေးလိုက်၊ ပြန်တောင်းလိုက်ကြနှင့် သူတို့၏ ခြေထောက်များကလည်း ထားချင်သလိုထားကြသည်။ ဆရာကလည်း ဘာမှမဖြစ်သလို သင်နေသည်။
          မြန်မာကျောင်းသာ နှစ်ယောက်မှာ ဆရာပြောသမျှကို ရိုရိုသေသေဖြင့်  လိုက်လံမှတ်သားနေ ကြသည်။ စကားလည်း မပြောကြ၊ တုတ်တုတ်မျှ မလှုပ်ကြချေ။ နောက်ပိုင်းတွင် ငြိမ်သက်စွာဖြင့် ပညာသင်ယူနေသော မြန်မာကျောင်းသားနှစ်ယောက်ကို အားကျကာ ဆရာ ဆရာမအားလုံသည် ငြိမ်သက်စွာဖြင့် သင်တန်းတက်ကြလေသည်။ ယဉ်ကျေးမှု မတူသော နေရာတွင် ကိုယ့်မြန်မာ့ ယဉ်ကျေးမှုက လွှမ်မိုးလိုက်နိုင်သည့် အဖြစ်က ဂုဏ်ယူစရာပင် ဖြစ်သည်။
          စာရေးသူတို့ကို လူကြီးသူမတို့ ငယ်စဉ်ကတည်းက ဆုံးမထားကြသည်မှာ ဆရာဆိုသည်မှာ အနန္တောအနန္တငါးပါးတွင် တစ်ပါးအပါအ၀င်း ဖြစ်သည်ဟု၍ ဖြစ်သည်။ ထို့ကြောင့် ရိုသေရမည်၊ လေးစား ရမည်၊ အနန္တော အနန္တငါးပါး ဆိုသည်မှာ ဘုရား၊ တရား သံဃာ၊ မိဘနှင့် ဆရာတို့ဖြစ်သည်။ ဒီတော့ ဘုရားနှင့် တစ်ဂိုဏ်းတည်းဖြစ်သော ဆရာကို မြန်မာကျောင်းသားတွေ ရိုသေကြသည်ကို နိုင်ငံခြားသားတို့ ဘယ်လိုမှ နားမလည်နိုင်ကြပါ။ သို့သော် သူတို့ နားလည်သည်မှာ စာသင်ခန်းထဲတွင် ငြိမ်သက်စွာ စာကိုသင်ယူ နေသော နိုင်ငံခြားကျောင်းသား နှစ်ယောက်ကို ကြည့်ပြီး သူတို့၏ ဆူညံစွာဖြင့် ရိုင်းပြစွာ နေမှုကို ရှက်လာသဖြင့် ငြိမ်သက်စွာ စာသင်ကြခြင်းဖြစ်သည်။
          ယခုခေတ် လူငယ်တွေနှင့် စာရေးသူတို့ ကြီးပြင်းလာရသော ပတ်ဝန်းကျင်ခြင်း မတူကြတော့ပေ။ မိဘချင်းလည်း မတူကြတော့ချေ။ သူတို့လေးတွေကို ဆုံးမရသည်မှာ ဖြည်းဖြည်းလုပ်၊ ဖြည်းဖြည်းစား၊ ဖြည်းဖြည်းလျှောက် ဆိုသည့် စကားဖြစ်သည်။ ထိုစကားကို မိုးလင်းမှာ မိုးချုပ် ပြောနေကြသည်။ သူတို့ကလည် မြန်လိုက်သည်မှာ ဖြည်းဖြည်းဆိုသည့် ဝေါဟာရသည် သူတို့ မလိုက်နာနိုင်သော ဝေါဟာရ ဖြစ်နေသည်။
          စာရေးသူတို့ ငယ်စဉ်က 'လမ်းလျှောက်လျှင် အသံမမြည်စေရ' ဟူသော အချက်ကို လူကြီးတွေက သူတို့ကို ရိုသေစေချင်တာကြောင့် ဒီလိုပြောတာလားဟု ထင်စရာဖြစ်နေသည်။ စာရေးသူတို့မှာ မောင်နှမ ရှစ်ယောက်ရှိရာ ထိုမောင်နှမ ရှစ်ယောက်၏ ခြေသံသည် မည်မျှ ဆူမည်ကို စဉ်းစားသည်နှင့် သိနိုင်ပါသည်။ သို့သော် အထက်ပါ ဆုံးမစကားကြောင့် ဖေဖေတို့ မေမေတို့ ရှိလျှင် ခြေသံမကြားအောင် ခြေဖျားထောက်၍  သွားသည်။ ဖြေးဖြေး လျှောက်သည်။ ကြမ်းကလည်း ပြောင်အောင်တိုက်ထားတော့ မြန်မြန်သွားလျှင် ချော်လဲတော့သည်။ ကိုယ်ကိုယ်တိုင် မိဘဖြစ်လာတော့ ကိုယ်ကလူကြီးဖြစ်ပြီပဲ ခြေသံမြည်အောင်လျှောက် လျှင် ကိစ္စမရှိတော့။ ဒါပေမယ့် ဘယ်လိုမှ မြည်အောင် လျှောက်၍ မရပေ။ တစ်ခါတစ်ခါလည်း ခြေသံမြည် အောင် လျှောက်ချင်သော်လည် မြည်အောင်လုပ်ရတာက တော်တော်ခက်မှန်း လုပ်ကြည့်မှသိလာသည်။
          ဒီလောက်တောင် စည်းကမ်းစနစ်နှင့် ယဉ်ကျေးစွာ နေလာကြသော ကျွန်မတို့၏ သားသမီး များသည် မည်မျှယဉ်ကျေးပြီး စည်းကမ်း ရှိကြမည်ကို စဉ်းစားကြည့်သင့်ပါသည်။
          ကိုယ်ကိုယ်တိုင်က စနစ်ကျနသော စည်ကမ်းဘောင် အတွင်းတွင် နေခဲ့ရသည်။ လူကြီးသူမကို  ရိုသေရသည်။ ယဉ်ကျေးစွာ ပြောဆို နေထိုင်ခဲ့ကြသည်။
          ဤကဲ့သို့ နေထိုင် ကျင့်ကြံ ခဲ့ကြသဖြင့် ယခုလို အသက်အရွယ် ရောက်လာသောအခါ ပညာရေးမှာ လည် သူများထက် အောက်မကျဘဲ တော်ခဲ့သည်။
          အလုပ်အကိုင်လည်း အစစ အဆင်ပြေသည်။ ပေါင်းသင်း ဆက်ဆံရေးများလည်း တန်းတူ ဆက်ဆံနိုင်သည်။
          ဤနည်းအတိုင်း ကိုယ့်ရင်သွေးများကို ထိန်းသိမ်းလိုက်ပါက ကိုယ်ထက်သာလွန်သော လူတော် လူကောင်းများ မရနိုင်ပါသလော။ သူတို့ခေတ်တွင် အတွေးခေါ် အတွေ့အကြုံက အမျိုးစုံ ပြောင်းလဲ တိုးတက်နေတာဆိုတော့ လျှမ်းလျှမ်းတောက် လူတော်လေးတွေ ဖြစ်နိုင်သည် မဟုတ်ပါလား။
          သူတို့ လေးတွေသည် ပညာရှာသည့် အပိုင်းတွင်လည်း စာရေးသူ တို့ခေတ်ထက် ပိုမိုလိုချင် တတ်ကျွမ်းချင်သဖြင့် ပို၍ကြိုးစားကြသည်။ ယှဉ်ပြိုင်မှုကလည်း ပေါများသည်။ သို့သော် စည်ကမ်းပိုင်းတွင်မှု စာရေးသူတို့ ငယ်စဉ်က လိုက်နာကြသော ဆုံးမစကားများကို လိုက်နာဖို့ ခဲယဉ်းကုန်ပါသည်။
          ဤသို့ဆိုလျှင် အထက်တွင် စာရေးသူတို့ အားမိဘတို့ ဆုံးမခဲ့သော စကားများသည် တိမ်မြုပ်သွာပြီ လားဟု ပြောစရာ ဖြစ်လာသည်။ ထိုအဖြေကို အောက်ပါ ဥပမာလေးနှင့် ယှဉ်ပြလျှင် နားလည်ကြမည်ဟု ထင်ပါသည်။
          လမ်းလျှောက်တာနှင့် ဥပမာပေးပါမည်။ သူတို့ကို ဖြည်းဖြည်းလျောက်ပါဟု ပြော၍မရပါဟု စောစောက ပြောခဲ့ပြီးပါပြီး။ သူတို့ကို အသံမမြည်အောင် လမ်းလျှောက်ပို့ ပြောလို့မရပါ။ သူတိုတွင် လုပ်ချင်တာတွေ အလွန်များပါသည်။ သူတို့အတွက် အချိန်သည် တန်ဖိုးမဖြတ်နိုင်သော ပစ္စည်းဖြစ်ပါသည်။ ထို့ကြောင့် မြန်မြန်လျှောက်ရပါမည်။ အသံမမြည်အောင် ဂရုစိုက်နေလျှင် အချိန်ကုန်သွားမှာ နှမြောစရာ ဖြစ်သည်။ ထို့ကြောင့် မြန်မြန်လမ်းလျှောက်ရင်း အသံမြည်သွားသည်။ လူကြီးတွေကို မရိုသေ၍ မဟုတ်ပါ။  
          "ထမင်းစားရင်း စကားမပြောရ" ဤဆုံးမ စကားလည်း မဖြစ်နိုင်ပါ။ သူတို့မှာ ငယ်စဉ်က ကျောင်းစာ နှင့် မအားသလို အလုပ်အကိုင်နှင့် ဖြစ်သွားသောအခါမှာလည်း အလုပ်ကိစ္စ ဗာဟီရနှင့် စကားပြောချိန်မရပါ။ ဒီတော့ မိဘနှင့် သားသမီး စကားပြောရမည့် အချိန်သည် ထမင်းစားချိန် ဖြစ်သည်။ ထမင်းစားချိန်တွင် စကားပြော ကြရသည်။ ထမင်းစားချိန်သည် အိမ်ထောင် တစ်ခု၏ လူစုံအစည်းအဝေး ကျင်းပရာ နေရာဖြစ်ခဲ့သည်။ ဆွေးနွေးတိုင်ပင်နှီးနှောရာ နေရာဖြစ်နေသည်။         
          "တံခါးဖွင့်ပြီး ပြန်ပိတ်ပါ" ဆိုသော ခေတ်မီစကားလေးပင်လျှင် သူတို့မလိုက်နိုင်ပါ။ သူတို့မှာ အလုပ် အလွန်များလွန်းသဖြင့် တံခါးဖွင့်ပြီး ပိတ်ဖို့မေ့တတ်ကြသည်။ ဒီတော့ ရှေးလူကြီးသူမ ဆိုဆုံးမမှုကို ခံယူလာသော စာရေးသူတို့ ဇနီးမောင်နှံက ထိုတာဝန်ကို မညည်းမညူ လုပ်ကြရသည်။
          ဒါတွေအားလုံးဟာ ခေတ်ကြောင့်ပေါ့ဟု ပြောကြပါသည်။ စာရှုသူ စာဖတ်ပရိသတ်ကရော ဒီလိုပဲ ထင်ကြပါသလား။
တက္ကသိုလ်ရွှေရီဝင်း
နိုင်ငံရေးဝတ္ထု၏သဘောတရား ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)
နိုင်ငံရေးဝတ္ထု၏သဘောတရား
ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)
          စာပေနယ်ပယ်တွင် ၀တ္ထုများကို အမျိုးအစားခွဲခြား၍ လေ့လာခြင်းသည် လုပ်ရိုးလုပ်စဉ်တစ်ခု ကဲ့သို့ဖြစ်နေသည်။ ဥပမာ-အချစ်ဝတ္ထု၊ စုံထောက်ဝတ္ထု၊ ဘ၀သရုပ်ဖော်ဝတ္ထု၊ စွန့်စားခန်း၊ စိတ်ပိုင်းဆိုင်ရာ ၀တ္ထု - စသည်ဖြင့်ဖြစ်သည်။ အချို့သောစာပေပညာရှင်များ၊ စာပေဝေဖန်ရေးဆရာများက ဤကဲ့သို့ အမျိုးအစားခွဲခြားခြင်းကို အရေးပါလှသည်ဟုမယူဆပါ။ စာပေရှုထောင့်မှကြည့်လျှင်၊ ဤကဲ့သို့အမျိုးအစား ခွဲခြားထားခြင်းသည် အရေးပါသောခွဲခြမ်းစိတ်ဖြာမှုမဟုတ်ပါ။ ဤကဲ့သို့ အမျိုးအစားခွဲခြားထားခြင်းသည်  ၀တ္ထုတစ်ခုစီ၏ အဓိကအသားပေးသောအရာတစ်ခုကို ဖော်ပြခြင်းမျှသာဖြစ်သည်။ လွယ်ကူအောင်၊ ခေါ်လို့ လွယ်အောင်၊ အမည်တစ်ခုခုတပ်ပေးလိုက်ခြင်းမျှသာဖြစ်သည်ဟု စာပေဆရာ အာဘင်ဟိုး (Irving Hore) က ဟူ၏ ကျမ်းစာအုပ် Politics and the Novel (နိုင်ငံရေးနှင့်ဝတ္ထု) ထဲတွင် သူ၏အယူအဆကို ရေးသားထားသည်။
          ဤဆောင်းပါးတွင် အထူးအလေးပေးလိုသည်မှာ နိုင်ငံရေးဝတ္ထု (political novel) ဖြစ်သည်။ စာပေရှုထောင့်အရ ၀တ္ထုအမျိုးအစားများစွာထဲတွင် နိုင်ငံရေးဝတ္ထုသည် မည်သည့်ဝတ္ထုမျိုးကို ခေါ်သနည်း ဟူသည်နှင့်ပတ်သက်၍ စာရေးဆရာအာဘင်ဟိုးက ဤကဲ့သို့ဖွင့်ဆိုထားသည် - နိုင်ငံရေးဝတ္ထုဟူသည် မှာ ကျွန်တော်(အာဘင်ဟိုး) အနေနှင့် နိုင်ငံရေးဝတ္ထုဟု သတ်မှတ်လိုသောဝတ္ထူမျိုးကိုခေါ်သည်။
          ထိုအဓိပ္ပါယ်၏ သတ်မှတ်ချက်အရဆိုလျှင် မည်သူမဆို မည်သည့်ဝတ္ထုကိုမဆို နိုင်ငံရေးဝတ္ထုဟု သတ်မှတ်နိုင်ခွင့်ရှိသည်။ ၎င်းပြင် ဘယ်အကြောင်းကြောင့် ဘယ်ဝတ္ထုကိုနိုင်ငံရေးဝတ္ထုဟု သတ်မှတ်သည် ဟူသော အကြောင်းပြချက်ကို ပြောစရာမလိုပါ။
          ယင်းအဓိပ္ပါယ် သတ်မှတ်ချက်ကို လက်ခံမည်ဆိုလျှင် နိုင်ငံရေးဝတ္ထုဟူသည် အဘယ်နည်းဟူသည် ကို ဆွေးနွေး၊ အငြင်းပွားရန်မလိုအပ်ပါ။ ဤသို့ဆိုလျှင် ခေါင်းစဉ်တွင် ဖော်ပြထားသော နိုင်ငံရေးဝတ္ထု၏ သဘောတရားသည် ဘာတွေကို ဖော်ပြမည်နည်း? ဤဆောင်းပါး၏ ရည်ရွယ်ချက်မှာ နိုင်ငံရေးနှင့်စာပေတို့ ၏ဆက်သွယ်ချက်ကို ဖော်ပြရန်ဖြစ်သည်။ ဤဆောင်းပါးတွင် သုံးထားသော နိုင်ငံရေးဝတ္ထုဟူသော ဝေါဟာရ၏ အဓိပ္ပါယ်မှာ နိုင်ငံရေးနှင့်စာပေ ဆက်သွယ်ချက်ဟူသော အရာမှာလည်း အမျိုးမျိုးပြောင်းလဲ နေသကဲ့သို့ ဆက်သွယ်နေသော ပမာဏ အသားပေးမှုတို့မှာလည်း တစ်ခုနှင့်တစ်ခုမတူ ပြောင်းလဲနေ သည်။ ဤကဲ့သို့ သဘောတရားသက်သက်တို့ကိုသာ စဉ်းစားတွေးနေမည့်အစား တိကျသော ဥပမာများကို လေ့လာခြင်းက ပိုမိုထိရောက်ပါလိမ့်မည်။ ဤနေရာတွင် ဤစာရေးသူအနေဖြင့် ခေါင်းစဉ်ကို ပင် - ၀တ္ထုထဲမှ နိုင်ငံရေးသဘောတရားများ ဟူ၍ပင် ပြောင်းရမလားလို့ စဉ်းစားနေမိပါသည်။
ဆရာတက္ကသိုလ်ဘုန်းနိုင်၏ - သူ့ကျွန်မခံ၊ ညီမလေးရယ် စိုးရိမ်မိတယ်။ ဒေါ်ခင်မျိုးချစ်၏ အနော်ရ ထာ ၁၃ရတီစိန်ကြီး တို့ကို နိုင်ငံရေးဝတ္ထုဟု သတ်မှတ်၍ ရနိုင်မည်လော။ စောစောကပေးခဲ့သော အဓိပ္ပါယ် သတ်မှတ်ချက်အရ၊ မည်သူမဆို မည်သည့်ဝတ္ထုကို မဆိုနိုင်ငံရေးဝတ္ထုဟုသတ်မှတ်နိုင်သည် ဟူသည်ကို ခဏမေ့ထား၍ ထိုဝတ္ထုများထဲတွင် ပါဝင်သောနိုင်ငံရေးသဘောများကို လေ့လာကြည့်ပါမည်။
သူ့ကျွန်မခံဝတ္ထုသည် ခေါင်းစဉ်ကပင်နိုင်ငံရေးသဘောတရားကို ဖော်ပြထားသည်ကို တွေ့ရ သည်။ မည်သည့်နိုင်ငံရေးအတွေးအခေါ်ကို ဖော်ညွှန်းနေသည်မှာ လည်းရှင်းလင်းနေပါသည်။ ထိုဝတ္ထုမှာ မြန်မာနိုင်ငံတွင် အားလုံးသိထားပြီဖြစ်၍ အထူးပြောစရာမလိုပါ။ ညီမလေးရယ် စိုးရိမ်မိတယ် ၀တ္ထုသည် ခေါင်းစဉ်ကိုကြည့်လိုက်လျှင် နိုင်ငံရေးဝတ္ထုဟု မထင်ရပါ။ သာမန်အချင်ဝတ္ထုဟုသာ ထင်ရပါသည်။ သို့သော်  ထိုဝတ္ထုထဲတွင် 1950နှစ်များက တက္ကသိုလ်ရှိကျောင်းသားသမဂ္ဂများ၊ ပါလီမန်ဒီမိုကရေစီ အကြောင်းတို့များစွာ ပါဝင်သည်ကို တွေ့ရသည်။
အနော်ရထာဝတ္ထုသည် ခေါင်းစဉ်ကို ဖတ်လိုက်လျှင် သမိုင်းနောက်ခံဝတ္ထုဖြစ်လိမ့်မည်ဟု မှန်းနိုင်ပါ သည်။ သို့သော် ထိုဝတ္ထုနှင့်ပတ်သက်၍ သမိုင်းပါရဂူကြိးဒေါက်တာ သန်းထွန်းက သမိုင်းကို ဖော်ထုတ်ရာမှာ တော်တော်ညံ့သည်ဟူ၍ သူ၏ ကိုယ်ရေးအထုပတ္တိ ငါပြောသမျှငါ့အကြောင်း ထဲတွင် ထည့်သွင်းရေးသားသည်ကို ဖတ်ရပါသည်။ ဆရာကြီး မှတ်ချက်ချသည့်အတိုင်းမှန်ကန်ကြောင်းကို ဆရာမကြီးဒေါ်ခင်မျိုးချစ်ကိုယ်တိုင်လည်း ၀န်ခံပါသည်။ သမိုင်း ၀တ္ထုအကြောင်းကို ပြောရင်း၊ ပေါ်ပေါက်လာသောကိစ္စမှာ - သမိုင်းဝတ္ထုများသည် နိုင်ငံရေးဝတ္ထုအမျိုးအစား ထဲ၌ ပါဝင်သလား။ ဟူသော မေးခွန်းဖြစ်သည်။ ဤကိစ္စသည် ယေဘုယျကျလွန်း၍ သီးခြားစဉ်းစားရပါလိမ့် မည်။
အနော်ရထာဝတ္ထုတွင် နိုင်ငံရေးသဘောတရားများပါဝင်သည်ကို တွေ့ရသည်။ ဥပမာ - ကျန်စစ် သားက အနော်ရထာမင်းကြီးကို ပြောသောစကားများကို လေ့လာကြည့်ပါ။ ဤစကားများတွင် - "အရှင်မင်း ကြီး၊ ကျွန်တော်တို့ဟာအလွှာအသီးသီးက လူတွေရဲ့ ယုံကြည်မှုကို ရရှိဖို့လိုပါတယ်။ ကျွန်တော်မျိုးကို ကြည့်ပါ။ ကျွန်တော်မျိုးရဲ့အမိန့်ကို အကြွင်းမဲ့နာခံမည့်တပည့်တွေကို ထားခဲ့ပြီး အရှင်မင်းကြီးနောက်ကို တစ်ဦးတည် လိုက်လာခဲ့တယ်။ “ဟုတ်လား" ဒါဟာ အရှင်မင်းကြီးအပေါ်ကို ယုံကြည်မှုရှိတာကို ပြသတာ ပဲမဟုတ်ပါလား။ “လူတွေရဲ့ ယုံကြည်မှုကို ရရှိဖို့ သူတို့ရဲ့ဘ၀တွေ အတွေးအခေါ်တွေ မျှော်လင့်ချက်တွေ၊ စိုးရိမ်မှုတွေကို နားလည်အောင် လုပ်ရမယ်။ တကယ်အရည်အချင်းရှိတဲ့လူတွေကို နိုင်ငံအကျိုးအတွက် အသုံးပြုတတ်ရမယ်။" ဟူ၍ရေးသားဖော်ပြထားသည်။ ဤသည်ကား အနော်ရထာဝတ္ထုထဲရှိ နိုင်ငံရေး သဘောတစ်ခုတည်းကို နမူနာထုတ်ယူ၍ ပြသခြင်းဖြစ်ပါသည်။
၁၃ရတီစိန်ကြီးဝတ္ထုကို ခေါင်းစဉ်ဖတ်လိုက်ရုံဖြင့် နိုင်ငံရေးဝတ္ထုဟု မည်သူကမှ ယူဆမည်မဟုတ်ပါ။ ၀တ္ထုကို အစအဆုံးဖတ်လျှင်လည်း၊ နိုင်ငံရေးဝတ္ထုအမျိုးအစားထဲတွင် ထည့်မည်မဟုတ်ပါ။ ထိုဝတ္ထုနှင့် နိုင်ငံ ရေးဆက်စပ်ပုံမှာ နောက်ခံအနေဖြင့် ယူထားသောခေတ်သည် မြန်မာနိုင်ငံ ဂျပန်ခေတ်ကာလဖြစ်ခြင်းနှင့် တကယ့် အဖြစ်အပျက်ဖြစ်ခြင်းဖြစ်သည်။ ဇာတ်လမ်းမှာ ဂျပန်ခေတ်တွင် ပွဲစားများကောင်းစားသည့်အချိန် က ၁၃ရတီစိန်ကြီးကို ၀ယ်လိုက်လိုသူဘက်က ပွဲစားများနှင့် ရောင်းလိုသူဘက်ကပွဲစားများတွေ့ဆုံကြပြီး၊ ၁၃ရတီစိန်ကြီးကို ရှာကြရာတွင် နောက်ဆုံးတွင် ထိုစိန်ကြီးမှာလည်း ဘယ်နေမှန်းမသိ ရောင်းလိုသူနှင့် ၀ယ်လိုသူတို့သည်လည်း ဘယ်သူမှန်းမသိဘဲပြီးဆုံးသွားသည်။ ဒါနိုင်ငံရေးဝတ္ထုမှမဟုတ်ဘဲ - ဟု စာဖတ်သူကတွေးမည်ဆိုလျှင် မှန်ပါသည်။
ထိုနည်းတူစွာ သမိုင်းနောက်ခံဝတ္ထုများဖြစ်ကြသော လီယိုတော်စတွိုင် (Leo Tolstoy) ၏ Wat and Peace (အချစ်နှင့်ငြိမ်းချမ်းရေး) နှင့် မာဂရက်မစ်ခြယ် (Margaret Mitchell) ၏ Gone With the Wind (လေရှုးသုန်သုန်) ၀တ္ထုများကိုလည်း နိုင်ငံရေးရှုထောင့်မှကြည့်နိုင်ပါသည်။
ယခုဆောင်းပါးသည် အာဘင်ဟိုး၏ Politics and the Novelမှ ကော်နုတ်၍ ဘာသာပြန်ခြင်းဖြစ် ပါသည်။ သို့သော်လည်း ဥပမာ များကို ပေးရာတွင် မြန်မာလူမျိုးများနှင့်ပို၍ ရင်းနှီးမည့် ဥပမာများကို ထည့် သွင်းပေးထားပါသည်။
ကျမ်းကိုး
Irving Howe : Politics and the Novel …
The Idea of the Political Novel …
ဒေါက်တာသန်းထွန်း - ငါပြောသမျှ ငါ့အကြောင်း
Sunday, April 6, 2014
၁၉၆၅-၁၉၈၅ ရန်ကုန်တက္ကသိုလ် ဒေါက်တာခင်မောင်ဝင်း(သချာင်္)
၁၉၆၅-၁၉၈၅ ရန်ကုန်တက္ကသိုလ်(ပြင်ပြီး)
 ဒေါက်တာခင်မောင်ဝင်း(သချာင်္)
အတွေးအမြင် အမှတ် ၁၂၄ မတ် ၁၉၉၇
၁၉၆၅ ခုနှစ်သည် ယခုအထိကျင့်သုံးနေသော တက္ကသိုလ်ပညာရေး၏ ဒုတိယမြောက်နှစ်ဖြစ်သည်။ ၀ိဇ္ဇာ နှင့် သိပံÜဘာသာရပ်များကို သင်ကြားသောတက္ကသိုလ်၊ ကောလိပ်များတွင် ကျင့်သုံးသော အဓိက ဘာသာစနစ်(ယခု အခေါ်အဝေါ် အထူးပြုဘာသာစနစ်) နှင့် အားလုံးနီးပါး တူညီသော်လည်း ထိုအချိန်က ရှိခဲ့ပြီး ယခုကွယ်ပျောက်သွားသော စနစ်နှစ်ခုရှိသည်။ ၄င်းတို့မှာ ဘာသာရပ်အားလုံးကို မြန်မာဘာသာဖြင့် သင်ကြားသောစနစ်နှင့် အမှတ်ပေးသောစနစ်တွင် အမှတ်တစ်ရာအစား အဆင့်မှတ် (၁)မှ(၅) (grade 1,2,3,4,5) ပေးသောစနစ်ဖြစ်သည်။ ထိုစနစ်နှစ်ခုစလုံးသည် ယခုအခါတွင် မရှိတော့သော်လည်း သမိုင်း အရ မှတ်တမ်းကျန်ရစ်စေရန် ယခင်ကပညာရှင်များသည် မည်ကဲ့သို့သော စေတနာဖြင့် ပြုလုပ်ခဲ့သည်၊ အကယ်၍အမှားများရှိခဲ့လျှင်လည်း ကောင်းသောစေတနာဖြင့်သာ မှားခဲ့ခြင်းဖြစ်သည်ကို သင်ခန်းစာယူနိုင် ရန် ဤဆောင်းပါးတွင် ဖော်ပြခြင်းဖြစ်ပါသည်။
ရှေးဦးစွာမြန်မာဘာသာဖြင့် သင်ကြားသောစနစ် အကောင်အထည်ဖော်ခဲ့ပုံကို ဖော်ပြပါမည်။
ဘာသာရပ်များကို မြန်မာဘာသာဖြင့် အဘယ်ကြောင့် သင်ရန် ဆုံးဖြတ်ခဲ့ကြသနည်း။ အဓိက အကြောင်းမှာ အချို့သော သိပံÜကျောင်းသားများသည် အင်္ဂလိပ်ဘာသာစကားကို မတတ်ကျွမ်းမှုကြောင့် သိပံÜဘာသာရပ်များကို အတွေးအခေါ်ရှိပါလျက်ဖြင့် မလိုက်နိုင်ဖြစ်ခြင်းကို ကာကွယ်ရန်ဖြစ်သည်။ (သို့ သော် တကယ့်လက်တွေ့တွင် မြန်မာဘာသာဖြင့် သင်ကြားခြင်းဖြင့် သိပံÜဘာသာရပ်ကို ပို၍တတ်မလာဘဲ အင်္ဂလိပ်စာညံ့သူများသာ ပေါ်ပေါက်လာသဖြင့် ၁၉၈၅ခုနှစ် နောက်ပိုင်းတွင် ထိုစနစ်ကွယ်ပျောက်သွားခြင်း ဖြစ်သည်။)
သိပံÜဘာသာရပ်များကို မြန်မာဘာသာဖြင့် သင်ကြားရန် ပြင်ဆင်ကြသည့်အခါတွင် ရှေးဦးစွာ လုပ်ကိုင်ဆောင်ရွက်ရသော အလုပ်မှာ သိပံÜဝေါဟာရမျာကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ဘာသာ ပြန်ရသော အလုပ်ဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ပညာရှင်များ ဆွေးနွေးတိုင်ပင်ကြသောအခါ ဆန့်ကျင်ဘက်အမြင်နှစ်ခု ဖြစ်ပေါ်လာသည်။
ပညာရှင်အချို့က ဝေါဟာရအားလုံးကို မြန်မာဝေါဟာရများဖြစ်အောင် ပြောင်းသင့်သည်ဟု ယူဆကြ သည်။ သို့မှာသာလျှင် မြန်မာလို သင်ကြားခြင်း၏ ရည်ရွယ်ချက် အထမြောက်မည်ဟု ဆိုကြသည်။
သို့သော် အခြားပညာရှင်အုပ်စုတစ်စုက ထိုယူဆချက်ကို သဘောမတူကြချေ။ သူတို့က ဘာသာရပ်ဆိုင်ရာဝေါဟာရမျာကို မြန်မာမှုမပြုဘဲ အသံဖလှယ်ခြင်းသာ ပြုလုပ်သင့်သည်ဟူသော အမြင်ရှိ ကြသည်။
ထိုအမြင်နှစ်ခုစလုံးသည် သူ့ဘက်က သူမှန်နေကြပါသည်။ စာဖတ်သူအနေနှင့်လည်း ဝေဖန် ပိုင်းခြားကြည့်နိုင်ရန် တစ်ခုစီကို ယထာဘူတကျကျ ပြန်လည်ဖော်ပြပါမည်။
ဝေါဟာရအားလုံးကို မြန်မာမှုပြုသင့်သည်ဟု ယူဆသောပညာရှင်များသည် သူတို့၏ယူဆချက် အတိုင်း စကားလုံးတိုင်းကို မြန်မာလို ပြန်ဆိုရန် ကြိုးစားကြသည်။ ဥပမာအားဖြင့် ဖော်ပြရသော်-
point                   =   အမှတ်
plane                  =   ပြင်ညီ
straight line           =   မျဉ်းဖြောင့်
variable               =   ကိန်းရှင်
constant              =   ကိန်းသေ
equation              =   ညီမျှခြင်း
integer                =   ကိန်းပြည့်
counting number   =   ရေတွက်ကိန်း
set                     =   အစု
element               =   အစုဝင်
convex                =   ခုံးသော
linear                   =   အဖြောင့်
radius                  =   အချင်းဝက်
centre                 =   ဗဟို
differentiate          =   အလိုက်ပြောင်းသည်
integrate              =   သမူဟ
curve                  =   မျဉ်းကွေး
          အချို့သော ဝေါဟာရများသည် အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာဖြစ်သွားရုံဖြင့် အဓိပ္ပါယ်ရှင်းသွား သော်လည်း အချို့ကိုမူ အဓိပ္ပါယ်ထပ်မံ၍ဖွင့်ဆိုရန် လိုအပ်သည်။ ဥပမာ point (အမှတ်)၊ plane (ပြင်ညီ)၊ straight line (မျဉ်းဖြောင့်) ဟူသော ဝေါဟာရများသည် မြန်မာစကားလုံးပြောင်းလိုက်ရုံဖြင့် အဓိပ္ပါယ်ရှင်း သွားသော်လည်း set (အစု) နှင့် element (အစုဝင်) ဟူသော ဝေါဟာရမျာကို အောက်ပါအတိုင်း အဓိပ္ပါယ် ဖွင့်ဆိုလိုက်သောအခါမှသာ အဓိပ္ပါယ်ပိုမိုရှင်းသွားလေသည် -
          အစုဟူသည်ကား အရာဝတ္ထုများ စုထားခြင်းကို ဆိုလိုသည်။ အစုတစ်စုတည်းတွင် ပါဝင်နေသော အရာဝတ္ထုများကို ယင်းအစု၏အစုဝင်များဟု ခေါ်၏။ ဥပမာ-ဧရာဝတီတိုင်းအတွင်းရှိ မြို့များကို စုထားသော အစုကို စဉ်းစားကြည့်ပါ။ ထိုအခါ ပုသိမ်၊ မြောင်းမြ၊ ၀ါးခယ်မ စသောမြို့များသည် ယင်းအစု၏ အစုဝင်များ ဖြစ်ကြသည်။ နောက်ထပ် ဥပမာတစ်ခု - မြန်မာနိုင်ငံရှိ ရုပ်ရှင်သရုပ်ဆောင်များပါဝင်သော အစုတွင် ကျော်သူ၊ စိုးသူ၊ မို့မို့မြင့်အောင်၊ ရန်အောင်၊ မေဆွိစသည်တို့သည် ယင်းအစု၏ အစုဝင်များဖြစ်ကြသည်။
          ဤသည်ကား ဝေါဟာရအားလုံးကို မြန်မာမှုပြုသင့်သည်ဟု ယူဆသော ပညာရှင်များ၏ လုပ်ဆောင်ချက်အချို့မျှသာဖြစ်ပါသည်။
သို့သော် ထိုအယူအဆကို ဆန့်ကျင်သော ပညာရှင်များကမူ ဝေါဟာရများအား မြန်မာဘာသာဖြင့် ပြန်ဆိုခြင်းကို သဘောမတူကြချေ။ အင်္ဂလိပ်စကားလုံးကို အသံဖလှယ်ခြင်းကိုသာ အားပေးကြသည်။ သူတို့၏အကြောင်းပြချက်မှာ အသံဖလှယ်လိုက်ခြင်းဖြင့် မြန်မာဘာသာစကားတွင် စကားလုံးသစ်များ တိုးလာပြီး မြန်မာဘာသာသည် စကားလုံးများ ပိုမို၍ ကြွယ်ဝလာမည်ဟူ၍ဖြစ်သည်။ အင်္ဂလိပ်ဘာသာသည်ပင်လျှင် Greek, Latin မှ ဆင်းသက်လာသော စကားလုံးများကြောင့် ကြွယ်ဝလာခြင်းဖြစ်သည်။ မြန်မာစကားသည် လည်း ပါဠိ၊ ပေါရာဏစသော စကားလုံးများကို ဖလှယ်ထားခြင်းကြောင့် ယခုလို ကြွယ်ဝနေဖြင်းဖြစ်သည်။ မြန်မာစကားတွင် တွင်ကျယ်စွာသုံးနေသောစကားလုံးများဖြစ်သည့် ရေဒီယို၊ မော်တော်ကား၊ ကော်ဖီ၊ ကင်မရာ၊ ကွန်ပျူတာတို့သည်လည်း အင်္ဂလိပ်စကားလုံးများကို ဖလှယ်ထားခြင်းဖြစ်သည်ဟု ဆိုကြပြန် သည်။
အထူးသဖြင့် သင်္ချာဝေါဟာရများကို မြန်မာဘာသာသို့ ပြန်ဆိုခြင်းသည် အဓိပ္ပါယ်ကို ပိုမို၍ လွဲမှား နိုင်ကြောင်းကို ဥပမာများဖြင့် ပြောကြသည်။
Convex ဟူသော ဝေါဟာရကို ခုံးသောဟု မြန်မာလို ပြန်လိုက်သောအခါ အင်္ဂလိပ်စာအဓိပ္ပါယ် အနေဖြင့် မှန်ကန်သော်လည်း သင်္ချာရှုထောင့်မှကြည့်လျှင် တိကျမှုမရှိကြောင်း တွေ့ရသည်။ ခုံးသော ဟူသောဝေါဟာရကြောင့် စာသင်သားအနေဖြင့် ခုံးနေသောအရာဝတ္ထုများကိုသာ မြင်မိမှာသေချာနေသည်။ သို့သော်သင်္ချာတွင် မျဉ်းဖြောင့်များ၊ ပြင်ညီများသည်ပင်လျှင် ခုံးသောအရာဝတ္ထုများ၊ (convex set = အစုခုံး) များဖြစ်နေသည်ကို တွေ့ရသည်။ ထို့ကြောင့်ခုံးသောဟူသော ဝေါဟာရသည် မပြည့်စုံမတိကျ ကြောင်း တွေ့ရသဖြင့် ခုံးသောဟုမပြန်ဆိုသင့်၊ အသံဖလှယ်၍ ကွန်ဘက်ဟုသာ ခေါ်သင့်ကြောင်းကို ပြောကြသည်။
ထိုအခါခုံးသောဟု ပြန်ဆိုထားသူများဘက်ကလည်း ဤသို့ပြန်ဖြေသည်။
အင်္ဂလိပ်ဝေါဟာရ convex ၏ အဓိပ္ပါယ်ကို အဘိဓာန်တွင် ဤကဲ့သို့အဓိပ္ပါယ်ပေးသည်။
Convex = rising on the exterior surface into a round form.
ဆိုလိုသည်မှာ မျက်နှာပြင်သည် မောက်လာပြီး ၀ိုင်းသွားသည့် ပုံသဏ္ဍာန်ဖြစ်သည်ဟု ဆိုလိုသည်။ တစ်နည်းဆိုသော် ခုံးသည်ဟုအဓိပ္ပါယ်ရသည်။
သင်္ချာတွင် ထိုဝေါဟာရကိုယူ၍ သုံးသောအခါ သင်္ချာအဓိပ္ပါယ်သည် သာမန်အဓိပ္ပါယ်နှင့် ကွဲပြား သည့်နေရာများရှိသော်လည်း စကားလုံးမှာ အင်္ဂလိပ်စကားလုံးဖြစ်၍ ၄င်း၏အဓိပ္ပါယ်သည် သာမန်အင်္ဂလိပ် စကားလုံး၏ အဓိပ္ပါယ်သာလျှင် ရှိမည်ဖြစ်သည်။ ထိုစကားလုံးကို သင်္ချာနည်းဖြင့် အဓိပ္ပါယ်ဖွင့်လိုက် သောအခါ သာမန်အဓိပ္ပါယ်နှင့် ကွဲပြားချက်များကို တွေ့ရမည်ဖြစ်သည်။ ယင်းကွဲပြားမှုသည် ပင်ကို ဝေါဟာရ၌ပင် ရှိထားပြီးဖြစ်သဖြင့် မြန်မာမှုပြုခြင်းကြောင့် ဖြစ်ပေါ်လာသော အမှားမဟုတ်ကြောင်းကို ထောက်ပြကြလေသည်။
ဤသို့ဖြင့် ၁၉၆၅ခုနှစ်အတွင်းနှင့် ၄င်းနောက်ပိုင်းတွင် ပါမောက္ခများ၊ ကထိကများ၊ ဘာသာရပ် ကျွမ်းကျင်သူများ၊ မြန်မာစာဆရာများသည် နေ့စဉ်အစည်းအဝေးပြုလုပ်၍ စကားလုံးတစ်လုံးစီကို ဆွေးနွေး ကြသည်။ အချို့သောနေ့များတွင် နံနက်မှ ညနေအထိ တစ်နေကုန်ဆွေးနွေးကြပြီး စကားလုံးဆယ်လုံး လောက်သာ ပြီးစီးသောနေ့များလည်း ရှိကြပါသည်။
စကားလုံးအားလုံးကို မြန်မာမှုပြုလိုသော အုပ်စုနှင့်အားလုံးကို အသံဖလှယ်လိုသော အုပ်စုသည် လည်း ဆက်လက်၍ အငြင်းပွားနေကြသည်။ မည်သူဘက်ကမှ အပြတ်အသတ်အနိုင်မရရှိပါ။ အချို့သော စကားလုံးများကို မြန်မှာုပြုပြီး အချို့ကို အသံဖလှယ်ခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။
ဥပမာ convex ကို ခုံးသော၊ linear ကို အဖြောင့်ဟု မြန်မာမှုပြုသကဲ့သို့၊ vector ကို ဗက်တာ၊ topology ကို တော်ပေါ်လော်ဂျီဟု အသံဖလှယ်သောနည်းကို သုံးကြသည်။ သို့သော်အချို့သော စကားလုံးများဖြစ်ကြသည့် differentiate ကို မြန်မာလို အလိုက်ပြောင်းနှင့် အသံဖလှယ်သောနည်း ဒစ်ဖရမ် ရှိတ်နှစ်မျိုးစလုံးကို လက်ခံကြသည်။ Intergrate ဟူသော ဝေါဟာရကိုလည်း မြန်မာလို သမူဟနှင့် အသံ ဖလှယ်သော အင်တီဂရိတ် နှစ်မျိုးစလုံးကို လက်ခံခဲ့ကြသည်။
ထိုအချိန်က ရန်ကုန်တက္ကသိုလ် ဘာသာရပ်ဌာနများမှာ ပညာရှင်များနှင့် ဘာသာပြန်ဌာနတို့ ပူးပေါင်း၍ မြန်မာဘာသာဖြင့် ပြန်ဆိုထားသော စာအုပ်များလည်း ထွက်ပေါ်ခဲ့ပါသည်။ အင်္ဂလိပ် ဘာသာမှ မြန်မာဘာသာသို့ပြန်ဆိုရာတွင် တွေ့ကြုံရသော အတွေ့အကြုံများနှင့် ပတ်သက်၍ သင်္ချာဌာနမှ ဆရာ တစ်ဦးနှင့် သင်္ချာလုံးဝမတတ်သော ဘာသာပြန်ဌာနမှ စာတည်းတစ်ဦးတို့ ဆွေးနွေးချက်တစ်ခုကို ဖော်ပြ ပါမည်။
စာတည်း    - ဆရာဒီမှာရေးထားတဲ့ စာလုံးနှစ်လုံးနဲ့  ပတ်သက်လို့ ကျွန်တော်မေးချင်ပါတယ်။ 'ကိန်းစစ်ရှင်' နဲ့ 'ကိန်းထွေရှင်' ဆိုတာ ဘာကိုဆိုလိုပါသလဲ။ အင်္ဂလိပ်လိုတော့ 'real variable' နဲ့ 'complex variable' လို့ ဆိုထားပါတယ်။
သင်္ချာဆရာ - ဒါက ဒီလိုပါ။ သင်္ချာမှာ တန်ဖိုးအမျိုးမျိုးပြောင်းနေတဲ့ ကိန်းတွေကိ ကိန်းရှင်(variable) လို့ ခေါ်ပါတယ်။ ကိန်းတွေထဲမှာ နှစ်မျိုးနှစ်စားရှိပါတယ်။ တစ်မျိုးက ကိန်းစစ် (real number)၊ နောက်တစ်မျိုးက ကိန်းထွေ (complex number) ဖြစ်တယ်။ အဲဒီထဲမှာ အမျိုးမျိုးပြောင်းနေ တဲ့ ကိန်းစစ်ကျတော့ real variable လို့ခေါ်ပြီး အမျိုးမျိုးပြောင်းနေတဲ့ကိန်းတွေကျတော့ complex variable လို့ခေါ်တာဖြစ်ပါတယ်။
စာတည်း    - ကိန်းစစ်နဲ့ ကိန်းထွေဆိုတာ ဘယ်လိုဟာမျိုးကို ခေါ်တာပါလဲ။
သင်္ချာဆရာ - ကိန်းစစ်ဆိုတာက ကျွန်တော်တို့သာမန်တွေ့နေကျ ကိန်းဂဏန်းတွေဖြစ်ပါတယ်။ ကိန်းထွေ ဆိုတာက ကိန်းစစ်နဲ့ကိန်းယောင် (imaginary number) ပေါင်းထားတာ ဖြစ်ပါတယ်။
စာတည်း    - ကိန်းယောင်ဆိုတာက တကယ်မရှိဘူးလို့ ဆိုလိုတာလား။ imaginary ဆိုတာက တကယ်မရှိ၊ စိတ်ကူးထဲပဲရှိတာကိုပြောတာလို့ ကျွန်တော်တို့နားလည်ထားပါတယ်။ ဘယ်လိုကိန်းထွေကို ဆိုလိုတာလဲ။
သင်္ချာဆရာ - ဥပမာပြောရရင် အနှုတ်တစ်ရဲ့ နှစ်ထပ်ကိန်းရင်း၊ အနှုတ်လေးရဲ့ နှစ်ထပ်ကိန်းရင်းလိုဟာမျိုး ကို ပြောတာပါ။
စာတည်း    - ထားပါတော့လေ။ ဒီတော့'ကိန်းစစ်ရှင်' ဆိုတော့ ကိန်းစစ်တွေကို ကိန်းရှင်ဖြစ်နေတဲ့သဘော၊ 'ကိန်းထွေရှင်' ဆိုတာကလဲ ကိန်းထွေတွေက ကိန်းရှင်ဖြစ်နေတဲ့သဘောပြောတာပေါ့။ ကျွန်တော်မေးချင်တာက ဒီလိုမဟုတ်လဲ ကိန်းရှင်တွေက ကိန်းစစ်ဖြစ်နေတာကိန်းရှင်တွေက ကိန်းထွေဖြစ်နေတာကော မဖြစ်နိုင်ဘူးလား။ ဒီလိုစဉ်းစားရင်'ကိန်းရှင်စစ်'၊ 'ကိန်းရှင်ထွေ'လို့ ပြောရင်ကောမရဘူးလား။
သင်္ချာဆရာ - ကိန်းရှင်စစ်ဆိုတာတော့ နားထောင်လို့မဆိုးပါဘူး။ ဒါပေမယ့် ကိန်းရှင်ထွေကျတော့ နားထောင်ရတာ မြန်မာမဆန်သလိုပဲ။
စာတည်း    - ဒါကတော့ ကျွန်တော်တို့စာတည်းအဖွဲ့က စဉ်းစားရမှာပါ။ ဒါပေမယ့်ဆရာတို့ဘက်က ဘယ်လိုအဓိပ္ပါယ်နဲ့ သုံးထားသလဲဆိုတာ ကျွန်တော်တို့က သိဖို့လိုပါတယ်။ ဒီမှာဆိုရင် ကိန်းရှင်က အဓိကလား၊ ဒါမှမဟုတ် ကိန်းစစ်နဲ့ကိန်းထွေ ကွာခြားချက်က အဓိကလား။ ဒါကိုဆရာတို့ဘက်က ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဒါကို သိတော့မှ ကျွန်တော်တို့စာတည်း အဖွဲ့က သင့်တော်တဲ့ ဝေါဟာရကို အကြံပြုဖို့ဖြစ်ပါတယ်။
          ဤသည်ကား ဝေါဟာရနှစ်လုံးလောက်အပေါ်တွင် ဖြစ်ပေါ်တတ်သောဆွေးနွေးချက်တစ်ခု၏ ထုတ်ဖော်ပြခြင်းဖြစ်ပါသည်။
ဤကဲ့သို့အကြိမ်ကြိမ်ဆွေးနွေးပြီးဝေါဟာရများကို ဘာသာပြန်ဆိုခြင်း၊ စာအုပ်များကို ဘာသာပြန် ဆိုခြင်းတို့ကို ပြုလုပ်ခဲ့ကြရပါသည်။
Relation နှင့် Function ဟူသော ဝေါဟာရနှစ်လုံးကို ဘာသာပြန်ဆိုကြရာတွင်လည်း သင်္ချာဆရာ နှင့် ဘာသာပြန်ဌာနမှစာတည်းတို့ ဆွေးနွေးခဲ့ကြပုံကို စိတ်ဝင်စားစရာဖြစ်သည်။
စာတည်း    - ဆရာရဲ့စာမူထဲမှာ Relation နဲ့ Function ကို မြန်မာအသံထွက်နဲ့ပဲ အသံဖလှယ်ထားတာ တွေ့တယ်။ ဒါက ဆရာ့အနေနဲ့အသံဖလှယ်တဲ့ စနစ်ကိုပဲ သုံးချင်လို့လား၊ ဒါမှမဟုတ် မြန်မာဝေါဟာရရှာလို့ မတွေ့လို့လား။
သင်္ချာဆရာ - ကျွန်တော်ကဖြစ်နိုင်ရင် မြန်မာဝေါဟာရ ပြောင်းချင်ပါတယ်။ ဒါပေမယ့်ရှာမရလို့ပါ။
စာတည်း    - ဒီလိုဆိုရင် ဆရာက ကျွန်တော့်ကို အဲဒီဝေါဟာရတွေရဲ့ သင်္ချာအဓိပ္ပါယ်ကို ရှင်းပြ။ ကျွန်တော်က မြန်မာဝေါဟာရကို စဉ်းစားပေးမယ်။
သင်္ချာဆရာ - ကောင်းပါပြီ။ Relation ဆိုတာက အစုနှစ်ခုထဲက အရာဝတ္ထုတွေကို တွဲတဲ့နည်းတွေကို ခေါ်တာဖြစ်ပါတယ်။ အဲဒီလိုတွဲရာမှာ ဘယ်ဘက်က အရာဝတ္ထုတစ်ခု ယူလိုက်တဲ့အခါ ညာဘက်မှာ သူနဲ့တွဲတာမျိုးရှိချင်ရှိမယ်၊ ရှိရင်လဲတစ်ခု သို့မဟုတ် တစ်ခုမကရှိနိုင်တယ်။
စာတည်း    - ဒီလိုဆိုရင် Relation ကို တွဲနည်းလို့ ဘာသာပြန်ရင်မရဘူးလား။
သင်္ချာဆရာ - တွဲနည်းဆိုတာက Combination ဆိုတဲ့ စကားလုံးကို ဘာသာပြန်ထားတာဖြစ်လို့ ဒီမှာတော့အဲဒါကိုထပ်သုံးလို့ မဖြစ်နိုင်ဘူး။
စာတည်း    - ဒီလိုဆိုရင် Combination ဆိုတဲ့ တွဲနည်းနဲ့ Relation ဘာကွာသလဲ။
သင်္ချာဆရာ - Combination ဆိုတဲ့ တွဲနည်းက အရာဝတ္ထုတွေ အများချည်းထဲက ကြိုက်သလောက်ယူပြီး တွဲတာကိုခေါ်တယ်။ ဥပမာ-ဆယ်ခုရှိတဲ့ အထဲက သုံးခု သို့မဟုတ် လေးခု၊ ငါးခုစသည်ဖြင့် တွဲတာကိုခေါ်တယ်။ Relation ကျတော့ အစုနှစ်ခုရှိတဲ့အနက် အစုတစ်စုစီထဲက တစ်ခုချင်း ယူပြီး တွဲတဲ့ စုံတွဲတွေကို ခေါ်တာဖြစ်တယ်။ ဥပမာ ယောက်ျားတွေပါတဲ့ အစုတစ်စုနဲ့ မိန်းမတွေပါတဲ့ အစုတစ်စုရှိရင် အဲဒီထဲက ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် တွဲနိုင်တဲ့တွဲနည်းတွေဖြစ်တယ်။ တစ်နည်းဆိုရရင် ဟိုဘက်နဲ့ဒီဘက်ဆက်သွယ်တဲ့ သဘော ပေါ့ဗျာ။
စာတည်း    - ဒါဆိုရင်ဆရာပြောတဲ့ အဓိပ္ပါယ်အရ ဆက်သွယ်ချက်လို့ခေါ်ရင် မရဘူးလား။
သင်္ချာဆရာ - ရပါတယ်။ အခုလောလောဆယ် ဒါကိုခဏလက်ခံထားပြီး Function ကို စဉ်းစားပေးပါဦး။ Function ကျတော့ အဲဒီဆက်သွယ်ချက်တွေထဲမှာ ဘယ်ဘက်က အရာဝတ္ထုတစ်ခုဟာ ညာဘက်က အရာဝတ္ထုတစ်ခုနဲ့ပဲ တွဲခွင့်ရှိတယ်။
စာတည်း    - ဆရာပြောချင်တာက ဆက်သွယ်ချက်ဆိုတာမှာ ဘယ်ဘက်ကအရာဝတ္ထုတစ်ခုဟာ ညာ ဘက်ကအရာဝတ္ထုတွေ အများကြီးနဲ့ တွဲလို့ရတယ်။
သင်္ချာဆရာ - ဟုတ်တယ်၊ လုံးဝမတွဲဘဲလဲ ဖြစ်နိုင်သေးတယ်။ Function မှာကျတော့ အရာဝတ္ထုတစ်ခု တည်းနဲ့ တွဲရတယ်။ လုံးဝမတွဲဘဲလဲ မဖြစ်စေရဘူး။
စာတည်း    - ဘယ်အရာဝတ္ထုနဲ့ တွဲရမယ်ဆိုတာကိုကော သတ်မှတ်ထားသလား။
သင်္ချာဆရာ - သတ်မှတ်ချက်ရှိတာပေါ့။
စာတည်း    - ဘယ်လိုသတ်မှတ်ထားသလဲ။
သင်္ချာဆရာ - ဒါကတော့ အဲဒီ Function ရဲ့ အဓိပ္ပါယ်သတ်မှတ်တဲ့အပေါ်မှီနေတာပဲ။ အဓိပ္ပါယ်သတ်မှတ် ချက် တစ်မျိုးမှာ တွဲနည်းတစ်မျိုးပေါ့။
စာတည်း    - အဲဒီဆက်သွယ်ချက်ဟာ အဓိပ္ပါယ်သတ်မှတ်တဲ့အပေါ် မှီနေတော့ကာ မှီချက်လို့ ဘာသာ ပြန်ရင်မရဘူးလား။
သင်္ချာဆရာ - မြန်မာအဘိဓာန်ထဲမှာ မှီချက်ဆိုတဲ့ စကားလုံးရှိလို့လား။
စာတည်း    - ရှိတော့မရှိဘူး။ ဒါပေမယ့် အခုလိုပညာရပ်နဲ့ ပတ်သက်လာရင် အချို့ဝေါဟာရတွေကို ထွင်ရတာပေါ့ဗျာ။ မြန်မာစာပါရဂူတွေက ဘာပြောမလဲတော့မသိဘူး။
          ဤဆွေးနွေးချက်များအရ နောင်လာနောက်သားများ သိစေလိုသည်မှာ ထိုအချိန်က ဘာသာရပ် ဆိုင်ရာ ပညာရှင်များနှင့် ဘာသာပြန်ဌာနမှ စာတည်းများသည် မည်မျှအချိန်ကုန်၊ လူပင်ပန်းခံ၍ ကြိုးပမ်း ခဲ့ကြသည်ဟူသောအချက်ဖြစ်သည်။
မြန်မာဘာသာဖြင့် ပညာရပ်အားလုံးကို သင်ကြားသောစနစ်သည် ၁၉၈၆ခုနှစ်နောက်ပိုင်း ဆယ်တန်းကို GCE O Level အဆင့်သတ်မှတ်၍ သင်ရိုးများပြောင်းလဲ ပြီးတက္ကသိုလ်၊ ကောလိပ်များတွင် လည်း လိုက်လံပြောင်းလဲသောအခါတွင် ကွယ်ပျောက်သွားသည်။ သို့သော် ထိုစနစ်ကို အကောင်အထည် ဖော်စဉ်က ပညာရှင်များသည် စေတနာရှေ့ထား၍ မည်မျှကြိုးပမ်းခဲ့ကြသည်ကို သိစေလို၍ သမိုင်းမှတ်တမ်း သဖွယ် ဤအကြောင်းများကို ဖော်ပြရခြင်းဖြစ်ပါသည်။
ထိုအချိန်က ရည်ရွယ်ချက် ကောင်းမွန်စွာဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကွယ်ပျောက်ခဲ့ရသော စနစ်တစ်ခုမှာ အဆင့်အလိုက် (Grading) အမှတ်ပေးစနစ်ဖြစ်သည်။
Grading အမှတ်ပေးစနစ်တွင် အမှတ် တစ်ရာအစား၊ အဆင့်ငါးမျိုးသာ ခွဲခြားထားသည်။ အဆင့် မှတ်(၁) Grade (1) သည် အညံ့ဆုံးအဆင့်ဖြစ်သည်။ မည်သည့်ဘာသာတွင်မဆို ဤကဲ့သို့ သတ်မှတ်ခြင်း ခံရလျှင် စာမေးပွဲမအောင်နိုင်တော့ပါ။ အဆင့်မှတ်(၂) Grade (2) သည် သာမန်အသင့်အတင့် ရှိသည်ဟု ဆိုလိုသည်။ သို့သော် အဆင့်မှီရန် လိုသေးသည်ဟု ဆိုလိုသည်။ အဆင့်မှတ်(၃) Grade (3) သည် အလယ်အလတ် အဆင့်ဖြစ်သည်။ အောင် မြင်သော အဆင့်ဖြစ်သည်။ အဆင့်အမှတ်(၄) Grade (4) သည် ပျမ်းမျှထက်သာလွန်သော အဆင့် (above average) ဖြစ်သည်။ အဆင့်မြင့်သည်။ သို့သေည် အမြင့်ဆုံးမဟုတ်ပါ။ အဆင့်(၅) Grade (5) သည် အမြင့်ဆုံးအဆင့် ဖြစ်သည်။ ထိုဘာသာရပ်တွင် အထူးချွန်ဆုံးအဆင့်ဖြစ်သည်ဟု ဆိုလိုသည်။
ထိုအမှတ်ပေးစနစ်ကို စတင်တီထွင်စဉ် အခါကအမှတ်တစ်ရာကို လုံးဝမပေးတော့ဘဲ ကျောင်းသား ၏အဖြေလွှာတစ်ခုလုံးအပေါ်တွင် ကြည့်၍ ထိုကျောင်းသား၏ အရည်အချင်းမည်မျှဖြစ်သည်ကို သတ်မှတ် ရန် ရည်ရွယ်ခဲ့ပါသည်။
သို့သော် လက်တွေ့အကောင်အထည်ဖော်ရာတွင် အမှတ်တစ်ရာပေးပြီးမှ ရရှိသော အမှတ်ကို ကြားပိုင်းများပိုင်းပြီး `အမှတ် … မှ … အထိ ကြားတွင် အဆင့် …´ဟူ၍ ပြန်ဖွဲ့သော နည်းကိုသုံးခဲ့သည်။ ထို့ကြောင့် အမှတ်တစ်ရာစနစ်သည်လည်း ကွယ်ပျောက်သွားခြင်း မရှိဖြစ်နေခဲ့သည်။ တစ်ခါတစ်ရံ အမှတ (၅၀)ရရှိသောသူနှင့် (၆၅)မှတ်ရရှိသောသူ နှစ်ဦးစလုံးကို အဆင့်(၃)ဟူ၍ တစ်မျိုးတည်းသတ်မှတ်လိုက်ရာ အရည်အချင်း မတူသူနှစ်ဦးအဆင့်တစ်မျိုးတည်းဖြစ်နေခြင်း၊ (၆၅)မှတ်ရရှိသူသည် အဆင့်(၃)ဖြစ်နေပြီး၊ (၆၆)မှတ်ရရှိသူက အဆင့်(၄)ဖြစ်သွားသောအခါ အရည်အချင်းသိပ်မကွာဘဲနှင့် အဆင့်တစ်ဆင့်လုံးလုံး ကွာသွားခြင်းတို့ဖြစ်ခဲ့ရသည်။ ထို့ကြောင့် အဆင့်မှတ်ပေးနည်း Grading စနစ်သည်လည်း ၁၉၈၀ခုနှစ် နောက်ပိုင်းတွင် ကွယ်ပျောက်သွားခဲ့ရပါသည်။
ယခုအခါတွင် grading အမှတ်ပေးစနစ်ကို ဘွဲ့လွန်အတန်းများ ဖြစ်ကြသော မဟာဝိဇ္ဇာနှင့် သိပံÜ၊ M.A/M.Sc ကျမ်းနှင့်အမ်ဖေး M.Pil ကျမ်းများ၏ အဆင့်သတ်မှတ်ရာတွင်သာ ဆက်လက်၍ ကျင့်သုံးနေပါ သည်။
ဤဆောင်းပါးတွင် ယခင်ကတီထွင်ခဲ့ပြီး အကြောင်းကြောင်းကြောင့်ဆက်လက်၍ မကျင့်သုံးဖြစ် သော စနစ်များအကြောင်းကို ဗဟုသုတဖြစ်စေရန်နှင့် သမိုင်းမှတ်တမ်းများ ဖြစ်စေရန် ရေးသားဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။
သို့သော် ထိုစနစ်များကို ယခုကျင့်သုံးနေသော စနစ်များဖြင့် မတူရုံဖြင့် အပြစ်တင်ခြင်း မပြုကြရန် သတိထားသင့်ပါသည်။ ဥပမာ ပြရသော် ကိုယ်ငယ်စဉ်က မက်မက်မောမော ကစားခဲ့သော ကစားစရာများ ကိုလည်းကောင်း၊ အဆင်မပြေ၍ မပေါင်းခဲ့ရသော ငယ်ကချစ်ခဲ့သော ပထမအချစ်ကိုလည်းကောင်း ပြန်လည် စဉ်းစားသောအခါ အပြစ်တင်စရာ မရှိသကဲ့သို့ပင် ဖြစ်ပါသည်။
ဤဆွေးနွေးပွဲများတွင် သချာင်္ဘာသာရပ်ဆိုင်ရာ ပညာရှင်များဘက်မှ ဒေါက်တာချစ်ဆွေ၊ ဦးလှမြင့်၊ စာရးသူကိုယ်တိုင် တို့ဖြစ်ကြပြီး ဘာသာပြန်ဌာနမှ ဦးမင်းအောင် (သိပ္ပံမင်းကြည်၊ ဦးတက်တိုး၏ သား) နှင့် ဦးကျော်ဆွေ (စာရးဆရာ မင်းကျော်) တို့ပါဝင်ဆွေနွေးကြပါသည်။)