ဘွဲ့နှင်းသဘင်ရှေ့မှ မျိုးဆက်သုံးဆက် - တက္ကသိုလ်ရွှေရီဝင်း



တက္ကသိုလ်ရွှေရီဝင်း

 အမှတ် ၁၁၉။ ဇွန်ဇူလိုင် သြဂုတ် ၁၉၉၆

“အချိန်နှင့်ဒီရေသည်လူကိုမစောင့်”ဆိုသောရှေးစကားသည်အလွန်မှန်လှပါသည်။အချိန်သည်ရပ်တန့်မနေပဲအစဉ်အမြဲပြောင်းလဲခဲ့ပါသည်။ ယခုစာရေးသူတို့မိသားစုတက်တက်ကြွကြွဖြင့်ပါဝင်ဆင်နွဲဖို့အားခဲနေသည့်သမီးဖြစ်သူဂျူနီယာဝင်း၏သိပ္ပံဂုဏ်ထူးတန်းဘွဲ့တက်ရောက်မည့်အခန်းအနားသည်ဟိုးယခင်သူ၏အဘိုးအဘွားအဖေအမေနှင့်တဦးတည်းသောအမွှာအကိုမောင်ရစ်တို့တက်ရောက်ခဲ့ပြီးသောအခန်းအနားပင်ဖြစ်ပါသည်။ဟိုးတုန်းကလည်းယခုလိုပင်တက်ကြွဂုဏ်ယူစွာဖြင့်တပျော်တပါးဆင်နွဲခဲ့သည်ကိုအမှတ်ရမိသညါ။ သားဖြစ်သူကအာအိုင်တီကျောင်းတော်မှအောင်မြင်သူဖြစ်သဖြင့်တမူထူးခြားသောဘွဲ့နှင်းသဘင်ကိုတ်ကရသည်။အဘယ်ကြောင့်ဆိုသော်သူစာသင်ခဲ့ရသောကျောင်းတော်မှာအင်းစိန်ကြို့ကုန်းရှိစက်မူတက္ကသိုလ်ဖြစ်ပြီးသူတက်ရသည့်ဘွဲ့နှင်းသဘင်အခန်းအနားမှာရန်ကုန်တက္ကသိုလ်ရှိဘွဲ့နှင်းသဘင်ခန်းမဖြစ်နေသည်။ထို့ကြောင့်သူဘွဲ့ယူသောနေ့နှင့်အစမ်းလေ့ကျင့်သောနေ့တို့တွင်စက်မူတက္ကသိုလ်ရော၊ဘွဲ့နှင်းသဘင်ခန်းမတို့တွင်ပါနှစ်နေရာခွဲပြီးအမှတ်တရကျင်းပခဲ့ပါသည်။စာရေးသူတို့ဇနီးမောင်နှံမှာနှစ်ရက်ဒဏ်ကိုမခံနိုင်သဖြင့်တရက်ထဲကိုပင်နှစ်နေရာလိုက်လံပြီးဆင်နွဲနိုင်ခဲ့ပါသည်။စက်မူတက္ကသိုမှကျင်းပသောဘွဲ့နှင်းသဘင်သို့တက်ေ၇ာက်ဖူးသောမိဘတိုင်းတွေ့ကြုံခံစားရသောပွဲဖြစ်မည်ထင်ပါသည်။ ယခင်၂၅နှစ်ကကျင်းပသောဘွဲ့နှင်းသဘင်နှင့်ယခုဘွဲ့နှင်းသဘင်အခန်းအနားတို့သည်မည်သည့်နည်းနှင့်မှတူညီကြတော့မည်မဟုတ်ပါ။ယခင်ကရှိခဲ့သောဘွဲ့ယူကျောင်းသားအရေအတွက်နှင့်ယခုဘွဲ့ယူကျောင်းသားအရေအတွက်မှာလည်းလွန်စွာခြားနားခဲ့ပြီဖြစ်သည်။စာရေးသူစီးပွားရေးတက္ကသိုလ်မှဘွဲ့ယူစဉ်ဘွဲ့ဝတ်စုံကြီးတကားကားနှင့်ဘွဲ့နှင်းသဘင်နှင့်စီးပွားရေးကူးခဲ့သည်ကိုအမှန်ရမိသည်။ထိုစဉ်ကဓါတ်ပုံကိုလည်းကိုယ့်ဘာသာကိုယ်ကြိုက်သလိုရိုက်ခဲ့ကြသည်။ရိုက်စရာနေရာကလည်းသိပ်မရှိလှပါ။စီးပွါားရေးတက္ကသိုလ်ရှေ့နှင့်ဘွဲ့နှင်းသဘင်ရှေ့ဆိုလျှင်လုံလောက်သည်။ယခုသမီးတို့ခေတ်လိုဂျက်ဆင်၊အာစီ၊သစ်ပုတ်ပင်စသည်စသည်ဖြင့်သံယောဇဉ်တွေသိပ်မရှိလို့လည်းဖြစ်နိုင်ပါသည်။ဘွဲ့နှင်းသဘင်အထဲနှင့်ဘွဲ့ယူနေစဉ်ပုံတွေကိုတော့ဓါတ်ပုံဆရာမောင်မောင်ညှပ်ကတာဝန်ယူသည်။ ဓာတ်ပုံက အဖြူအမည်း။ ဆေးသားရော ဓာတ်ပုံပညာပါ ပြောစရာမလို၊ ယခုထက်တိုင် ဆေးမပျက်။ စံချိန်လည်းထိပ်ပါပဲဟု ပြောနိုင်သည်။ ဓာတ်ပုံထဲတွင် ဘွဲ့ဝတ်ရုံအချိုးမကျဖြစ်နေတာ ဘွဲ့ယူသူ၏ တာဝန်သာဖြစ်သည်။ ဓာတ်ပုံဆရာကတော့ အကောင်းဆုံးဖြစ်အောင် တာဝန်ယူရိုက်ကူးသည်။ ဘွဲ့ယူပြီးတစ်ပတ်လောက်တွင်မောင်မောင်ညှပ်၏ဆိုင်သို့သွားကာဓာတ်ပုံရွေးယူရသည်။ပိုက်ဆံကြိုပေး ထားစရာမလို။ကိုယ်ပါတဲ့ပုံအပြင် ကိုယ်ကြိုက်တဲ့ပုံရှိလည်းရွေးပြီးယူလို့ရသည်။ကိုယ့်သဘောဖြစ်သည်။ စာရေးသူ ဘွဲ့ယူစဉ်ကစီးပွားရေးတက္ကသိုလ်၏ ပါမောက္ခချုပ်မှာ ဆရာကြီး ဦးအေးလှိုင်ဖြစ်ပါသည်။ ဘာသာရပ်ဆိုင်ရာပါမောက္ခမှာ ဆရာကြီးဝီလျံပေါဖြစ်ပါသည်။ ဘွဲ့ယူသည့်အခမ်းအနားပြီးသည်နှင့် ကိုယ့်ဌာနမှ ဆရာ ဆရာမများ၊ ပါမောက္ခနှင့် ဘွဲ့နှင်းသဘင်ရှေ့တွင်စုပြီး အမှတ်တရဓာတ်ပုံရိုက်ဖို့ အချိန် ရှိသည်။ အခွင့်အရေးရှိခဲ့သည်။ ဆရာ ဆရာမများကလည်း စိတ်ရှည်လက်ရှည်ပင် ဓာတ်ပုံအရိုက်ခံခဲ့ကြ သည်။ အဲဒီတုန်းက ဘွဲ့နှင်းသဘင်ရှေ့မှာထိုင်ပြီး ဓာတ်ပုံရိုက်ဖို့ခုံတွေ၊ ဘယ်သူကဘယ်နေရာက ယူပေးပြီး ကျောင်းသားခုနှစ်ဆယ်ကျော် ဆရာ ဆရာမတွေနှင့်စုပြီး ရိုက်ခဲ့သည်ကို စဉ်းစားလို့မရတော့ပါ။ သို့သော် တစ်ခုတော့ရှိသည်။ အဲဒီတုန်းက ကိုယ်စိတ်ဝင်စားတာကလည်း ယခုခေတ်လို ရိုက်စရာနေရာမများခြင်း ဖြစ်သည်။ ဒီတော့ ဆရာ ဆရာမတွေကို ဦးစားပေးပြီး ရိုက်ဖြစ်ကြတာလည်း ဖြစ်နိုင်ပါသည်။ ဓာတ်ပုံဆရာအပြင် ကိုယ်ပိုင်ကင်မရာနှင့်လည်း ၀င်ရိုက်ကြတာကို မှတ်မိပါသည်။ ယခုခေတ်တွင်တော့ စိတ်ဝင်စားစရာလုပ်စရာတွေက များလှသည်။ သူတို့မှာဆရာဆရာမတွေ ကလည်းအရေးကြီးသည်။ဖေဖေတို့မေမေတို့နှင့်လည်းဓာတ်ပုံရိုက်ရမည်။သူငယ်ချင်းတွေကလည်းနောက်တန်းရောက်လို့မဖြစ်။နောက်ပြီးသစ်ပုတ်ပင်တို့၊ဂျပ်ဆင်တို့၊အာစီတို့၊စာကြည့်တိုက်တို့ကလည်းချန်ထားလို့မဖြစ်။ဒါတောင်အင်လျားကန်ကို သွားဖို့မဖြစ်နိုင်လို့ သူတို့စာရင်းထဲ မထည့်ထားခြင်းဖြစ်သည်။ ယခုဘွဲ့ယူမည်သူမှာ သမီးဖြစ်သည်။ ဒီနှစ်တစ်နှစ်တည်း စက်မှုတက္ကသိုလ်မှာ ဘွဲ့ယူသူ သူ့ထက် ငါးမိနစ်သာကြီးသော သားတုန်းက ယခုလောက် အခေါက်ခေါက်သွားနေတာ မမောဘူးဆိုတာတော့ ဖြစ်နိုင်ပါ့မလားဟု ထင်စရာဖြစ်သည်။ သို့သော် သမီးဘွဲ့ယူသည့်အဖြစ်အပျက်ကို ရေးပြလျှင် စာဖတ်သူ တို့ နားလည်ကြမည်ဟုထင်ပါသည်။ သမီးအောင်ခဲ့သည့်ခုနှစ်က ၁၉၉၃ခုနှစ်။ ယခု ၁၉၉၅ခုနှစ်သည် တက္ကသိုလ်စိန်ရတုအခမ်းအနား ရှိသဖြင့် သူဘွဲ့ယူမည့်အချိန်သည် ရှေ့နှစ်ခါလောက်မှဟု ယူဆခဲ့ကြသည်။ သူ့ဖခင်ကလည်း တက္ကသိုလ် စိန်ရတုအတွက် ညစဉ်တာဝန်ကျ၍ မိသားစုအားလုံးမအားကြပေ။ စိန်ရတုကျင်းပရာကွင်းမှာ အိမ်မှလမ်းကူး ရုံဖြစ်သဖြင့် ညစဉ်ပွဲခင်းထဲ ရောက်ဖြစ်ကြသည်။ ပျော်လည်းပျော်ရ အိပ်ရေးလည်းပျက်ရသည်။ ပွဲအပြီးတွင် ချောင်းဆိုးနှင့်နှာစေးကို အမြတ်ရလိုက်သည်။ ထိုပွဲပြီးသည်နှင့် သမီးဘွဲ့နှင်းသဘင်တက်ရမည်။ နားချိန် မရှိတော့။ သမီးကအ၀တ်အစားကို ချေးမများပါ။ သို့သော်မိန်းကလေးဆိုတော့ လိုတာလေတွေရှိသည်။ ဆံပင်ပြင်ဖို့၊ မျက်နှာလိမ်းခြယ်ဖို့၊ ပြီးတော့ ပန်းပန်ဖို့၊ ဒီဇင်ဘာလ သဇင်ပန်းအချိန်ဖြစ်လို့ သဇင်ပန်းကို ပန်စေလိုသည်။ မျက်နှာပြောင်ပြောင်နှင့် အပြင်ထွက်တတ်ကြသည့် သားအမိနှစ်ယောက် အလုပ်ရှုပ်တော့ သည်။ မိတ်ကပ်မျက်နှာချေအိမ်တွင်မရှိပါ။ ဒါဆိုဘာလိမ်းကြသလဲဆိုတော့ နေဗီယာကရင်(မ်)နှင့် သနပ်ခါး ပဲလိမ်းသည်ဟု ဖြေပါမည်။ ပြီးတော့ သွားစရာရှိလျှင် ကရင်း(မ်)ပတ်လိမ်းသည်။ ပုလဲမိတ်ကပ်တို့ မိတ်ကပ် ဘူးတို့ မလိမ်းဘူးကြပါ။ စာရေးသူမှာ ကိုယ့်ထက်ဖျင်းတဲ့သမီးကို ရထားသည်။ စာရေးသူ၏ မိခင်သည် အလွန်အလှအပကြိုက်သည်။ မိတ်ကပ်ဘူးမျိုးစုံကို ၀ယ်တတ် သုံးတတ်သည်။ ငယ်စဉ်က မိခင်နှင့်အပြင် ထွက်လျှင် အမြဲအဆူခံရသည်။ ဖြီးလိမ်းလှပသောမေမေနှင့် အပြင်ထွက်လျှင် မျက်နှာကိုမပြင်မဆင်ဘဲ ထွက်သဖြင့် "မရှက်ဘူးလား" ဟု ကျိတ်ပြီးအဆူခံရသည်။ ယခုလည်း ကိုယ့်သမီးကို ကိုယ် "နင်မရှက်ဘူး လား"ဟု ဆူနေရပါသည်။ဝဋ်ဆိုတာလည်တတ်သည်ဟု ပြောပါသည်။ ဒီတော့ သမီးကို ဆိုင်မှာပြင်မှာလားဟုမေးရသည်။ အဖေ၊ အစ်ကိုနှင့် အဘိုး၊ အဘွားကြားတွင် "ဗျာ" ထူးပြီး "ကျွန်တော်"နှင့်ပြောတတ်သောသမီးက မပြင်ဟုငြင်းသည်။ ဒါဆိုဘယ်မှာပြင်မှာလည်းဟု မေးတော့ "သူငယ်ချင်းတွေကိုမေးပြီး သူတို့ပြောသလိုပြင်မည်" ဟုဖြေပါသည်။ ဆက်ပြီး "မေမေလည်း လိမ်းတတ်တာပဲ၊ မေမေပဲလိမ်းပေးပေါ့" ဟုပြောပါသည်။ အမေကို အထင်ကြီးတာကျေနပ်ရမလိုပင်။ ထို့ကြောင့် လိုအပ်သောမိတ်ကပ်ဘူးကို စိန်ရတုပွဲခင်းမှာဝယ်ရသည်။ ဒါဆိုလုံလောက်ပြီဖြစ်သည်။ ဆံထုံး တော့ဆိုင်မှာထုံးမှဖြစ်မည်။ သူ့ဆံပင်ကြီးဖားလျားချ၍မဖြစ်။ နောက်ပြီး မြန်မာ့ယဉ်ကျေးမှုကို ယခု ထက်တိုင် ထိန်းသိမ်းချစ်မြတ်နိုးသောအဘွားက တစ်ဦးတည်းသောမြေးမကို ဆံထုံးလှလှထုံးစေလိုသည်။ မေမေကြီးတို့တုန်းက ဆံထုံးထုံးခဲ့တာကို ဂုဏ်ယူ၍မဆုံး။ မြေးကလည်း သူ့ဘွားဘွားပြောတာကို သဘောကျလို့ပဲလား၊ သူကိုယ်တိုင်ကပဲ ဆံထုံးထုံးချင်လို့လားမသိ။ အလွန်ခေါင်းမာပြီး ဆံပင်အထုံးမခံ တဲ့သမီးသည် ဆံထုံးထုံးဖို့ စိတ်ပါလာသည်။ သူ့ဘွားဘွားပြောသော ခေါင်းထိပ်တွင် ထုံးသောဆံထုံးတော့ မဟုတ်ပါ။ ဘွဲ့ဦးထုပ်ဆောင်းပြီး နောက်တွင် ဆံထုံးထုံးခြင်းဖြစ်သည်။ သမီးဘွဲ့ယူမည့်နေ့သည် တနင်္ဂနွေနေ့ နံနက်ပိုင်းဖြစ်သည်။ အစမ်းလေ့ကျင့်မည့်နေ့က ကြာသပတေးနေ့ ညနေပိုင်းဖြစ်သည်။ အစမ်းလေ့ကျင့်တဲ့နေ့မှာ အဖေ အမေက ခဏလောက်ဓာတ်ပုံရိုက် ပြီးရင် အပြန်အတူတူပြန်ရုံသာဖြစ်သည်။ အစ်ကိုဖြစ်သူကတော့ သူညီမဓာတ်ပုံရိုက်စေချင်တဲ့နေရာတွေမှာ လိုက်ရိုက်ပေးရမည်။ ဘွဲ့နှင်းသဘင်ကျင်းပသောနေ့နှင့် စိန်ရတုသဘင်မှာ သိပ်မကွာလှပါ။ ထို့ကြောင့် အဓိပတိလမ်း မုခ်ဦးမှာစာတန်းတွေနှင့် ဘေးတစ်ဖက်တစ်ချက်မှာလည်း တက္ကသိုလ်၏အမည်ကို မြန်မာလိုတစ်ဖက်၊ အင်္ဂလိပ်လိုတစ်ဖက် ရေးထိုးထားသော စာတန်းကြီးကအပြည့်။ ထိုအခါ သစ်လွင်ဘွဲ့ရမောင်မယ်တွေ အတွက် ဓာတ်ပုံရိုက်စရာ တိုးပြန်ပါပြီ။ ကဲဒီတော့ အ၀င်ဝကစပြီးရိုက်ဖို့ ကိုယ့်ကင်မရာလေးကိုင်ပြီး ဆင်းကြရတော့သည်။ ထိုအခါ ကင်မရာအပြင်က ကိုင်ဆောင်လာလျှင် "ရန်ကုန်တက္ကသိုလ် ဘက်စုံဖွံ့ဖြိုး ရေးမိသားစု အပျော်တမ်းအော်တိုကင်မရာရိုက်ကူးခွင့်အတွက် ငွေ၅၀၀ိ/-ပေးရမည်" ဟု ဆိုလာပါသည်။ စိတ်ထဲမှားပြီးများပြောသလားဟု ထင်မိသည်။ ကင်မရာသာကိုင်လာသည် ဖလင်ဖိုးတစ်လိပ် ၂၃၀ိ/-တောင် ခပ်နှမြောမြောဖြစ်သည်။ ယခုမူ ထို ၃၆ပုံဖလင်ရိုက်ရန် ၅၀၀ိ/- ရိုက်ကူးခွင့်ပေးရမည်ဆိုပါပြီ။ မဟုတ်လျှင် ကင်မရာကိုင်ဆောင်ခွင့်မရှိပါ။ ဒီတော့နှမြောလှစွာဖြင့်ပင် ငွေ ၅၀၀ိ/-ပေးခဲ့သည်။ ထိုအခါစာရေးသူက သမီးကိုမေးရပါသည်။ သမီးဘွဲ့ယူစဉ်ရိုက်ရန် ငွေပေးခဲ့ခြင်း ရှိ -မရှိ ဖြစ်ပါသည်။ သမီးက ဘွဲ့ယူစဉ်နှင့် ထိုင်နေပုံ၊ ထနေပုံများအတွက် ၁၂ပုံစာ ငွေ ၄၂၀ိ/-ကျောင်းသားတိုင်းပေးခဲ့ရကြောင်း ပြောပါသည်။ ဒါဆိုလဲ ပြီးတာပါပဲလေ။ ကလေးတွေစိတ်ချမ်းသာဖို့သာ အဓိကဖြစ်ပါသည်။ ပီတိစားသော တက္ကသိုလ်ဆရာကြီး၏ သမီးအတွက် အလိုလိုက်ရမှာဖြစ်ပါသည်။ ထိုအစမ်းလေ့ကျင့်သောနေ့က စာရေးသူတို့ဇနီးမောင်နှံမှာ ပျော်ခဲ့ကြပါသည်။ သိပ္ပံစားသောက် ဆိုင်တန်းတွင် အပြင်မှာလုံးဝမရရှိနိုင်သော ခေါက်ဆွဲကြော်၊ ထမင်းကျော်ကို တစ်ပွဲ ၂၅ိ/-နှင့် နံနက်စာစား ကြသည်။ ထမင်းစားပြီး လက်ဖက်ရည်သောက်တာ အပါအ၀င် ငွေ၁၀၀ မကုန်ခဲ့ပါ။ ပြီးတော့ ကလေးတွေ ပျော်တာကြည့်ပြီး ကိုယ်လည်းပျော်ခဲ့ရပါသည်။ စာရေးသူ၏ ယောက္ခမပြောသော "သမီးကြီးကို ကြည့်ရတာ ပင်ပန်းလိုက်တာ" ဟူသောစကားကို နားမလည်ခဲ့ပါ။ ကိုယ့်မိဘတွေတုန်းကလည်း ဒီလိုပဲ ပါရမီဖြည့်ခဲ့မှာပါ ပဲလားလို့ စိတ်ထဲတွေးမိပါသည်။ သမီးနှင့်သားကတော့ ပျော်လိုက်ကြတာ။ မောလည်းမောကြပုံပါပဲ။ သမီး ကပိုပြီးမောမှာပေါ့။ သူကကာယကံရှင်မဟုတ်ပါလား။ စာရေးသူစိတ်ပူရသည်က ဘွဲ့ယူမယ့်နေ့ သမီးနဲ့သားတို့ရဲ့ဘွားဘွား (စာရေးသူ၏ယောက္ခမ) ဖြစ်သည်။ သူနာတာရှည်လေးဖက်နာဖြင့် အိပ်ရာထဲလဲနေတာ နှစ်နှင့်ချီလာပြီ။ သူ့တွင် တက္ကသိုလ်ထဲသွားလည် ချင်တဲ့ ဆန္ဒကလည်းရှိသည်။ သူအသွားချင်ဆုံး နေရာမှာ တက္ကသိုလ်စာကြည့်တိုက်ဖြစ်သည်။ စာအုပ်တွေနှင့် အဖော်လုပ်ခဲ့သော သတင်းစာဆရာ စာရေးဆရာမကြီးအဖို့ စာကြည့်တိုက်သည် သူ့အတွက် အတမ်းတဆုံး၊ အသွားချင်ဆုံး နေရာဖြစ်နေသည်။ နေမကောင်းတာကလည်း နှစ်နှင့်ချီလာပြီ။ တစ်နေရာတည်းမှာ ကြာကြာမထိုင်နိုင်ပါ။ အိပ်ရာထဲလှဲနေသော အချိန်ကများသည်။ ဒီတော့ သူ့ဘွားဘွား လိုက်ရင် ဘယ်လိုစီစဉ်ရမလဲ၊ သမီးကလည်း ဘယ်အချိန်မှာသူ့အဘွားကို သွားပြောလိုက်သည် မသိပါ။ အဖြေကတော့ မေမေကြီးသမီးဘွဲ့ယူတဲ့နေ့ကျောင်းထဲလိုက်မယ်ဟူ၍ဖြစ်သည်။ ခန်းမထဲကိုတော့ ဘယ်လိုနည်းနှင့်မှ မ၀င်နိုင်ပါ။ အပြင်မှာမြေးနဲ့ဓာတ်ပုံရိုက်ကြပါမည်။ တက္ကသိုလ်စိန်ရတုကို မရောက်လိုက်တဲ့ မေမေနှင့်ဘဘတို့ တက္ကသိုလ်နယ်မြေကို မြေးဘွဲ့ယူမည့် နေ့ လိုက်လည်ကြမှာ ဖြစ်ပါသည်။ မေမေ့ရောဂါမှာလည်း လေးဖက်နာဆိုသည့်အတိုင်း တစ်ခါတစ်ခါ နာလိုက်လျှင် အော်ငိုရသည့်အဖြစ်၊ ဆေးသောက်လိုက်မှ အနာသက်သာရုံသာရှိသည်။ ယခုတစ်ပတ်ကျော်ကျော်ကမှ ဤမျှအေးနေသည့်ကြားမှ မိတ်ဆွေတစ်ယောက်၏ ကူညီစောင်မ မှုဖြင့် မြန်မာဆေးသောက်ပြီး ထိုင်လာနိုင်ပါပြီ ဒီတော့ မြေးမလေး၏ ဆန္ဒကပြည့်တော့မည်ဖြစ်သည်။ စာရေးသူတို့ဇနီးမောင်နှံသည် စိန်ရတုတက္ကသိုလ်၏ ဦးဦးနှင့်ဒေါ်ဒေါ်ဟုပြောလျှင်ရသော အသက် ၈၁နှစ် ကျော် မိဘနှစ်ပါးကို သမီးဘွဲ့ယူပြီးသည့်အချိန်လောက် အိမ်မှခေါ်ယူပြီး မြေးနှင့်ဓာတ်ပုံရိုက်ဖို့ စီစဉ်ရပါ သည်။ ဒါမှတက္ကသိုလ်တွင် မျိုးဆက်သုံးဆက်တက်ခဲ့ရသည့် အမှတ်တရရိုက်ဖြစ်ပေမည်။ ဘွဲ့ယူရမည့်နေ့။ အလွန်အအိပ်မက်သော သမီးက ၅နာရီခွဲမှာထပြီး အလှပြင်ဆိုင်သွားကာ ဆံထုံးထုံးပါသည်။ ၈နာရီခွဲတွင် ခန်းမထဲဝင်ရမည်။ ထိုကြောင့် အိမ်မှ ၈နာရီထွက်ရပါသည်။ အဓိပတိလမ်းမ၀င်သည်နှင့် တာဝန်ကျေပွန်စွာနှင့် "ရန်ကုန်တက္ကသိုလ် ဘက်စုံဖွံ့ဖြိုးရေးမိသားစု အပျော်တမ်းကင်မရာ ရိုက်ကူးခွင့်" ၅၀၀ိ/- ထမ်းဆောင်လိုက်ပါသည်။ သမီးဘွဲ့အတွက် ဓာတ်ပုံရိုက်ခွင့်ငွေ ၁၀၀၀ိ/-ကို ကျေပွန်စွာ ပေးလိုက် ပြီးပါပြီ။ စာရေးသူ၏ ခင်ပွန်းသည် သူ့သမီးဘွဲ့ဝတ်စုံနှင့် သူပါဝတ်ရုံဝတ်၍ တွဲရိုက်နိုင်ရန် အခမ်းအနား ကျင်းပရာစင်ပေါ်သို့ တက်ရောက်ခဲ့ပါသည်။ စာရေးသူ၏ခင်ပွန်းတွင် ပါရဂူဝတ်စုံ ကိုယ်ပိုင်မရှိပါ။ မရှိရသည့်အကြောင်းမှာလည်း သူပါရဂူဘွဲ့ယူခဲ့သော ပြင်သစ်နိုင်ငံတွင် ပါရဂူဘွဲ့အတွက် ယခုလိုအခမ်း အနားနှင့် ဘွဲ့တက်မယူခဲ့ရ၍ဖြစ်ပါသည်။ ပြင်သစ်နိုင်ငံတွင် ကျမ်းတင်သွင်းသည့်နေ့တွင် နှုတ်ဖြေစာမေးပွဲ ဖြေဆိုပြီးသောအခါ တစ်ထိုင်တည်းနှင့် ဂျူရီလူကြီးများ အစည်းအဝေးထိုင်ကာ အောင်စာရင်းကို ထုတ်ပြန် ပေးသည်။ နောက်တစ်နေ့တွင် တက္ကသိုလ်ရုံးခန်းသို့သွားကာ အောင်လက်မှတ်ကို ထုတ်ယူခဲ့ရပါသည်။ ထို့ကြောင့် ပြင်သစ်ပါရဂူဘွဲ့ဝတ်စုံမရှိသော စာရေးသူ၏ခင်ပွန်းသည် ဘွဲ့နှင်းသဘင်ကျင်းပရာ အခမ်းအနားတွင် အဖွဲ့ဝင်အဖြစ်တက်ရောက်ပြီး ထိုမှပေးသော ပါရဂူဝတ်စုံကို ၀တ်ကာ သမီးနှင့်တွဲ၍ ဓာတ်ပုံရိုက်ရန် ဖြစ်ပါသည်။ ၁၉၉၅ခုနှစ် ဒီဇင်ဘာလ ၁၇ရက်နေ့ နံနက်၈နာရီခွဲတွင် သမီးတို့သားအဖ ဘွဲ့နှင်းသဘင်ခန်းမထဲ ၀င်သွားသလို စာရေးသူတို့ သားအမိကလည်း ဧည့်သည်များအတွက် စီစဉ်ထားသော မိမိတို့နေရာ အသီးသီးသို့ ၀င်ထိုင်လိုက်ကြပါသည်။ သားအမိနှစ်ယောက် ကိုယ့်နေရာကိုယ်ထိုင်၍ မကြာမီတွင် ဘေးမှ ကင်မရာကိုင်ထားသူ လူငယ်လေးအား ၀န်ထမ်းအမျိုးသမီးတစ်ယောက်က လာရောက်ပြောဆိုနေသည်ကို တွေ့ရသဖြင့် နားစွင့်လိုက်မိပါသည်။ "ကလေး မင်းဒီနေရာကနေပြီး ဓာတ်ပုံရိုက်လို့ မရဘူးနော်" ဟူ၍ ဖြစ်ပါသည်။ လူငယ်မှာလည်း ယခုလိုအပြောခံရ၍ မျက်လုံးပြူးနေရှာပါသည်။ သူ့ကင်မရာမှာ စာရေးသူ တို့က ၀င်ပေါက်တွင် ၀ယ်ယူခဲ့သော "ရန်ကုန်တက္ကသိုလ် ဘက်စုံဖွံ့ဖြိုးရေး မိသားစုအပျော်တမ်း အောက်တိုကင်မရာရိုက်ကူးခွင့်"ကတ်ပြားလေးဆွဲထားပါသည်။ ၀န်ထမ်းအမျိုးသမီးက "မင်းမေ့ပြီး ရိုက်မိမှာ စိုးလို့ သတိပေးတာ' ဟု ဆက်ပြောပါသည်။ ထိုအခါ လူငယ်က "စိတ်ချပါခင်ဗျာ၊ ကျွန်တော်မရိုက်မိအောင် သတိထားပါမယ်"ဟု ရိုသေစွာပြန်ဖြေသံကြားရပါသည်။ စာရေးသူတို့ သားအမိမှာလည်း သူတို့စည်းကမ်း ကို နားလည်လိုက်ရပါသည်။ နောက်ပြီး သားဖြစ်သူအား ထိုကတ်ပြားလေးမပျောက်အောင် သတိထားဖို့ တိုးတိုးမှာသည်။ အဘယ်ကြောင့်ဆိုသော် ယင်းကတ်ပြားနောက်တွင် "ကတ်ပြားပျောက်ဆုံးပါက ကင်မရာ ခွန်အသစ် ထပ်မံ၍ပေးဆောင်ရမည် ဖြစ်ပါသည်" ဟုပါရှိသည် မဟုတ်ပါလား။ သမီးဘွဲ့ယူသည့်အခမ်းအနားစပါပြီ။ စာရေးသူ၏စိတ်ထဲတွင် သမီးအတွက် ဂုဏ်ယူရသည်မှာ သူများမိခင်တစ်ယောက်ထက်ပိုသည်ဟု ထင်မိသည်။ သမီးသည် ယခုသူတက်ယူသည့် သိပံ္ပဂုဏ်ထူးဘွဲ့ အတွက် အလွန်ကြိုးစားရပါသည်။ သူအလွန်နှစ်သက်သောဘာသာကို ထူးချွန်အောင်မိမိကိုယ်မိမိ အားကိုးပြီး ကြိုးစားခဲ့ရသည့်ရလဒ်ဖြစ်သည်။ သမီးမိန်းကလေးဖြစ်ပြီး ဖခင်ထူးချွန်သော သင်္ချာဘာသာကို ဖခင်၏ခြေရာကိုနင်းနိုင်အောင်ကြိုးစားသောသမီး၏ပထမခြေလှမ်းအတွက် အောင်မြင်မှုဖြစ်ပါသည်။ ဘွဲ့ယူအခမ်းအနားပြီးသည်နှင့် သမီးတို့မောင်နှမကို ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ထားခဲ့ပြီး သူတို့၏ အဘိုးနှင့်အဘွားကို ထွက်၍ကြိုရပါသည်။ ပထမဆုံးအကြိမ် အိမ်ပြင်ထွက်ရသော အဘွားအတွက် လူအများရှုပ်ထွေးနေသော ဘွဲ့နှင်းသဘင် အခမ်းအနားကို လာရောက်ရသည်မှာ မလွယ်လှပါ။ မြေး၏ ဆန္ဒကိုဖြည့်ဆည်းလို၍သာ ထွက်ခြင်းဖြစ်ပါသည်။ စာရေးသူမှာ မေမေနှင့်ဘဘကို ချိန်းထားသော စာကြည့်တိုက်ဘေးရှိ သင်္ချာဌာနဆီသို့ တစ်ယောက်ထည်းအပြေးအလွှား သွားခဲ့ရပါသည်။ စာရေးသူရောက်သည့်အချိန်နှင့် မေမေနှင့်ဘဘတို့ကား ရောက်သည့်အချိန် မကွာလှပါ။ လူကြီး နှစ်ယောက်စလုံးမှာ စိတ်လှုပ်ရှားနေကြပါသည်။ အိမ်ထဲတွင်သာ လူတွဲပြီး လမ်းလျှောက်နိုင်ပြီး အပြင်တွင် လမ်းမလျှောက်နိုင်သော မေမေ့အတွက် ၀ိဇ္ဇာခန်းမရှေ့ရှိ အဓိပတိလမ်းဘေးတွင် ကားရပ်စေခဲ့ပါသည်။ ပြီးလျှင်မေမေနှင့်ဘဘကို ဆင်းစေကာ ထိုဘေးရှိမြက်ခင်းတွင် နေရာချရပါသည်။ မေမေ့အတွက် အပြင်မထွက်ရတာ ကြာပြီဖြစ်၍ လူစုလူဝေးနှင့် ကားတွေကြည့်ပြီး ခေါင်းရှုပ်မှာတော့ သေချာပါသည်။ သို့သော်မတတ်နိုင်ပါ။ သမီးက သူ့အဘွားကိုလာစေချင်သည်။ အဘွားကလည်း လာမည်ဟုကတိပေး သည်။ ဒီတော့ကြားကစာရေးသူက ပါရမီဖြည့်ရပါတော့မည်။ မြက်ခင်းမှာနေရာချတော့လည်း ခင်းစရာမပါ၊ ထိုင်စရာနတ္ထိဖြစ်သဖြင့် မေမေနှင့်ဘဘကို မြက်ခင်းပေါ် ဒီအတိုင်းထိုင်၍နားစေပါသည်။ မေမေက မောမောနှင့် မြက်ခင်းပေါ်ထိုင်ချကာ ဘဘပေါင်ပေါ်တွင် ခေါင်းအုံး၍လှဲချပြီးနားပါသည်။ တကယ့်ကို ဘွဲ့နှင်း သဘင်တက်လာသည့်ပုံမဟုတ်ပဲ အပန်းဖြေခရီးထွက်ပြီး မောမောနှင့်နားသည်နှင့်ပင် တူပါသည်။ မေမေအမောပြေတော့မှ သစ်ပုပ်ပင်၊ ၀ိဇ္ဇာခန်းမနှင့် သိပံ္ပခန်းမတို့ကို လက်ညိုးထိုးပြရပါတော့ သည်။ သူတို့သားအလုပ်လုပ်သော သင်္ချာဌာနနားကိုတော့ မေမေနှင့်ဘဘကို ခေါ်သွား၍ မဖြစ်နိုင်ပါ။ မေမေက အမောပြေတော့ ၀ိဇ္ဇာခန်းမရှေ့ရှိ မြက်ခင်းပြင်တွင် မေမေနှင့်ဘဘတို့ ဘွဲ့နှင်းသဘင် တက်ရောက်ခဲ့ကြကြောင်း ပြောပြပါသည်။ ဘွဲ့နှင်းသဘင်ကို ယခုလိုမြက်ခင်းပြင်ပေါ်တွင် ကျင်းပသည်မှာ တက္ကသိုလ်စိန်ရတုသက်တမ်းတစ်လျှောက်တွင် သည်တစ်ခါသာဖြစ်သည်ဟု ရှင်းပြပါသည်။ ၄င်းပြင် မေမေ နှင့်ဘဘတစ်ရက်တည်းဘွဲ့ယူခြင်းမှာ မေမေက ဘီအေဘွဲ့ရပြီး ဘွဲ့မယူသေးဘဲ နောက်တစ်နှစ်မှ မဟာဝိဇ္ဇာအောင်မြင်သော ဘဘနှင့် အတူတက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ပြောပါသည်။ ထိုစဉ်က ဘွဲ့ယူမည့် သူမှာ အလွန်နည်းသည်။ ဒီနှစ်မယူဖြစ်လျှင် နောက်နှစ်မှယူလို့ရသည်ဟူ၍ဖြစ်သည်။ စာရေးသူမှာ လောလောလတ်လတ်ဘွဲ့နှင်းသဘင်အခမ်းအနားတက်ရောက်ပြီးစဖြစ်သည်နှင့်အညီ မြက်ခင်းပြင်တွင် ဘွဲ့နှင်းသဘင်ကျင်းပမည့်ပုံကို စိတ်ကူးကြည့်မိသည်။ အလွန်လွတ်လပ်၍ ပျော်စရာတစ်မျိုးကောင်းမည်ဟု စဉ်းစားမိသည်။ မေမေကဆက်၍ သူတို့ဘွဲ့ယူစဉ်က ဆယ်တန်းရောက်နေပြီးဖြစ်သော သားဖြစ်သူက ဥပဒေဌာန(ယခုပထ၀ီဝင်ဌာန) ပေါ်မှတက်၍ ကြည့်သည်ဟု ရှင်းပြပါသည်။ မေမေနှင့်စကားပြောနေစဉ် သား၊ သမီးနှင့် ခင်ပွန်းသည်တို့ ရောက်ရှိလာကြပါသည်။ သူတို့တင် မကပါ။ စာရေးသူ၏ အစ်ကိုနှင့်မိသားစုတပြုံကြီးရောက်လာပါသည်။ သူတို့ကလည်း သူတို့တူမဘွဲ့ယူစဉ် တပျော်တပါးဓာတ်ပုံရိုက်ကြရန် ဖြစ်သည်။ သမီးတစ်ယောက်ဘွဲ့ယူသည်ကို ပါဝင်ပျော်ရွှင်ကြသည့် ဆွေမျိုး မိသားစုက တပြုံကြီးဖြစ်သည်။ မေမေနှင့်ဘဘကို ထိုမြက်ခင်းပြင်မှ လုံးဝမရွေ့ ထိုင်ရက် လှဲရက်ပင် ဓာတ်ပုံရိုက်ကြသည်။ ပျော်စရာအကောင်းဆုံးအချိန်လေးတစ်ခုပင်ဖြစ်သည်။ စာရေးသူ၏ အစ်ကိုမှာ ဆရာဝန်ဖြစ်သဖြင့် မေမေ့ ဘေးနားတွင် သူထိုင်ပြီးနေတာကိုပင် စိတ်ထဲအားရှိနေမိသည်။ စာရေးသူ၏အစ်ကိုမှာ ညီမ၏ယောက္ခမကို သူ့မိခင်နှင့်မခြား ခင်မင်ဂရုစိုက်ပါသည်။ ဘွဲ့နှင်းသဘင် လာရောက်ကြသော ဧည့်ပရိသတ်မှာလည်း ဘယ်လိုလူမျိုးတွေများ တက္ကသိုလ်ပရိဝုဏ်ထဲရောက်နေသလဲဟု ထင်ပုံရပါသည်။ လူတိုင်းစာရေးသူတို့ လူစုကို ကြည့်သွားကြပါသည်။ ဤမိသားစုအလယ်တွင် ထိုင်နေသော အသက်၈၀ကျော်အဘိုးကြီးနှင့် အဘွားကြီးသည် မည်သူလဲ ဟု သိလိုကြပုံရပါသည်။ ဤတက္ကသိုလ်ကို သူတို့အိမ်လိုသဘောထားပြီး နေထိုင်နေလိုက်ကြတာဟု ထင်ကြပေလိမ့်မည်။ အမှန်မှာလည်း ဤတက္ကသိုလ်သည် စာရေးသူတို့အားလုံးအတွက် မိခင်ရင်ခွင် သဖွယ်ပင်ဖြစ်သည်။ မေမေနှင့်ဘဘသည် စိတ်ရှည်လက်ရှည်ပင် မြက်ခင်းတွင် ထိုင်ရင်းကလေးတွေ ဓာတ်ပုံရိုက်သည်ကို စောင့်နေကြပါသည်။ စာရေးသူမှာ အလုပ်တွေများပြီး ခင်းစရာဖျာကလေးတစ်ချပ်၊ သောက်စရာရေပုလင်းတစ်ပုလင်းမှ ယူမလာမိသည်ကို စိတ်မကောင်းဖြစ်ရပါသည်။ မြက်ခင်းလေးစိမ်းစိမ်း နှင့် ဘေးမှအေးမြသော သစ်ပင်ရိပ်လေးကို ကျေးဇူးတင်နေမိပါသည်။ သမီးဓာတ်ပုံရိုက်၍ ကျေနပ်မှမိသားစုအားလုံးပြန်ကြပါသည်။ မေမေ့ကို ဖြည်းဖြည်းချင်းတွဲ၍ ကားပေါ်ကို တင်ရပါသည်။ မေမေ့မျက်နှာမှ လန်းလှနေသဖြင့် စာရေးသူမှာဝမ်းသာမိသည်။ စာရေးသူ၏ သားနှင့်သမီးသည်ကံကောင်းကြပါသည်။ သူတို့၏ဘွဲ့နှင်းသဘင်ကို သူတို့မိဘနှစ်ပါး၊ သူတို့၏ အသက် ၈၀ကျော်ပြီဖြစ်သော အဘိုး၊ အဘွား၊ သူတို့ဘကြီးနှင့် မိသားစုစုံစုံလင်လင် တက်ရောက်ခဲ့ကြသည်။ သမီး ကတော့ သူ့အဘွားအပြင်ကို မထွက်စဖူး သူ့ကိုအကြောင်းပြုပြီး ထွက်သည်ကို ကျေနပ်နေပါသည်။ သူက "ဒါမှ မေမေကြီး သူ့ကိုယ်သူ ယုံကြည်မှုရှိမှာ၊ မဟုတ်ရင် အပြင်ကိုမထွက်နိုင်ဘူးထင်နေမယ်"ဟု ပြောသည်။ သူပြောသလိုပဲ သူ့အဘွားက ပြောပါသည်။ "မေမေ့စိတ်ထဲ အခုလို အပြင်ထွက်လိုက်တော့ ငါအပြင်ထွက်လို့ရပါလားဆိုပြီး စိတ်ထဲယုံကြည်မှုရှိလာတယ်" ဟုပြောသည်။ သမီးဘွဲ့ယူသည့်နေ့မှာ မေမေ၏စိတ်ဓာတ် ယခုလိုတက်လာတာကို မိသားစုဝမ်းသာကြရပါ သည်။ မေမေနှင့်ဘဘကို အိမ်ပြန်ပို့ပြီး စာရေးသူ၏ ဖခင်ရှိရာသို့ မိသားစုဓာတ်ပုံရိုက်ရန် ချီတက်ကြရပါ သည်။ တစ်ဦးတည်းသောသားကို မွေးထားသော မေမေနှင့်ဘဘအတွက် သမီးသည် ဒုတိယမြောက် ဘွဲ့ယူသောမြေးဖြစ်သလို သားသမီးရှစ်ယောက်မွေးထားသော စာရေးသူ၏ဖခင်အတွက် သမီးသည် စတုတ္ထမြောက်ဘွဲ့ယူသောမြေးဖြစ်ပါသည်။ ဖေဖေတို့အိမ်ရောက်တော့လည်း မောင်နှမတစ်တွေ တူတွေ တူမတွေ တစုတဝေးကြီးနှင့် စားကြသောက်ကြနှင့် ပျော်ကြရွှင်ကြနှင့် နေ့လယ် နှစ်ချက်ကျော်သွားပါသည်။ စာရေးသူကို မေမေက"သမီးကြီးတော့ တော်တော်မောနေပြီ" ဟုပြောခဲ့သည့်အတိုင်း မောတော့မောပါသည် သို့သော်ပျော်နေ၍ မောမှန်းမသိခဲ့ပါ။ စာရေးသူတို့လိုပင် တခြားတခြားသော ဘွဲ့တက်ယူကြသည့် မောင်မယ်တို့၏ မိဘဆွေမျိုးများမှာ ကိုယ်စီအတွေ့အကြုံလေးများ ရှိကြမည်ဖြစ်ပါသည်။ စာရေးသူ၏ အတွေ့အကြုံလေးကို နှိုင်းယှဉ်ပြီးသိရှိ စေလိုသောဆန္ဒဖြင့် ရေးသားလိုက်ခြင်းဖြစ်ပါသည်။

Comments