၁၉၅၆-၁၉၅၉ ရန်ကုန်တက္ကသိုလ်ကျောင်းသားဘ၀ အတွေ့အကြုံများ - ဒေါက်တာ ခင်မောင်ဝင်း (သချာင်္)



၁၉၅၆-၁၉၅၉ ရန်ကုန်တက္ကသိုလ်ကျောင်းသားဘ၀ အတွေ့အကြုံများ
ဒေါက်တာ ခင်မောင်ဝင်း (သချာင်္)
(၁၁၈ မေလ ၁၉၉၆ အတွေးအမြင်)
ယခုမျိုးဆက်သစ်ကျောင်းသား/သူများ ဗဟုသုတရရှိစေရန်နှင့် ရန်ကုန်တက္ကသိုလ် ဖြတ်သန်းလာခဲ့ သော သင်ကြားရေးစနစ် အမျိုးမျိုးတို့ကို မှတ်တမ်းသဖွယ် ဖြစ်သွားစေရန် ဤဆောင်ပါးကို ရေးသားခြင်း ဖြစ်ပါသည်။
၁၉၅၆ခုနှစ် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘ၀ အတွေ့အကြုံများကို ရေးသားရာတွင် ထိုအချိန် ကတည်ရှိခဲ့သည့် ရန်ကုန်တက္ကသိုလ်၏ ပညာရေးစနစ်ကို နောက်ခံအဖြစ် အနည်းငယ်ပြောကြားရန် လိုအပ်ပါသည်။
ထိုအချိန်က ပထနှစ်သင်တန်း အားလုံးကို ရန်ကင်းကောလိပ် (ယခု ရန်ကင်းအထက) တွင်တက်ရောက်ကြရပါသည်။ ပထမနှစ် ၀ိဇ္ဖာသင်တန်းများကို ထီးတန်း ကောလိပ် (ယခုထီးတန်းအထက) တွင်တက်ရောက်ကြရပါသည်။ ဘာသာရပ် သင်တန်းဌာနများသည် ရန်ကုန်တက္ကသိုလ်ပင်မ၌သာ တည်ရှိပြီး ဆရာ၊ ဆရာမများ ကသက်ဆိုင်ရာ ကောလိပ်များသို့ ပင်မမှ တစ်နာရီတစ်ကြိမ်ပြေးဆွဲသော ဘတ်စ်ကားဖယ်ရီများဖြင့် သွားရောက် သင်ကြားကြရပါသည်။
ထိုအချိန်က ယခုတည်ရှိသော Major System အဓိကဘာသာ၊ ယခုအခေါ်အဝေါ် အထူးပြု ဘာသာ စနစ်မရှိသေးပါ။ ထိုအချိန်က ကျင့်သုံးသော စနစ်မှာ Combination System ခေါ် ဘာသာတွဲစနစ် ဖြစ်ပါသည်။ သိပ္ပံဘာသာတွဲနှစ်မျိုး ရှိပါသည်။ ၎င်းတို့မှာ သင်္ချာသိပ္ပံတွဲနှင့် ဇီဝသိပ္ပံတွဲတို့ ဖြစ်ပါသည်။ သင်္ချာသိပ္ပံ  တွဲတွင် အင်္ဂလိပ်စာ၊ မြန်မာစာ၊ ရှုပဗေဒ၊ ဓတုဗေဒ၊ သင်္ချာဟူသော ဘာသာများကို သင်ယူရပါ သည်။ ဇီဝဘာသာတွဲတွင် အင်္ဂလိပ်စာ၊ မြန်မာစာ၊ ရှုပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ ဟူသော ဘာသာများကို သင်ယူရပါသည်။ ၀ိဇ္ဖာဘာသာတွဲများလည်း အမျိုးမျိုးရှိပါသည်။ ဆယ်တန်းကို မည်သည့်ဘာသာတွဲဖြင့် အောင်မြင်ခဲ့သည်ဖြစ်စေ တက္ကသိုလ်တွင် နှစ်သက်ရာဘာသာတွဲကို ယူခွင့်ရှိသည်။
အခေါ်အဝေါ်များမှာလည်း ယခုနှင့်ကွားခြားမှုများရှိပါသည်။ ပထမနှစ် သင်တန်းကို ဥပစာ (က) Inter (A) ဟုခေါ်သည်။ ဒုတိယနှစ် သင်တန်းကို ဥပစာ (ခ) Inter (B) ဟုခေါ်သည်။ သိ သိပ္ပံ ပထမနှစ်ဆိုလျှင် I.Sc (A)၊ သိပ္ပံ ဒုတိယနှစ်ကို I.Sc (B)၊၀ိဇ္ဇာပထမနှစ်ကို I.A(A)၊ ၀ိဇ္ဇာဒုတိယနှစ်ကို I.A.(B) ဟုခေါ်ပါသည်။ ဒုတိယနှစ်သိပံ္ပ I.Sc.(B) ကို သင်္ချာတွဲဖြင့် အောင်မြင်ပြီး အမှတ်မီသူများသာ စက်မှုတက္ကသိုလ်သို့ တက်ခွင့်ရပါသည်။ ဒုတိယနှစ်သိပ္ပံI.Sc.(B) ကို ဇီဝတွဲဖြင့် အောင်မြင်ပြီး အမှတ်မီသူများသာ ဆေးတက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိပါသည်။ I.Sc.(A) နှင့် (B) တို့၏ အရှည်မှာ Intermediate of Science, Part (A) နှင့် (B) ဖြစ်ပြီး I.A.(A) နှင့် (B) မှာ Intermediate of Arts, Part (A) နှင့် (B) ဖြစ်ပါ သည်။
ကျွန်တော်သည် ၁၉၅၆ခုနှစ်တွင် I.Sc.(A) အတန်းကို သင်္ချာ သိပ္ပံ တွဲဖြင့် စတင်၍ တက်ခဲ့ပါသည်။ ထိုအချိန်က သင်္ချာသင်ရိုးသည် ယခုခေတ်နှင့် လုံးဝနှိုင်းယှဉ်၍မရပါ။ အကြောင်းအရာအားဖြင့် ကြည့်လျှင် အလွန်နိမ့်သည်။ ယခုခေတ်ဆယ်တန်းအဆင့်ပင်မရှိဟု ဆိုနိုင်ပါသည်။ သင်္ချာတွင် သင်ခဲ့ရသော ဘာသာ များမှာ အက္ခရာသင်္ချာ (Alegebra)၊ ဂျီသြမေတြီ (Geometry) ၊ တြီဂိုနီုမေတြီ (Trigonometry)၊ ထုထည် ဂျီသြမေတြီ (Solid Geometry) တို့ဖြစ်ကြသည်။
အက္ခရာသင်္ချာအောက်တွင် ယခုခေတ်ကိုးတန်းနှင့် ဆယ်တန်းအဆင့်တွင် ပါဝင်သော ထပ်ညွှန်း (indices)၊ လော့ဂရီသမ် (Logarithm)၊ မသိကိန်းတစ်လုံး၊ နှစ်လုံး၊ သုံးလုံးပါညီမျှခြင်း (Equations in one, two, three variables) တို့ဖြစ်ပါသည်။ ဂျီသြမေတြီအောက်တွင် ယခုဆယ်တန်းအဆင့်တွင် သင်ကြား သော သီအိုရမ်များဖြစ်သည်။ တြီဂိုနိုမေတြီတွင်လည်း ယခုဆယ်တန်းအဆင့်ထက် အနည်းငယ်သာပိုပါ သည်။ ထုထည်ဂျီသြမေတြီသာလျှင်အသစ်ဖြစ်ပါသည်။
ယခုအခါတွင် မသိကိန်းတစ်လုံး၊ နှစ်လုံး၊ သုံးလုံးပါညီမျှခြင်းများကို ဆယ်တန်းလောက်တွင် အပြီး သင်ရပါသည်။ ထိုအချိန်က တက္ကသိုလ်ပထမနှစ်တွင် ထိုအကြောင်းကို တစ်နှစ်လုံးလောက် သင်ရသည်ဟု ဆိုသော်အကြောင်းအရာအားဖြင့် အတော်အဆင့်နိမ့်သည်ဟု ထင်ရပေမည်။
အကြောင်းအရာအားဖြင့် အဆင့်နိမ့်သည်ဟု ဆိုနိုင်သော်လည်း အတွေးအခေါ်အားဖြင့် အလွန် မြင့်ပါသည်။ ယခုဆယ်တန်းအဆင့်တွင် ညီမျှခြင်းပုံစံ လေး ငါးမျိုးလောက်ကိုသာသင်၍ ပြီးဆုံးသွားသည်။ ထိုအချိန်က တက္ကသိုလ်ပထမနှစ်တွင် ညီမျှခြင်းပုံစံ သုံးဆယ်လောက်ကို သင်ကြရသည်။ တစ်မျိုးစီအောက် တွင်လည်း တွက်နည်းအဖုံဖုံဖြင့် ပုစ္ဆာပေါင်း နှစ်ဆယ်စီလောက်ကိုတွက်ပြ၊ နောက်ထပ် နှစ်ဆယ်စီလောက် ကို ကိုယ်တိုင်လေ့ကျင့်ရပါသည်။ စာမေးပွဲတွင်လည်း ဥာဏ်စမ်းသဘောမျိုးကြိုက်ရာကို မေးသည့်စနစ် ဖြစ်သဖြင့် ကျောင်းသားဘက်မှ မမြင်ဖူးသေးသောပုစ္ဆာများကိုယ်တိုင်အတော်လေ့ကျင့်ထားကာမှ တော်ရုံ ကျသည်။ ဤသည်ကား အက္ခရာသင်္ချာအောက်မှ ခေါင်းစဉ်ငယ်တစ်ခုမျှသာ ရှိသေးသည်။ ထိုနည်းတူစွာ အခြားခေါင်းစဉ်များအောက်တွင်လည်း များစွာလေ့ကျင့်ရပါသည်။ ထိုအချိန်က သင်ကြားခြင်းရည်ရွယ်ချက် မှာ ကျောင်းသားကိုယ်တိုင် မည်သည့်ပုစ္ဆာကိုမဆို ကိုယ်ပိုင်ဥာဏ်ဖြင့် စဉ်းစား၍ တွက်တတ်ရန် ဖြစ်ပါသည်။ အလွတ်ကျက်မှတ်၍ ပြန်လည်ရေးသားခြင်းကို အားလည်းမပေးပါ။ ထိုကဲ့သို့ပြုလုပ်ခြင်းဖြင့်လည်း စာမေးပွဲ ကိုမအောင်နိုင်ပါ။
ပထမနှစ် I.Sc(A) အောင်သောအခါ ဒုတိယနှစ် I.Sc(B)ကိုတက်ရန် ရန်ကုန်တက္ကသိုလ်ပင်မသို့ ပြောင်းရပါသည်။ ဒုတိယနှစ်တွင် သင်္ချာသိပံ္ပတွဲတွင် သင်ယူရသည့် ဘာသာရပ်များမှာ အင်္ဂလိပ်စာ၊ မြန်မာစာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာဖြစ်ပြီး ဇီဝသိပ္ပံဘာသာတွဲတွင် သင်္ချာအစား ဇီဝဗေဒကို သင်ရပါ သည်။
ဒုတိယနှစ်သင်္ချာသင်ရိုးသည်လည်း အကြောင်းအရာအားဖြင့် ယခုထက်အဆင့်နိမ့်သည်ဟု ဆိုရ ပါမည်။ အက္ခရာသင်္ချာအောက်တွင် နှစ်ထပ်ကိန်းညီမျှခြင်းနှင့် ကိန်းတန်းသီအိုရီ (Theory of Quadiatic Equation and Expressions)၊ စီစဉ်နည်းနှင့်တွဲနည်း (Permutation and Combinations) ဘိုင်နိုမီယမ် သီအိုရမ် (Bionomial Theorem) တို့ဖြစ်ပါသည်။ တြီဂိုမေတြီအောက်တွင် General Angle, Sums and Products နှင့် Properties of Triangles တို့ကိုသင်ပြီး Co-ordiante Geometry အောက်တွင် မျဉ်းဖြောင့် နှင့် စက်ဝိုင်း (Straight Line and Circle) ကိုသာ သင်ရပါသည်။ အကြောင်းအရာအားဖြင့် ယခုခေတ် ပထမနှစ်အဆင့်ထက်ပင် နိမ့်သည်ဟုဆိုနိုင်ပါသည်။ ယခုပထမနှစ်သင်ရိုးတွင် ဆိုခဲ့ပြီးသော ခေါင်းစဉ်များ အပြင် Complex Numbers, Probability, Ellipse,Hyperbola, Differential Calculus တို့ ပါဝင်သဖြင့် ၁၉၅၇ခုနှစ်က ကျွန်တော်တို့သင်ကြားခဲ့ရသော ဒုတိယနှစ်သင်ရိုးထက် အကြောင်းအရာအားဖြင့် များပြား သည်ဟုဆိုရပါမည်။
ထိုအချိန်က သင်ကြားခဲ့ရသော ဒုတိယနှစ် သင်္ချာသင်ရိုးသည် အကြောင်းအရာခေါင်းစဉ်ဖြင့် နည်းသော်လည်းတွက်ရသည့် ပုစ္ဆာအရေအတွက်နှင့် အဆင့်အတန်းသည် မနိမ့်လှပါ။ ဥပမာ မျဉ်းဖြောင့်ဟူသော ခေါင်းစဉ်အောက်၌ပင် မျဉ်းဖြောင့်၏ ပုံသေနည်းပုံစံများ၏ သက်သေပြချက်များနှင့် ပုံစံတစ်ခုစီအောက်တွင်လည်း ပုစ္ဆာများစွာကို လေ့ကျင့်ထားရ ပါသည်။ ထိုမှသာ စာမေးပွဲတွင် မေးသောပုစ္ဆာအသစ်များကို ကိုယ်တိုင်စဉ်းစား၍တွက်နိုင်ပါသည်။ ထို အချိန် က အတန်းထဲ၌ သင်ထားသော ပုစ္ဆာကို တိုက်ရိုက်ပြန်၍ စာမေးပွဲတွင် မေးသည့်ထုံးစံမရှိသဖြင့် ပုစ္ဆာနှင့် အဖြေကို အလွတ်ကျက်ထား၍ မရနိုင်ပါ။ အကယ်၍ ပုစ္ဆာနှင့်အဖြေကို အလွတ်ကျက်ထားမည်ဆို လျှင်လည်း ရာနှင့်ချီ၍ ကျက်ထားရမည်ဖြစ်သည်။ ထို့ကြောင့် အတွေးအခေါ်၊ သဘောတရား၊ တွက်နည်း တို့ကိုသာ အလေးထား၍ သင်ကြားရပါသည်။
Inter (B) ခေါ် ဒုတိယနှစ်ပြီးဆုံးသွားသောအခါ စနစ်သည် အနည်းငယ်ပြောင်းလဲသွားပြန်သည်။ သင်္ချာသိပ္ပံဖြစ်အောင်မြင်ပြီး အမှတ်မီသူများသည် စက်မှုတက္ကသိုလ်သို့ တက်ရောက်ခွင့်ရှိသည်။ ဇီဝသိပ္ပံ ဖြင့်အောင်မြင်ပြီ အမှတ်မီသူများသည် ဆေးတက္ကသိုလ်သို့ တက်ရောက်နိုင်သည်။ ထိုကဲ့သို့ တက်ရောက်ရန်  အဆင့်မီမမီကို စာမေးပွဲအောင်စာရင်းထွက်သည့်အခါတွင် တစ်ပါတည်း ကြေညာထားသည်။ ထိုအချိန် က စီးပွားရေးတက္ကသိုလ် မရှိသေးပါ။ စီးပွားရေးဘာသာရပ်များ ဖြစ်ကြသော စာရင်းအင်း၊ စာရင်းကိုင်၊ ဘောဂဗေဒ ဟူသော ဌာနများသည် ရန်ကုန်တက္ကသိုလ် အောက်တွင် ရှိနေသေးသည်။
ဒုတိယနှစ်ကို ၀ိဇ္ဇာတွဲဖြင့် အောင်မြင်ပြီးသူများသည် ၀ိဇ္ဇာတွဲကိုသာ တတိယနှစ်တွင် ဆက်လက်၍ ယူခွင့်ရှိသည်။ ထိုအချိန်က တတိယနှစ် ၀ိဇ္ဇာကို ၀ိဇ္ဇာအပိုင်း(က) B.A Part (A) ဟုခေါ်သည်။ ဒုတိယနှစ်ဝိဇ္ဇာတွဲကို သင်္ချာဘာသာဖြင့် အောင်မြင်သူများသည် သင်္ချာကို ယူလိုက ယူနိုင်သည်။ ထိုအခါ ရိုးရိုးသင်္ချာ (Pure Mathematics) တစ်ခုတည်း သို့မဟုတ် ရိုးရိုးသင်္ချာနှင့် အသုံးချသင်္ချာ (Applied Mathematics) နှစ်ခု ယူနိုင်သည်။ သင်္ချာ မယူလိုပါက အခြားဝိဇ္ဇာဘာသာကို ယူနိုင်သည်။
ဒုတိယနှစ်ကို သိပံ္ပတွဲဖြင့် အောင်မြင်သူများသည် အကယ်၍ သိပ္ပံတွဲကို မယူလိုတော့လျှင် ၀ိဇ္ဇာ ဘာသာတွဲကို ပြောင်းနိုင်သည်။ သင်္ချာသိပ္ပံတွဲကို ဆက်လက်၍ယူမည်ဆိုလျှင် ရိုးရိုးသင်္ချာကိုယူပြီး အသုံးချ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ဟူသော သုံးခုထဲမှ နှစ်ခုကို ယူရမည်ဖြစ်သည်။
ဒုတိယနှစ် အောင်မြင်ပြီး ဂုဏ်ထူးတန်း (Honuours) တက်ရန် စည်းမျဉ်း စည်းကမ်းများမှာလည်း ယခုကျင့်သုံးသော စည်းမျဉ်းများနှင့် ကွဲပြားပါသည်။ ဂုဏ်ထူးတက်လိုသော သူများသည် သက်ဆိုင်ရာ ဘာသာရပ် ပါမောက္ခထံတွင် တိုက်ရိုက်လျှောက်ရသည်။ ဂုဏ်ထူးတန်းတက်ခွင့်ပေးခြင်း၊ မပေးခြင်းသည် ပါမောက္ခ သဘောအတိုင်းဖြစ်သည်။ ဂုဏ်ထူးတန်း တက်ခွင့်ရရှိသူများသည် ပထမနှစ်ဂုဏ်ထူးတန်း၊ ဒုတိယနှစ် ဂုဏ်ထူးတန်း၊ တတိယနှစ် ဂုဏ်ထူးတန်းဟူ၍ သုံးနှစ်တက်ပြီးမှ ဘွဲ့ရရှိသည်။
ဂုဏ်ထူးတန်း မတက်သူများသည် နောက်ထပ်နှစ်နှစ်တက်ပြီး အောင်မြင်လျှင်ဘွဲ့ရသည်။
မဟာဝိဇ္ဇာ၊ မဟာသိပ္ပံ (M.A., M.Sc.) တက်ခွင့်နှင့်ဆိုင်သော စည်းမျဉ်းမှာလည်း ယခုနှင့် အနည်း ငယ်ကွာခြားသည်။ မဟာသိပံ္ပတက်ရန်အတွက် နည်းလမ်းနှစ်ရှိသည်။ တစ်ခုမှာ ဂုဏ်ထူးတန်းတက်ရောက် ပြီး ဒုတိယအဆင့်ဖြင့် အောင်မြင်အောင် လုပ်သောနည်းဖြစ်သည်။ ဤဒုတိယအဆင့်ဖြင့် မအောင်မြင်ခဲ့လျှင် ဆက်လက်၍တက်ခွင့်မရရှိတော့ပါ။ ဂုဏ်ထူးတန်းတက်ပြီး ဒုတိယအဆင့်ရ၊ မရမှာလည်း မသေချာသဖြင့် ဂုဏ်ထူးတန်းကို တက်ရောက်၍ မဟာသိပံ္ပတက်ရန် နည်းလမ်းကို ရွေးချယ်သူအလွန်နည်းပါးပါသည်။ နှစ်စဉ်ဂုဏ်ထူးတန်းတက်သူသည် တစ်ဘာသာလျှင် ဆယ်ယောက်လောက်သာ အများဆုံးရှိတတ်ပြီး ပထမ အဆင့်နှင့် ဒုတိယအဆင့်တို့ဖြင့် အောင်မြင်သူသည် သုံး-လေးယောက်မျှသာ ရှိတတ်ပါသည်။
မဟာသိပ္ပံတက်ရန်အတွက် ဒုတိယနည်းလမ်းမှာ တစ်နှစ်ပို၍ ကြာသော်လည်းပိုမို၍စိတ်ချရ၊ စိတ်အေးရသဖြင့် ထိုနည်းလမ်းကို ရွေးသူပို၍များပြားပါသည်။ ယင်းနည်းလမ်းမှာ ရိုးရိုးဘွဲ့ရရှိပြီး မဟာသိပံ္ပ အရည်အချင်းစစ်ပထမနှစ် (Q-1)နှင့် ဒုတိယနှစ် (Q-2) ကို တက်ရန်ဖြစ်သည်။ ယခုလက်ရှိ စည်းမျဉ်းများ နှင့် မတူသောအချက်မှာ ဘွဲ့ရရှိသူတိုင်းသည် နောက်ဆုံးနှစ်တွင် သင်ယူခဲ့သော ဘာသာရပ်များထဲမှ ကြိုက်ရာဘာသာကိုရွေး၍ မဟာသိပံ္ပ အရည်အချင်းစစ် (Q-1)အတန်းကို တက်ခွင့်ရှိခြင်းပင်ဖြစ်သည်။

ကျွန်တော်သည် ဒုတိယနှစ်သိပံ္ပကို သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒအတွဲဖြင့် ၁၉၅၈ခုနှစ်တွင် အောင်မြင်ခဲ့သည်။ ထိုအချိန်တွင် ကျွန်တော်၏စိတ်သည် နှစ်ခွဖြစ်လာခဲ့သည်။ တစ်ဖက်တွင် ယခင်မူလက ၀ါသနာပါခဲ့သော အင်္ဂလိပ်စာပေကို ဆည်းပူးချင်စိတ်ဖြစ်လာသည်။ တစ်ချိန်တည်းမှာပင် နှစ်နှစ်တိုင်တိုင် သင်ကြားခဲ့ရသော သင်္ချာကိုလည်း ၀ါသနာပါဝင်စပြုလာသည်။ ယခင်မူလက ၀ါသနာပါခဲ့သော အင်္ဂလိပ်စာပေကို လေ့လာလိုက်စားခွင့်ရရှိစေရန်နှင့် အလွန်နက်နဲသော သင်္ချာကိုလည်း ဆက်လက် လေ့လာခွင့်ရရှိရန် လုပ်နိုင်သော နည်းတစ်ခုသာရှိတော့သည်။ ၄င်းမှာ ၀ိဇ္ဇာလိုင်းသို့ ပြောင်းရန်သာဖြစ် သည်။ ဤကဲ့သို့ သင်္ချာပါဝင်သော ၀ိဇ္ဇာဘာသာတွဲသို့ ပြောင်းနိုင်ခြင်းမှာ ထိုအချိန်က ကျင့်သုံးခဲ့သော စည်းမျဉ်းများကြောင့်ဖြစ်သည်။ တတိယနှစ်၊ ထိုအချိန်က အခေါ်အဝေါ်အားဖြင့် B.A. Part (A) တွင် ရိုးရိုး သင်္ချာ၊ အသုံးချသင်္ချာ၊ အင်္ဂလိပ်စာပေ (English Literature) ဟူသော ဘာသာတွဲကိုယူရန် ဆုံးဖြတ်လိုက် သည်။ ထိုအချိန်က B.A., B.Sc အတန်းတွင် ယခုခေတ်တွင် မကြားဖူးသော ဘာသာတွဲများစွာရှိခဲ့ပါသည်။ ဥပမာအချို့ကို ဖော်ပြရသော် ရိုးရိုးသင်္ချာ၊ ဓာတုဗေဒနှင့် ပါဠိအတွဲ၊ ရိုးရိုးသင်္ချာ၊ စာရင်းအင်းပညာနှင့် သမိုင်း အတွဲ၊ ရိုးရိုးသင်္ချာ၊ အသုံးချသင်္ချာနှင့် ပထ၀ီအတွဲစသည်တို့လည်း ရှိခဲ့ပါသည်။
ကျွန်တော်၏ရည်ရွယ်ချက်မှာ စတုတ္ထနှစ်ရောက်သည့်အခါတွင် အခြေအနေကိုကြည့်၍      အင်္ဂလိပ်စာ မဟာဝိဇ္ဇာ သို့မဟုတ် သင်္ချာမဟာဝိဇ္ဇာ၊ အရည်အချင်းစစ် အတန်းသို့တက်ရောက်ရန် ဖြစ်ပါသည်။ သို့သော်ကျွန်တော်ထည့်သွင်းမစဉ်းစားခဲ့မိသည်မှာ ကျွန်တော်စတုတ္ထနှစ်ရောက်သည့်နှစ်တွင် ပညာရေးစနစ် ပြောင်းလဲမှုကြောင့် သင်္ချာဂုဏ်ထူးတန်းသို့ မတက်မဖြစ်တက်ရောက်ရန် ဖြစ်လာသည့် အခြေအနေပင်ဖြစ်ပါသည်။
ထိုအကြောင်းကို ဆက်လက်ဖော်ပြပါမည်။                                      ဒေါက်တာခင်မောင်ဝင်း

Comments