ဈေး Takathoshweyiwin

ဈေး
တက္ကသိုလ်ရွှေရီဝင်း

‘ဈေး’ ဆိုတဲ့ ဝေါဟာရကို ငယ်စဉ်ကလေးဘဝကစပြီး ကြားခဲ့သိခဲ့တာပါ။ မနက်တိုင်း ‘ဖေဖေနဲ့မေမေ ဈေးသွားတယ်’ ဆိုတဲ့စကားကို ကြားဖူးခဲ့တယ်။ တကယ်လည်း ဖေဖေက ကားမောင်းပြီး မေမေက ဖေ့ဖေ့ဘေး မှာ ထိုင်ပြီး ဈေးဝယ်ထွက်တယ်ပေါ့။
ကိုယ်ကိုယ်တိုင်အရွယ်ရောက်တော့လည်း ကိုယ့်ရဲ့အထက်အစ်ကိုနဲ့ ဈေးသွားရတာ မှတ်မိပါတယ်။ ဖေဖေက နောက်ပိုင်းဈေးလိုက်ပို့တာ အမှတ်မရတော့ပါ။ မောင်နှမနှစ်ယောက် ကြုံရင်ကြုံသလို သံဈေး ၊ မော် တင်ဈေး ၊ သိမ်ကြီးဈေး သွားကြပါတယ်။ အများဆုံးသွားတာက သံဈေးဖြစ်ပါတယ်။
ကိုယ်နေတဲ့အိမ်က ပြည်လမ်းမီးရထားခုံးနဲ့နီးတယ်။ ရန်ကုန်ထောင်ကြီးနဲ့နီးတယ်။ ဒီတော့ အနီးဆုံး သံ ဈေးသွားတာမှတ်မိတယ်။ အစ်ကိုလတ်က ကားမောင်းပြီး စာရေးသူက ဈေးခြင်းတောင်းကိုင်ပြီး ဘေးကထိုင် ပေါ့။
ဈေးသွားရင် မေမေကမှာတက်တယ်။ ငါးအရှင်တွေမဝယ်နဲ့ ၊ ကြက်လည်း အရှင်တွေမဝယ်နဲ့။ လုပ်ပြီး သားရောင်းတာပဲဝယ်တဲ့။ သံဈေးရောက်ရင် ငါးတွေက အားလုံးလိုလို ရှင်နေပြီး ကြက်တွေကလည်း ခြင်း တောင်းတွေထဲမှာ အော်ဟစ်နေတာချည်းပါပဲ။ မောင်နှမနှစ်ယောက် မျက်စိပျက် ၊ မျက်နှာပျက်နဲ့ မေမေမှာတဲ့ ငါးတွေ ကြက်တွေရှာရတာ တော်တော်ခက်ပါတယ်။ ဈေးသည်တွေကလည်း ထူးဆန်းတဲ့ ဈေးဝယ်သူမောင်နှမကို ငေးကြည့်လျှက်ပေါ့။
ငယ်ငယ်က ဈေးဝယ်တဲ့ ဈေးတွေထဲမှာ သံဈေးကို မှတ်မိနေတယ်။ အခုတော့ သံဈေးကိုမရောက်တာ ကြာလို့ မှတ်မိဖို့မလွယ်တော့ပါဘူး။
နောက် ဖေဖေပင်စင်ယူပြီး တောင်ဥက္ကလာပ ပြောင်းနေကြတယ်။ တောင်ဥက္ကလာပမှာတော့ နန္ဒဝန် ဈေးနဲ့ ကန်ဘဲ့ဈေးကို မှတ်မိတယ်။ နန္ဒဝန်ဈေးက သံဈေးနဲ့ဆင်တူတယ်လို့ထင်မိတယ်။ ကန်ဘဲ့ဈေးကတော့ လမ်းဘေးတစ်ဖက်တစ်ချက်မှာ ရောင်းတာဖြစ်လို့ ဈေးဝယ်ရတာ အရသာတစ်မျိုး ခံစားရတယ်။ တောင်ဥက္က လာပရောက်တော့ စာရေးသူ ဆယ်တန်းအောင်ပါပြီ။ ၁၉၆၆ ပါ။ ညီမတွေလည်း ဈေးတွေဘာတွေ ဝယ်တက် နေပါပြီ။
အခုလိုဈေးတွေရှိသလို အိမ်ဆိုင် ဈေးဆိုင်တွေ ဟိုးကတည်းက ရှိခဲ့တယ်။ ၁၉၅၀ ပတ်ဝန်းကျင် နယူး လင်းလမ်း ( စကားဝါပင်လမ်း ) မှာ နေစဉ်ကတည်းက ခြံထောင့်မှာ ဈေးဆိုင်လေးရှိတယ်။ အခုခေတ်စကားနဲ့ ဆို ကုန်စုံဆိုင်ပေါ့။ ဆီ ၊ ဆန် ၊ ဆား ၊ ငရုတ် ၊ ကြက်သွန် ၊ ကြက်ဥ အားလုံးရောင်းတယ်။ အခုခေတ်ကုန်စုံဆိုင် က စားသောက်ကုန်မရောင်းဘဲ တခြား သံ ၊ တူ ၊ မီးချောင်း ၊ မီးလုံး ၊ မီးဖို အစုံရောင်းတယ်။ အဲဒီခြံထောင့်က ဈေးဆိုင်ကလည်း ဈေးပြီးရင် အလွန်အသုံးဝင်ပါတယ်။ ငယ်ငယ်တုန်းက ကြက်ဥတစ်လုံး ဆယ်ပြား ၊ တစ်ကျပ် ဖိုးဆယ်လုံးနဲ့ ဝယ်ခဲ့ရတာ အဲဒီဆိုင်လေးပဲဆိုတာ မှတ်မိတယ်။
အခု တောင်ဥက္ကလာပရောက်တော့လည်း အဲဒီလိုဆိုင်မျိုးတွေ လမ်းတွေထဲမှာရှိတယ်။ ဒီတော့ ဈေးမှာ မေ့ခဲ့တာ ၊ အိမ်မှာ ထမင်းဟင်းချက်ဖို့ ပစ္စည်းပြတ်ရင် အဲဒီဈေးဆိုင်လေးတွေက အသုံးတည့်ပါတယ်။
တောင်ဥက္ကလာပမပြောင်းခင် ဝယ်ဖြစ်တဲ့ဈေးက စကော့ဈေးလို့ခေါ်တဲ့ ဗိုလ်ချုပ်ဈေးလည်း ပါပါတယ်။ အဲဒီမှာ အင်္ကျီချုပ် ၊ အတွင်းခံအင်္ကျီဝယ်တဲ့အခါဝယ် ၊ အော်ဒါမှာချုပ်တဲ့အခါ ချုပ်ပါတယ်။ မေမေအပ်နေကျ  အပ်ချုပ်ဆိုင်က ‘ရွှေကြည်ဝင်း’  အပ်ချုပ်ဆိုင်ပါ။ ဘယ်တော့မှာ ရက်ချိန်းအတိအကျမပြီးပါဘူး။ အဲဒီအပ်ချုပ် ဆိုင်မှာ နှစ်ပေါင်းများစွာအပ်ခဲ့တာ ပြည်ရိပ်သာကိုရောက်ပြီးသည်အထိ အပ်ဆဲပါပဲ။ မိဘနဲ့နေစဉ်ကတည်းက ရက်ချိန်းမမှန်တာ အိမ်ထောင်ကျပြီး ကလေးတွေရတဲ့အထိ ရက်ချိန်းမမှန်ခဲ့ပါဘူး။ ဒီလိုဖြစ်ပေမယ့်လည်း စ ကော့ဈေးက အဲဒီ ရွှေကြည်ဝင်းအပ်ချုပ်ဆိုင်ကို စွဲစွဲမြဲမြဲ အပ်ပြီးချုပ်ခဲ့ပါတယ်။ ရက်ချိန်းပေးလို့ သူ့ဆိုင်ရှိရာ အ ပေါ်ထပ်ကိုရောက်ရင် ကိုယ်အပ်ခဲ့တဲ့ ပိတ်စကို သူ့ရဲ့မှန်ဗီရိုထဲမှာ နေရာမယွင်းဘဲ တွေ့ခဲ့တာချည်းပါပဲ။ သူက နောက်ထပ်ရက်ချိန်းပေးပါတယ်။ ဒါပေမယ့် အဲဒီရက်မှာလည်း အင်္ကျီမရပါဘူး။ နှစ်ခါသုံးခါ အနည်းဆုံးသွားရွေး ရတာ မှတ်မိပါတယ်။ အိမ်ထောင်ကျပြီးတော့ ယောက္ခမဖြစ်သူက ချွေးမကို အင်္ကျီရွေးဖို့လိုက်ပို့တာ မျက်နှာ ပူရပါတယ်။ သမီးမိန်းကလေးမရှိတဲ့ သားတစ်ယောက်ပဲမွေးထားတဲ့ မိဘကတော့ မိန်းကလေးတွေက အင်္ကျီ အပ်ရင် ဒီလိုပဲလို့ ထင်မလားမသိပါ။
တောင်ဥက္ကလာပဈေးအကြောင်း ပြောပါ့မယ်။ ၁၉၆၅-၆၆ မှာ တောင်ဥက္ကလာပကို ပြောင်းပါတယ်။  ဖေဖေလည်း အသက် ၄၆ နှစ်မှာ ပင်စင်ပေးခြင်းခံရပါတယ်။ တောင်ဥက္ကလာပမှာတော့ ကန်ဘဲ့ဈေးနဲ့ နန္ဒဝန် ဈေး သွားဖြစ်ပါတယ်။ မြို့စွန်က ဈေးတွေဖြစ်လို့ ဝယ်လို့ကောင်းပါတယ်။ လူလည်း အဲဒီတုန်းက ဒီလောက်မ များသေးပါဘူး။ တောင်ဥက္ကလာပနဲ့နီးတဲ့ ရန်ကင်းက ဂွတ်တလစ်ဈေး ရှိပါတယ်။ အဲဒီဈေးတော့ မမှတ်မိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တောင်ဥက္ကလာပရောက်ပြီး စီးပွာရေးတက္ကသိုလ်တက်ပြီး အိမ်ထောင်ကျလို့ပါပဲ။ အိမ် ထောင်ကျတော့ သချာင်္ဆရားကြီးနေတဲ့ ပြည်ရိပ်သာလမ်းကို သျှောင်နောက်ဆံထုံးပါရပါတယ်။
ပြည်ရိပ်သာရောက်တော့ လှည်းတန်းဈေးနဲ့ ရင်းနှီးရပါတယ်။ တစ်ခါတရံ သုခလမ်းမှာရှိတဲ့ ကမာရွက် ဈေး ၊ သံတံတားလမ်းနားက ဂွဈေးကို သွားပါတယ်။ ကြုံသလိုဝယ်တာဖြစ်ပါတယ်။ သံဈေးကို ရောက်တော့ မရောက်တော့ပါ။ သိမ်ကြီးဈေးကိုတော့ အခြောက်အခြမ်းဝယ်ဖို့ သွားဖြစ်ပါတယ်။ မီးရထားရုံး ( ရန်ကုန်ဘူတာ ကြီး ) နားမှာ ကုန်တိုက် (၁) ပေါ်လာပါတယ်။ သိမ်ကြီးဈေးမှာ ကုန်တိုက် (၂) ဖွင့်ပါတယ်။ ဒါကလည်း အသစ် အဆန်းဈေးပါပဲ။
ကုန်တိုက် (၁) ဖွင့်တော့ စာရေးသူ လပ်ထပ်ကာစဖြစ်လို့ ယောက္ခမဖြစ်သူနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ ဝယ်တာမှတ်မိပါတယ်။ ကိုရီးယားက ဖွင့်တဲ့ဆိုင်မှာ ပိုက်ဆံအိတ် ၊ ဆပ်ပြာ ၊ အသုံးအဆာင်တွေဝယ်တာလည်း မှတ်မိပါတယ်။ စကော့ဈေးကိုတော့ အရင်ကလောက် မရောက်တော့ပါ။ ဒါပေမယ့် စကော့ဈေးက သားငါး ရောင်းတဲ့နေရာ ၊ စကော့ဈေးနောက်ဘက်က တံတားပေါ်ရောင်းတဲ့ ဈေးတွေကိုတော့ လွမ်းမိတာအမှန်ပါပဲ။
အိမ်ရှင်မတွေနဲ့ ဈေးကတော့ ခွဲလို့မရတာ အမှန်ဖြစ်ပါတယ်။ ဘယ်နေရာရောက်ရောက် ဟင်းချက်စရာ တွေ့ရင် မဝယ်ဘဲမနေနိုင်ပါဘူး။ ယောက်ျားဖြစ်သူက ဘယ်လောက်ပြောပြော တစ်ခုခုတော့ ရအောင်ဝယ်တက် ပါတယ်။ တစ်ခါတလေ ‘မင်းဈေးဝယ်ချင်ရင် နောက်တစ်ခေါက်လိုက်ပို့ပါမယ်’ ဆိုတာတောင် နောက်တစ်ခေါက် က နောက်တစ်ခေါက်ဖြစ်ပြီး ကြုံတုန်းလည်း ရအောင်ဝယ်တက်ပါတယ်။ ငယ်ငယ်တုန်းက အဖြစ်အပျက်တွေပါ။ ခုများတော့ ဈေးကို ဒီလောက် သံယောဇဉ်မထားနိုင်တော့ပါဘူး။
ဈေးအစား ကုန်တိုက်တွေ ၊ စတိုးဆိုင်ကြီးတွေ အစားဝင်နေပြီးဖြစ်လို့လည်း ပါပါတယ်။ ဒါပေမယ့် အဲဒီ ဆိုင်တွေကလည်း အိမ်ရှင်မတွေအတွက် လိုအပ်တဲ့  ပစ္စည်းတွေ တစ်ဆိုင်တည်းမရပါဘူး။ ဒီဆိုင်မှာရှိတာ ဟိုဆိုင်မှာမရှိဘူး။ အနည်းဆုံး နှစ်နေရာလောက်သွားမှ ကိုယ်လိုချင်တဲ့ ပစ္စည်းရပါတယ်။ ပိုဆိုးတာက အဲဒီဆိုင် တွေဟာ တစ်နေရာနဲ့တစ်နေရာ မနီးကြပါဘူး။ ဒီတော့ ဈေးကို ပစ်ပယ်လို့ မရပြန်ပါဘူး။ ဈေးက အသုံးဝင်ဆဲပါ ပဲ။
လမ်းဘေးဈေးသည်တွေဆီကလည်း ဝယ်ရဆဲပါပဲ။ ကုန်တိုက်တွေ ၊ ပလာဇာတွေ ၊ ပေါ်လာပါတယ်။  ဈေးလို့ခေါ်လို့ရသလို အဘက်ဘက်ကတိုးတက်နေတဲ့ ခေတ်ကြီးမှာ ဈေးမဟုက်တာတော့ အမှန်ပါပဲ။ ရောင်းသူ တွေက ဈေးသည်လို့ ခေါ်လို့မရတော့ပါဘူး။ သူတို့က ဝန်ထမ်းတွေဖြစ်လို့ ဝန်ထမ်းလို့ခေါ်ရမှာပါ။ မီးဖိုချောင်သုံး ပစ္စည်းစုံ ၊ စားသောက်ကုန်တွေ ၊ သားငါးကအစ ရပါတယ်။ ဝန်ထမ်းလို့ခေါ်ရမယ့် ဈေးရောင်းတဲ့သူတွေနဲ့ လည်း သိပ်တော့ သဟဇာတမဖြစ်သေးတာ အမှန်ပဲ။ သူတို့က ပစ္စည်းဘယ်လောက်ရောင်းရ ရောင်းရ လခစား ဆိုတော့ တစ်ခါတလေ စိတ်မပါတာတွေ တွေ့ရတယ်။ တချို့ကျတော့လည်း ပင်ကိုယ်စိတ်ကောင်းရှိတဲ့ ဝန်ထမ်း တွေဖြစ်လို့ ပြောလို့ဆိုလို့ကောင်းပါတယ်။
အဲဒီ ကုန်တိုက်လို့ခေါ်တဲ့ နေရာတွေက အဝတ်အထည် အသုံးအဆောင် အကုန်ရောင်းပါတယ်။ ဆိုင် ခန်းကြီးတွေ ဟိန်းနေသလို ဈေးတွေကလည်း ခေါင်ခိုက်နေပါတယ်။ အဲဒီနေရာက ဝန်ထမ်းတွေကတော့ သူတို့ ရောင်းတဲ့ပစ္စည်းတွေ ဈေးခေါင်ခိုက်နေသလို သူတို့အမူအရာကလည်း ခေါင်ကိုခိုက်နေပါတယ်။ ဝယ်သူကို လည်း အထင်အမြင်သေးတဲ့ အမူအရာနဲ့ ကြည့်တက်ပါတယ်။ ဈေးသည်နဲ့ဝယ်သူ ကြည်ဖြူဖို့ဆိုတာတော့ အဲဒီ ဆိုင်က ဝန်ထမ်းတွေနဲ့ မဖြစ်နိုင်ပါဘူး။
အဲဒီ ဈေးကြီးတဲ့ဆိုင်ကပဲ ဈေးချပါတယ်ဆိုလို့တော့ ဝယ်နိုင်မယ်မထင်လိုက်ပါနဲ့။ သောင်းဂဏန်း သိန်း ဂဏန်းပါပဲ။ ဒီလိုအချိန်မှာဆို သင်္ချာဆရာကြီးရဲ့ အတွေ့အကြုံကို နားထောင်ကြည့်စေချင်ပါတယ်။ ‘ ဟိုမှ ဈေးချတယ်ဆိုတာ တကယ်ဈေးချတာ။ သူတို့အနေနဲ့ ဆိုင်ရှင်းတယ်လို့ဆိုရမယ်။ အဲဒီအချိန်မှာ ကိုယ်လိုချင် တွေ ဈေးပေါပေါနဲ့ ဝယ်လို့ရတယ်။ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလဆိုရင်လည်း စာအုပ်တွေ အလကားနီးပါး ရောင်းတယ်။ အထူးသဖြင့် ကလေးဖတ်တဲ့ နှစ်စဉ် တစ်နှစ်တစ်ခါထုတ်နေတဲ့ စာအုပ်တွေကို ဈေးပေါပေါနဲ့ ရောင်းတယ်။ ၂၀၁၅ နှစ်ကုန်မှာ ၂၀၁၅ ကထုတ်တဲ့စာအုပ်ကို ဈေးပေါပေါနဲ့  ဝယ်ဖတ်ရတယ်ဆိုတော့ မဆိုးဘူးပေါ့’။
သူပြောတာကို အားကျပြီး ဂျူနီယာနဲ့ သားအမိနှစ်ယောက် ဈေးချတဲ့ကုန်ပစ္စည်းတွေဝယ်ဖို့ ဟန်ပြင်ကြ တာ အအောင်မြင်ခဲ့ပါဘူး။ မေမေရှိစဉ်ုတုန်းက ၃၈ လမ်းဈေးက လမ်းဘေးကအထည်လေးတွေ လျှောက်ဝယ် တာကို သတိရမိတယ်။ သင်္ချာဆရာကြီးက ပြင်သစ်မှာ ပညာတော်သင်သွားနေတာဆိုတော့ ဘဘမျက်စိ နောက်အောင် ချွေးမနဲ့ယောက်က္ခမ ဈေးဝယ်ထွက်တာ သတိရပါတယ်။
ဘယ်လောက်ပဲတိုးတက်ပြီး လကမ္ဘာကိုခြေချပြီး ၊ အင်္ဂါဂြိုဟ်မှာ ခိုလှုံဖို့ ကြီးစားနေတဲ့ ခေတ်ကြီးမှာ ဈေးဆိုတာ မပျောက်ကွယ်နိုင်ပါဘူး။ ဈေးဟာ အမြဲစည်ကားနေပါတယ်။ ရောင်းသူရော ဝယ်သူမှာ ခင်ခင်မင်မင် နဲ့ ရောင်းကြဝယ်ကြဆဲပါပဲ။ အခါကြီးရက်ကြီး ဈေးပိတ်ရက်တွေမှာတောင် ဈေးရုံကြီးပိတ်ပေမယ့် ပျံကျဈေး သည်တွေ ရှိနေတာမို့ စားသုံးသူအတွက် အဆင်ပြေပါတယ်။
အိမ်ရှင်မတွေ မီးဖိုချောင်နဲ့ ဆက်နွယ်နေသလို ဈေးဆိုတာ ကွယ်ပျောက်ဖို့ ခဲယဉ်းပါတယ်။ အိမ်ရှင်မ တွေကို ဈေးသွားရတာ ပျော်သလားလို့ မေးရင် မပျော်ပါဘူးလို့ ဖြေကြမယ်ထင်ပါတယ်။ ဒါပေမဲ့…… သူတို့က မပျော်ပေမယ့် မလုပ်မဖြစ်လုပ်ရမယ့် ကိစ္စပဲလေ။ ဒီတော့ ပျော်ပါတယ်လို့ အသံတိုးတိုးနဲ့ ပြောရမလိုဖြစ်နေ တယ်။ မိသားစုစကားဝိုင်းလို့ တင်စားတဲ့ ထမင်းဝိုင်းလေးအတွက် ဈေးက မရှိမဖြစ် လိုအပ်ချက်ဖြစ်နေတာကိုး။
တက္ကသိုလ်ရွှေရီဝင်း  အတွေးအမြင်  -   အမှတ် ၂၈၈   -၂၀၁၆ ဇွန်လ

Comments