၁၉၆၄-၆၅ ပညာသင်နှစ်အတွင်း ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခြင်းအတွေ့အကြုံများ ဒေါက်တာခင်မောင်ဝင်း(သချာင်္)
၁၉၆၄-၆၅ ပညာသင်နှစ်အတွင်း ရန်ကုန်တက္ကသိုလ်တွင်
ပညာသင်ကြားခြင်းအတွေ့အကြုံများ
ဒေါက်တာခင်မောင်ဝင်း(သချာင်္)
အတွေးအမြင်အမှတ် ၁၂၀ စက်တင်ဘာ ၁၉၉၆
၁၉၆၄ - ခုနှစ် မတိုင်မီက ရန်ကုန်တက္ကသိုလ်နှင့်
မြန်မာနိုင်ငံရှိ တက္ကသိုလ်ကောလိပ်များတွင် ဘာသာတွဲစနစ် (Combination System) သာရှိခဲ့သည်။
၁၉၆၄ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော အပြောင်း အလဲများမှာ -
(၁) ယခင်ရန်ကုန်တက္ကသိုလ်ကို ရန်ကုန်ဝိဇ္ဇာနှင့်သိပံÜတက္ကသိုလ်
(Rangoon Arts and Science University) (RASU) ဟု အမည်ပြောင်း၍ အလားတူ တက္ကသိုလ်နှင့်ကောလိပ်များတွင်
အထူးပြုဘာသာ စနစ် (Major System) ဖြစ်လာခြင်း။
(၂) စီးပွားရေးတက္ကသိုလ်၊
ပညာရေးတက္ကသိုလ်၊ ရန်ကုန်စက်မှုတက္ကသိုလ်၊ ဆေးတက္ကသိုလ် ဟူသော တက္ကသိုလ်အသစ်များပေါ်ပေါက်လာပြီး
၎င်းတို့ကို ဆယ်တန်းအောင်ပြီး ပထမနှစ်မှ စတင်တက် ခွင့်ပြုခြင်း။
(၃) တက်ခွင့်ကို
ဆယ်တန်းအောင်သည့်အမှတ်ပေါ်တည်၍ ရွေးချယ်ခြင်း။
(၄) ပါမောက္ခချုပ်မှ
စတင်၍ နည်းပြအထိ ခန့်ထားခြင်း၊ ပြောင်းရွေ့ခြင်းတို့ကို အထက်တန်း ပညာဦးစီးဌာန (ယခုအဆင့်မြင့်ပညာဦးစီးဌာန)
မှ လုပ်ကိုင်ဆောင်ရွက်ခြင်းတို့ဖြစ်ကြသည်။
ထိုအချိန်က ကျွန်တော်သည် ရန်ကုန်ဝိဇ္ဇာနှင့်သိပံÜတက္ကသိုလ်၊
သင်္ချာဌာနတွင် လက်ထောက် ကထိကအဖြစ် စတင်တာဝန်ထမ်းဆောင်ရပါသည်။ ကျွန်တော်သည် နည်းပြလုပ်စဉ်အခါက
ကျွန်တော် အထက်က လက်ထောက်ကထိကနှင့်ကထိကများနှင့်ဆက်ဆံရာမှ ရရှိခဲ့သော အတွေ့အကြုံများကို
အသုံး ပြုလျက် ကျွန်တော်ကိုယ်တိုင် ကျောင်းသားများအား သင်ကြားရမည်ကို စဉ်းစားနေမိသည်။
ကျွန်တော့်ကို သင်ကြားခဲ့သော ဆရာများထံမှ မည်သူ့ကို အတုခိုးလျှင် ကောင်းမည်ကိုလည်းမဆုံးဖြတ်တတ်
ဖြစ်နေ သည်။ ဖြစ်နိုင်လျှင် ကျွန်တော့်ကို သင်ခဲ့သော ဆရာတစ်ဦးစီထံမှ ကောင်းသော အရည်အချင်းများကို
အားလုံးယူလိုက်ချင်သည်။ ကျွန်တော်အတုခိုးချင်သော ဆရာသုံးယောက်ကို ဥပမာပေးပါမည်။
ပထမဆရာမှာ ဆရာဦးဘတုပ်ဖြစ်သည်။ စကားကိုလည်း
ဖြည်းဖြည်းနှင့်လေးလေးနားဝင်အောင် ပြောတတ်သည်။ ရေးသည့်အခါလည်း လက်ရေးအလွန်လှ၍ လိုက်ကူးရတာလည်း
အဆင်ပြေသည်။ အတန်းထဲ၌ နားထောင်နေသည့်အခါတွင် အလွန်နားလည်သဖြင့် သူသင်သော ဘာသာသည် အလွန်လွယ်
သည်ဟု မှတ်ထင်ရသည်။ သို့သော် ပြန်ဖတ်သောအခါတွင် အလွန်ခက်မှန်းသိရသည်။ ထင်သလောက် မလွယ်၊
သူ့ဘာသာဆိုလျှင် စာမေးပွဲတွင် မှန်းသလောက်ဘယ်တော့မှမဖြေနိုင်ချေ။
နောက်ဆရာတစ်ဦးမှာ ဆရာဦးကိုကိုလေးဖြစ်သည်။
သူစာသင်တာကြည့်နေရလျှင် စာသင်တာနှင့်မတူ၊ ရုပ်ရှင်မင်းသား ရုပ်ရှင်ရိုက်နေသလိုဖြစ်သည်။
သူစကားပြောတာကို နားထောင်လျှင်သူသည် သူသင်နေ သော ဘာသာရပ်ကို အလွန်ကျွမ်းကျင်တတ်မြောက်ကြောင်းကို
သိသာနေ၏။ သူသင်နေသော ဘာသာရပ် ၏ခက်ခဲနက်နဲမှုကို ပေါ်လွင်အောင် ပြောနိုင်၏။ သူသင်နေသည့်
အချိန်တွင် သူစကားပြောသည့်နောက်သို့ စိတ်ပါသွားအောင်ပြော နိုင်သော်လည်း ဘာသာရပ်နှင့်ပတ်သက်၍မူ
ဘာကိုမှနားမလည်ချေ။ သူ့အတန်းတက်ပြီှးလျှင် ကျောင်းသားအများစုပြော သောစကားမှာ
"ဆရာပြောတာနားထောင်လို့ သိပ်ကောင်းတာပဲ။ ဒါပေမဲ့ ဘာမှတော့နားမလည်ဘူး" ဟူ၍
ဖြစ်သည်။ သို့သော် အိမ်သို့ပြန်ရောက်၍ သူရေးပေးထားသော မှတ်စုများကို ပြန်ဖတ်သောအခါ
အဆင့် ဆင့် အလွန်စနစ်ကျသည်ကို တွေ့ရသည်။ စိတ်ထဲတွင် ဒါဘာကြောင့်ပါလိမ့်ဟု ဖြစ်ပေါ်လာတိုင်း
ထို မေးခွန်း၏ အဖြေသည် အောက်မှာကပ်လျက်ပါလာသည်။
နောက်တစ်ဦးမှာ ဆရာဦးအောင်စိန်ဖြစ်သည်။
သူ၏လက်ရေးမှာ ဦးဘတုပ်ကဲ့သို့ မကောင်း၊ သူ၏မှတ်စု များမှာ ဦးကိုကိုလေး၏ မှတ်စုများကဲ့သို့
စနစ်မကျချေ။ သို့သော် ထိုဆရာနှစ်ဦးစလုံးတွင် မရှိသော အရည်အချင်းတစ်ခုသူ့မှာရှိ၏။ ၎င်းမှာ
သူသင်ကြားသောစာ၏ ရည်ရွယ်ချက်၊ ဦးတည်ချက်ကို ပေါ်လွင် အောင် ရှေးဦးစွာ ပြောခြင်းနှင့်
အခြေခံကျကျ တွေးခေါ်နည်းကို အစဉ်မပြတ် သင်ကြာားပေးခြင်းဖြစ်သည်။ သူသည် မည်သည့်ဘာသာရပ်ကို
သင်စေကာမူ အတွေးအခေါ်တစ်ခုတည်းကိုသာ တစ်သမတ်တည်းပေး ၏။ သူအမြဲတမ်းပြောသောစကားမှာ အချက်အလက်များနောက်သို့
လိုက်နေလျှင် ဘယ်တော့မှ မဆုံးနိုင် ကြောင်း၊
ထိုအချက်အလက်များကိုစုစည်းထားသော အတွေးအခေါ်ကိုသာ မြင်အောင်ကြည့်ရမည်။ သင်္ချာတွင် အခြေခံမှာ
အကြောင်းနှင့် အကျိုးကို မြင်အောင်ကြည့်ဖို့သာ ဖြစ်သည်။ မည်သည့်အကြောင်းအရာကို လေ့လာစေကာမူ
အကြောင်း နှင့် အကျိုးကို ခွဲခြားတတ်အောင် ကြည့်ရမည်။ သိပြီးသောအခါ အကြောင်းထဲမှ အချို့အချက်အလက်များ
ကို လျှော့လိုက်လျှင် ဘာဖြစ်လာမည်၊ နောက်ထပ်တိုးလျှင် ဘာတွေထပ်ဖြစ်လာမည်။ အပြန်အလှန်
မှန်မမှန်တို့ကို အမြဲတမ်း လေ့လာကြည့်ရမည်ဟု ဆုံးမသည်။ ယခုအခါတွင် သူသင်ကြားခဲ့သော
အချက်အလက်များကို အားလုံးမေ့ကုန်ပြီ ဖြစ်သည်။ သို့သော် သူပေးခဲ့သော တွေးခေါ်နည်းကို
သတိရနေဆဲဖြစ်သည်။
ဤ ဆရာသုံးယောက် ကျွန်တော်အများဆုံးစံထားရသော
ဆရာများဖြစ်သည်။ ကျွန်တော်ဆရာဖြစ် သည့်အခါတွင် ဤဆရာသုံးယောက်၏ အရည်အချင်းကောင်းများအားလုံးကို
အတုယူလိုသည်။ ဆရာ ဦးဘတုပ်ထံမှ လွယ်ကူအောင် နားဝင်အောင်ပြောတတ်သော အရည်အချင်း၊ ဦးကိုကိုလေးထံမှ
ဘာသာရပ် ၏ နက်နဲပုံကို ပေါ်လွင်၍ အထင်ကြီးအောင် နားထောင်ကောင်းအောင် ပြောတတ်သော အရည်အချင်း၊
ဦးအောင်စိန်ထံမှ အခြေခံသဘောတရားနှင့် ရည်ရွယ်ချက်က်ကို ပေါ်လွင်စေအောင် ပြသတတ်သော အရည်အချင်၊
ဤအရည်အချင်းအားလုံးကို ရရှိရပါစေဟု ဆုတောင်းမိသည်။ ကျွန်တော်၏ဆုတောင်းပြည့်, မပြည့်ကျွန်တော်မသိပါ။
ကျွန်တော့်အတန်းကို တက်ဖူးသော ကျောင်းသားများကို မေးကြည့်မှသာသိပါလိမ့် မည်။
သို့သော် ကျွန်တော်နှင့်ပတ်သက်၍ ကျောင်းသားအချို့ပြောသော
စကားများကို ပြန်ကြားရသော စကားများမှာ -
"ဆရာနဲ့သေချာသာသင်ရင် သေချာတတ်မယ်ဆိုတာကို ကျွန်တော်သဘောပေါက်ပါတယ်။
ဒါပေမဲ့ ကျွန်တော်က တတ်ဖို့မလိုဘူး။ လွယ်လွယ်နဲ့ စာမေးပွဲအောင်ဖို့သာ လိုချင်တာ"၊
"ဆရာသင်တာ ကိုနားထောင်ခြင်းအားဖြင့်
ဆရာဟာ အခြေခံတွေကို သိပ်တတ်စေချင်တယ်ဆိုတာ ထင်ရှားပါတယ်"၊
"ဆရာရဲ့ သင်ပုံသင်နည်းဟာ
အခုလို ရက်တိုတိုပဲ သင်ရတဲ့ အခြေအနေ၊ သင်ကြားရေးကိစ္စနဲ့ အခြားကိစ္စ ရပ်တွေရောယှက် ရှုပ်ထွေးနေတဲ့အခြေအနေနဲ့
မကိုက်ဘူး"
၁၉၆၄-
ခုနှစ်တွင်၊ သင်္ချာ အထူးပြုဘာသာ သင်ရိုးများကို အသစ်ရေးဆွဲထားသည်ကို စတင်၍ တွေ့ရပါသည်။
သင်ရိုးများသည် ကျွန်တော်တို့ ကိုယ်တိုင်ကျောင်းသားဘ၀က သင်ကြားခဲ့သော သင်ရိုး များနှင့်လုံးဝမတူတော့သည်ကို
တွေ့ရသည်။ ကမ္ဘာသင်္ချာ၏ အခြေအနေနှင့်ဦးတည်ချက်များသည်လည်း စတင်ပြောင်းလဲနေသည်။
ယခင်က
ကိုယ်တိုင် သင်ယူခဲ့ရသော သင်္ချာတွင် အကြောင်းအရာ ခေါင်းစဉ်အားဖြင့်နည်းသည်။သို့သော်
တစ်ခုချင်းအောက်တွင် ပုစ္ဆာမျိုးစုံ တွက်ရသည်။ အခြေခံသဘောတရားပါသော ပုစ္ဆာများသာမက အမျိုးမျိုးဥာဏ်ကွန့်၍
စဉ်းစားရသော ပုစ္ဆာများစွာပါဝင်သည်။ ယခု ကျွန်တေယ်တို့က ကျောင်းသားများကို သင်ကြားပေးရမည့်
သင်ရိုးခေါင်းစဉ်များကို ကြည့်လိုက်သောအခါ ကျွန်တော်တို့ ကျောင်းသားဘ၀က ထိုအတန်းတွင်
သင်ယူရခဲ့သော အကြောင်းအရာ ခေါင်းစဉ်များ၏ နှစ်ဆ၊ သုံးဆလောက်ရှိသည်ကို တွေ့ ရသည်။ ဥပမာ
ကျွန်တော်တို့ ဒုတိယနှစ် ကျောင်းသားဘ၀က (Co-oirdinate Geometry) ဘာသာရပ် အောက်တွင်
(Straight Line) နှင့် (Circle) နှစ်ခုသာ သင်ခဲ့ရသည်။ ယခုမူကား ထိုခေါင်းစဉ်များသည်
ပထမနှစ် သင်ရိုးမှဆင်းလာသည့်အပြင် ယခင်က တတိယနှစ်၊ စတုတ္ထနှစ်မှသာ သင်ရသော
(Parabola, Ellipse, Hyperbola) တို့ပါ ပထမနှစ်သင်ရိုးတွင် ပါဝင်နေသည်ကို တွေ့ရသည်။
ထိုအခါ ကျွန်တော်တို့ အချင်းချင်း ရယ်စရာပြောကြသည်။ "ဒီအတိုင်းဆိုရင် ငါတို့
M.Sc အထိ သင်ဖူးထားတာတွေဟာ တတိယ နှစ်လောက်မှာကုန်သွားမယ်။ စတုတ္ထနှစ်ကျရင် Ph.D အဆင့်ပဲ
ဖြစ်တော့မယ်ထင်တယ်။ M.Sc အတန်းဆို ရင်တော့ သင်စရာတောင် ကျန်မှာ မဟုတ်တော့ဘူးထင်တယ်"
ဒီသင်ရိုးတွေကို
လက်တွေ့သင်ရတော့မည့်အချိန် ရောက်လာသောအခါ ကျွန်တော်တို့ ဘယ်လို သင်ရမည်ကို စဉ်းစားရသည်။
တစ်ခုတော့ သေချာသည်။ ကျွန်တော်တို့ ကျောင်းသားဘ၀က သင်ခဲ့သလို ခေါင်းစဉ်တစ်ခုချင်းအောက်မှာ
အသေးစိတ်၊ ပုစ္ဆာအမျိုးမျိုး၊ သင်ဖို့အချိန်မရှိတာ သေချာသည်။ ယခင်က ဒုတိယနှစ်၊ တတိယနှစ်၊
စတုတ္ထနှစ်၊ သုံးနှစ်သင်ခဲ့ရသော အကြောင်းအရာ ခေါင်းစဉ်များကို ပထမနှစ် တစ်နှစ်တည်းတွင်
ကုန်အောင်သင်ရမည်ဟု ညွှန်ကြားထားသည်။
ကျွန်တော်တို့ကျောင်းသားဘ၀က
သင်ခဲ့ရသကဲ့သို့ ခေါင်းစဉ်တစ်ခုချင်းကို အသေးစိတ် စိတ်၊ ပုစ္ဆာ အမျိုးပေါင်းများစွာ
သင်ဖို့အချိန်မရှိလျှင် အရေးကြီးသော အခြေခံများကို ဦးစားပေးသင်ရမည်။ ပုစ္ဆာများကို
ရွေးသောအခါ အရေးကြီးသော အခြေခံများကို ဖော်ထုတ်အသုံးချသော ပုစ္ဆာများကို ရွေးထုတ်ရမည်။
သို့ဖြစ်လျှင် ခေါင်းစဉ်တစ်ခု ချင်းအောက်တွင် အရေးကြီးသော အခြေခံသဘောဟူသည် အဘယ်နည်း။
ဤမေးခွန်းကို အသေအချာဖြေ ရမည်။
ဤသည်ကား
ယခင်က ဘာသာတွဲစနစ်နှင့် အဓိကဘာသာစနစ် ကွာခြားချက်ဖြစ်သည်။ ယခင်က ဘာသာရပ်တစ်ခုကို သင်လျှင်
ပြဌာန်းစာအုပ်ထဲရှိသော အကြောင်းအရာအားလုံး၊ ပုစ္ဆာအားလုံးကို အစဉ် အတိုင်း ကုန်အောင်သင်ကြရသည်။
အရေးကြီးသော အကြောင်းအရာနှင့် အရေးမကြီးသော အကြောင်း အရာဟူ၍ ခွဲခြားစရာအကြောင်းမရှိ၊
အရေးကြီးသော ပုစ္ဆာနှင့်အရေးမကြီးသောပုစ္ဆာဟူ၍ ခွဲခြားစရာမလို၊ အားလုံးကို ကုန်အောင်သင်ကြရသည်။
ထို့ကြောင့်လည်း ခေါင်းစဉ်များများကို မပြီးနိုင်ခြင်းဖြစ်သည်။
ယခုမှာမူ
ယခင်က တစ်လလောက် သင်ရသော ခေါင်းစဉ်တစ်ခုကို သုံးရက်လောက်နှင့် အပြီးသင် ရသည်။ ယခင်က
တစ်လအတွင်း ခေါင်းစဉ်တစ်ခု သာပြီးလျှင် ယခု တစ်လအတွင်း ခေါင်းစဉ်ရှစ်ခုလောက်ပြီးအောင်
သင်ရမည်။ သို့ဖြစ်လျှင် ယခင်က သင်သလို သင်၍မဖြစ်နိုင်။ ခေါင်းစဉ်လည်းစုံအောင်၊ အရေးကြီးသော
အခြေခံများလည်း ပါဝင်သွားအောင် ရွေးရမည်။
ထို့ကြောင့်
ဤကိစ္စနှင့် ပတ်သက်၍ ကျွန်တော့်အထက်ရှိ ကထိကများနှင့် ပါမောက္ခတို့နှင့် သွားရောက်ဆွေးနွေးကြည့်သည်။
ကထိကများနှင့် ပါမောက္ခက အဖြေတစ်မျိုးတည်း ပေးကြသည်။ "ဒီကိစ္စ နှင့်ပတ်သက်လို့ ငါတို့က
မင်းတို့ကိုအသေးစိတ်ညွှန်ကြားစရာ မလိုဘူး။ မင်းတို့ကို ခေါင်းစဉ်တွေပေး ထားတယ်။ ပြဌာန်းစာအုပ်လည်း
ပေးထားတယ်။ ဘယ်ဟာကို ဘယ်လောက်အချိန်နဲ့ သင်ရမယ်ဆိုတာ ပေးထားတယ်။ ဖြစ်အောင်သင်ရမှာက
မင်းတို့တာဝန်ပဲ"
တာဝန်ပေးသည့်အတိုင်း
ကိုယ်ပိုင်ဥာဏ်ဖြင့် စဉ်းစား၍ သင်ကြားရာတွင် ကျွန်တော်၏ စဉ်းစားပုံ စဉ်းစားနည်း မှန်မမှန်ကို
စာမေးပွဲတွင် တွေ့ရပါသည်။ ကျွန်တော်က ပုံသေနည်းများ ထုတ်ဖော်ပုံအရေးကြီး လိမ့်မည်ဟု
ယူဆ၍ သင်သောအခန်းမှ ဥာဏ်စမ်းပုစ္ဆာများ မေးသည်။ ကျွန်တော်က ဥာဏ်စမ်းပုစ္ဆာများကို ရွေး၍သင်သောအပိုင်းတွင်
အခြေခံအဓိပ္ပါယ် သတ်မှတ်ချက်သုံးသော ပုစ္ဆာကိုမေးသည်။ ကျွန်တော်က သင်္ကေတအသုံးအနှုန်းကို
ဦးစားပေးသင်သောအခန်းမှ ဂဏန်းရှင်းသော ပုစ္ဆာမျိုးကိုမေးသည်။ ကျွန်တော်၏ တွက်ကိန်းများ
အားလုံးနီးပါးလောက် လွဲခဲ့သည်။
ကျွန်တော်၏လွဲမှားမှုကြောင့်
ကျောင်းသားတွေ စာမေးပွဲကျကုန်မှာကို စိုးရိမ်မိသည်။ သို့သော် ကိုးဆယ်ရာခိုင်နှုန်းကျော်ကျော်
အောင်ကြသည်။ အောင်သည့်အကြောင်းမှာ နည်းပြသင်တန်း အမှတ်များ၊ နှစ်လယ်တွင်စစ်သော အစမ်းစာမေးပွဲအမှတ်များကို
အချိုးကျစာမေးပွဲအမှတ်ထဲတွင် ထည့်သွင်းပေးသော ကြောင့်ဖြစ်သည်။ ကျွန်တော်တို့အထက်မှ
ဆရာကြီးများသည် ကျွန်တော်တို့၏လွဲမှားမှုကို ကြိုတင် တွက်ဆပြီးဖြစ်သဖြင့် အမှတ်ပေးစည်းမျဉ်းများကိုလည်း
သင့်လျော်အောင်ဆွဲသားထားသည်ကိုလည်း တွေ့ရသည်။
၁၉၆၄-ခုနှစ်
ပညာရေးစနစ်သစ်၏ ပထမနှစ်အောင်မြင်စွာ ပြီးဆုံးသွားပါသည်။ ကျောင်းသားအများ စာမေးပွဲအောင်ကြ၍ ကျောင်းသားနှင့်မိဘအားလုံး ပျော်ရွှင်ကြသည်။
ကျွန်တော်တို့ဆရာများဘက်က လည်း ကျွန်တော်တို့၏ တွက်ဆမှုလွဲမှားခြင်းကြောင့် ကျောင်းသားများနစ်နာမှုမဖြစ်ရသဖြင့်
စိတ်ကျေနပ် ကြရသည်။
ကျွန်တော်စိတ်ထဲတွင်
ဤအခြေအနေ ဆက်လက်၍ တည်တံ့မှုရှိနိုင် မရှိနိုင် "အားလုံးတတ်ရမည်၊ တတ်သောသူအားလုံး
အောင်ရမည်" ဟူသော ဆောင်ပုဒ်ကို မည်မျှအတိုင်းအတာအထိ အကောင်အထည် ဖော်နိုင်မည်ကို
စဉ်းစားနေမိသည်။
သို့သော်
၁၉၆၅ခုနှစ်တွင် ကျွန်တော်သည်စီးပွားရေးတက္ကသိုလ်သို့ ပြောင်းရသဖြင့် ရန်ကုန် တက္ကသိုလ်နှင့်
ကိုးနှစ်လောက်အဆက်ပြတ်ခဲ့ရသည်။ ထို့ကြောင့် ရန်ကုန်တက္ကသိုလ်၏ စနစ်ကို ကိုယ်တိုင် လက်တွေ့အကောင်အထည်ဖော်ရာတွင်
မပါဝင်ခဲ့ရပါ။
Comments
Post a Comment