Thursday, April 3, 2014

မေလအမှတ်တရ တက္ကသိုလ်ရွှေရီဝင်း



မေလအမှတ်တရ
တက္ကသိုလ်ရွှေရီဝင်း
အမှတ် ၂၅၆ အတွေးအမြင် ၂၀၁၃ ဇူလိုင်
        ဒီနှစ် ၂၀၁၃ ခုနှစ်၊ မေလ ၁ ရက်နေ့ဟာ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ ၉၈ နှစ်ပြည့် မွေးနေ့ ဖြစ်ပါသည်။ မေမေရှိတုန်းက သူ့မိတ်ဆွေသူငယ်ချင်းတွေနဲ့ တွေ့ကြ၊ ဆိုကြ၊ စကားတွေ စုံအောင် ပြောကြ တာတွေ၊ စားသောက်ကြတာတွေ ပျော်စရာကြီးပါ။ အခုလို သတိရမိတာက ၁၉၈၇၊ စက်တင်ဘာလထုတ် စပယ်ဖြူမဂ္ဂဇင်းမှာပါတဲ့ တီကောင်လေးများ ပါးပျဉ်းထောင်ကြခြင်း ဆောင်းပါးလေး ဖတ်မိလို့ပါ။
          အဲဒီဆောင်းပါးကို စိတ်ကူးချိုချိုက ထုတ်တဲ့ Over Way နံပါတ် ၂၃ မှာ ပြန်လည် ဖော်ပြ ထားပါတယ်။ မေမေနဲ့စကား ပြောဖော်တွေမှာ လူကြီးတွေရှိသလို သားသမီးအရွယ်၊ တူ၊ တူမအရွယ်၊ အမြေးအရွယ်တွေ အရွယ်စုံရှိပါသည်။ အဲဒီထဲက ဒေါ်ကြည်ဦး၊ မမခင်ဆွေဦး၊ မမစမ်းစမ်းနွဲ့ (သာယာဝတီ)၊ ၀င်းသိင်္ဂီ၊ မိုးမိုးအင်းလျား၊ မမမေနှင်း၊ မမွေးတို့က မေမေ့ရဲ့ ဖေးပရိတ်တွေပါပဲ။ စကားလည်းစုံ၊ သတင်း လည်းစုံ၊ ဗဟုသုတလည်းစုံ၊ အတင်းလည်စုံ တယ်လို့ပြောရပါမယ်။
          "အဲဒီအုပ်စုထဲမှာ နင်ရောမပါဘူးလား"
          လို့မေးရင် မပါပါဘူးလို့ မှန်မှန်ကန်ကန်ပဲ ဖြေရပါမယ်။ ဘာဖြစ်လို့ မပါတာလဲ။ အိမ်ထောင်ကျပြီး အိမ်ရှင်မ တာဝန်ပဲ ယူထားတာမို့ အိမ်မှာနေရတာ ကျေနပ်နေလို့များလား။ ဒီလိုလည် မဟုတ်ပါဘူး။ မေမေတို့၊ ဘဘတို့နဲ့အတူ အပြင်ထွက်တာ သွားလာကြတာတွေ ရှိပါတယ်။ မေမေ့ရဲ့စကားဝိုင်းက မေမေ့ရဲ့ ကိုယ်ပိုင်လွတ်လပ်မှုဖြစ်လို့ အိမ်သားတွေ မပါတာဖြစ်ပါလိမ့်မယ်။
          အခု ပြန်စဉ်းစားကြည့်ရင် သူတို့ စကာဝိုင်းမှာသာပါရင် ပျော်စရာလည်းကောင်း ဗဟုသုတလည် ရမှာပဲလို့ စဉ်းစာမိပါတယ်။ မေမေ မရှိတဲ့နောက်ပိုင်း သူတို့တွေ ဟိုးတုန်းကလို တွေကြ၊ ဆုံကြသေးလား ဆိုတာကို အလွမ်းပြေ တွေးမိနေပါသည်။ သူတို့ထဲက အန်တီဒေါ်ကြည်ဦးနဲ့ မိုးမိုးအင်းလျားတို့ မရှိကြတော့ပါဘူး။
          မေမေရဲ့ မေလမွေးနေ့ကို သတိတရ ဖြစ်ရင်း ၁၉၈၂ ခုနှစ်၊ မေလထုတ် သောင်းပြောင်းထွေလာ မဂ္ဂဇင်းမှာ ဦးလေး သော်တာဆွေက မေလမှာမွေးတဲ့ သူနဲ့ သက်တူရွယ်တူ စာရင်းရေးပါတယ်။ အဲဒီထဲမှာ မေလမှာမွေးတဲ့ မေမေနာမည် မပါပါဘူး။ မပါရတာကလည်း ဦးလေးသော်တာဆွေ ၁၉၁၉ ခုနှစ်မှာ မွေးတာ ဖြစ်လို့ သူ့ရွယ်တူ ဒဂုန်တာရာ၊ ဦးထင်လင်းတို့နာမည် ထည့်ရေးတာဖြစ်ပါသည်။ သူ အစ်မကြီးလို့ခေါ်တဲ့ မေမေ့နာမည် ချန်လှပ်ထားပုံရပါတယ်။
          ဒီတော့ မေမေက သူ့နာမည်ချန်ထားလို့ ဇွန်လထုတ် သောင်းပြောင်းထွေလာ မဂ္ဂဇင်းမှာ လောကဓံ ကိုသည်းခံခြင်း ဆိုပြီးဆောင်းပါးရေးခဲ့ပါတယ်။ မေမေက သူနဲ့ ခင်မင်တဲ့လူတွေကို အသက်အပိုင်းအခြား မခွဲခြားဘဲ လူတိုင်း( သူ့ထက်ငယ်တဲ့ လူတွေကို ) ကို သူနဲ့တန်းတူ ဆက်ဆံတာဖြစ်လို့ သူ့နာမည် မေလဖွား ထဲမှာ မပါတာကို သူရဲ့ရေးဟန်အတိုင်း ခနဲ့တဲ့တဲ့ ရေးခဲ့ပါတယ်။
          မေလမှာမွေးတဲ့ အဓိကပုဂ္ဂိုလ်တွေ သမိုင်းမှာ ရှိတယ်ဆိုပြီ။
          "ကမ္ဘာသမိုင်း တစ်ခေတ်မှာ ထင်ရှားခဲ့တဲ့ နပိုလီယံဆိုတာ ကြားဖူးကြမှာပေါ့။ သူက မေလမှာ  မွေးတာ မဟုတ်ဘူး။ သူ့ကိုဝါတာလူးစစ်ပွဲမှာ အပြတ်အသက်နိုင်လိုက်တဲ့ အင်္ဂလိပ်စစ်ဗိုလ်ကြီး ၀ယ်လင်တန်ဆိုတာ မေလ ၁ ရက်နေ့မှာ မွေးတဲ့လူပေါ့" လို့ အဲဒီဆောင်းပါးမှာ ရေးခဲ့ပါတယ်။ နောက်အဲဒီဆောင်းပါမှာ အခုလို ရေးခဲ့ပါသေးတယ်။
"ရယ်စရာရေးတိုင်း၊ ရယ်စရာတွေ ပြောနေတိုင်း ပျော်လို့မထင်လိုက်ကြပါနဲ့။ 'မရှိလို့ ပေါ်တဲ့ သွားတောင်ရယ်သမား မေးကြရှာကြတယ်' ဆိုတဲ့ ဦးပုညရဲ့ စကားလို ငိုချင်လေလေ၊ ရယ်စရာတွေ ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် ကလိထိုးရယ်နေတာလည်း ဖြစ်တတ်ပါသေးတယ်"
"အဲလေ. . . သေတယ်ဆိုတာ မဆန်းပါဘူး။ ကြောက်စရာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် မသေချင်တာတစ်ခုပါပဲ။ ဘယ်လိုအလုပ်တွေ လုပ်ချင်သေးတယ်၊ ဘယ်စာတွေ ရေးချင်သေးတယ်။ ဒါတွေ ရေးပြီး၊ လုပ်ပြီးမှ သေချင်သေးတာပေါ့။ အဲဒီလို တွေးတတ်တယ်။ အဲဒီ အတွေးအခေါ်ကလည်း  တကယ်တော့ သိပ်ပြီးမညင်းသာပါဘူးထင်တယ်"
"ဘာဖြစ်လို့လဲဆိုတော့ လူဆိုတာ လုပ်ချင်တာတာတွေ ဘယ်တော့မှ လုပ်ပြီးမှာ မဟုတ်ဘူး။ ရှေးရှေးဘ၀ အဆက်ဆက်ကလည်း လုပ်လာခဲ့တာ မပြီးခဲ့ဘူး။ ခုဘ၀လည်း ပြီးဦးမှာမဟုတ်ပါဘူး။ နောက်ဘ၀ ဆက်လုပ်လည်း မပြီးပါဘူး။ အဲသလိုပဲ ကိုယ့်စိတ်ကို ကိုယ်ပြန်ဆုံးမပြီး အေးချမ်းမှု ရှာရတော့တာပဲ။ ဒါမှလည်း လောကဓံကို သည်ခံနိုင်တယ်"
"အဲလေ. . . ပုထုဇဉ်သားဆိုတော့လည်း ခန္တီ-သည်းခံခြင်းတရားကို ခန္တီစ-မနိုင်၍ သည်းခံခြင်းသည် လည်းကောင်း ဆိုပြီး နှလုံးသွင်းရတော့တာပေါ့။ မနိုင်လို့ သည်ခံတရား လက်ကိုင်ထားပါမှပေါ့။ မနိုင်မှ မနိုင်တာ သည်မခံလို့ ဘယ်ဖြစ်ပါ့မလဲ။“
မေမေ ၁၉၈၂ ၊ ဇွန်လထုတ် သောင်းပြောင်းထွေလာ မဂ္ဂဇင်းထဲမှာ ရေးခဲ့တဲ့ ဆောင်းပါး ထဲက အမှတ်တရ ကူးမိတာပါ။  မေမေနဲ့အတူ ဒီလို ပေါ့ပေါ့ပါးပါးလေးနဲ့ ဖတ်ချင်စဖွယ်ရေးခဲ့တဲ့ ဦးလေးသော်တာဆွေ၊ (ဦး)ထင်လင်း၊ ကိုသုမောင်၊ ကိုဝဏ၊ ဦးစိန်ခင်မောင်ရီ၊  ဦးသော်ကတို့ရဲ့ စာတွေကို  အမှတ်ရမိနေပါတယ်။ ဦးသာဓုလည်း ဒီလိုမျိုး ရေးခဲ့ပါတယ်။
သောင်းပြောင်းထွေလာ မဂ္ဂဇင်းမှာ စာရေးဆရာတွေ တစ်စုတဝေးကြီး ပျော်ပျော်ပါးပါး ရေးခဲ့ကြတာ အမှတ်ရမိပါတယ်။ မေမေလည်း သူစာရေးခဲ့တဲ့ ဘ၀တစ်လျှောက်မှာ အမျိုးသမီးမဂ္ဂဇင်းတွေ ဖြစ်တဲ့ တိုင်းရင်းသူ၊ တိုင်ရင်းမေ၊ ယုဝတီ၊ စပယ်ဖြူ၊ လုံမလေးတွေမှာ ရေးစဉ်ကလိုပဲ သောင်းပြောင်း ထွေလာမဂ္ဂဇင်းမှာ ရေးစဉ်က တက်ကြွပျော်ရွှင်ခဲ့တယ်ဆိုတာ အမှတ်ရမိပါတယ်။
မေမေနဲ့ပတ်သက်ပြီး အမှတ်ရစရာလေးတွေ ရေးချင်းပါသေတယ်။ မေလထုတ် အတွေး အမြင်းမဂ္ဂဇင်းမှာ ဒေါက်တာမောင်မောင်ရဲ့ သက်ရှိရာဇ၀င် စာအုပ်အကြောင်း  ရေးခဲ့ပါတယ်။ ဒေါက်တာမောင်မောင်းရဲ့ စာအုပ်ကိုဖတ်ရတော့လည်း မေမေနဲ့ ဘဘကို သတိရပါတယ်။ ၁၉၈၇ ခုနှစ် လောက်မှာ မေမေနေမကောင်းဖြစ်လို့ အနောက်ပိုင်းဆေးရုံ တက်ရပါတယ်။ အဲဒီတုန်းက ဆေရုံမှာ ဒေါတ်တာမောင်မောင် မေမေ့ကို လာကြည့်တယ်လို့ ပြောပါတယ်။ သူလာတာ ညပိုင်းဖြစ်လို့ စာရေးသူတို့နဲ့ မဆုံဖြစ်ခဲ့ပါ။ မေမေ ဆေးရုံကဆင်းပြီး လမ်းမလျှောက်နိုင်သေးခင်မှာ ဘီးတပ်ကုလားထိုင်ဟာ မေမေ့ အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ အဲဒီတုန်းက စက်မှု ၁ မှာပဲ ၀ယ်လို့ရပါတယ်။ (ယခုခေတ် လူငယ်တွေ ကတော့ ဘီးတပ်ကုလားထိုင်းများ ဘယ်မှာဝယ်ဝယ် ရတာပါလို့ ပြောမလားဘဲ။ နှစ်ပေါင်း၂၆နှစ်ရဲ့ ကွာခြားချက်ပေါ့) အဲဒီကုလားထိုင်ဝယ်ဖို့ ကိစ္စမှာလည်း ၀ယ်နိုင်အောင် အကူအညီပေးခဲ့ပါတယ်။ နောက်ပြီး ဒေါက်တာမောင်မောင်ဟာ မေမေနဲ့ အမျိုးတော်တယ်လို့ သိရပါတယ်။ ဘယ်လိုတော်တယ် ဆိုတာ သချာင်္ဆရာကြီးကိုယ်တိုင် မေမေ့ကို မေးမထားတော့မသိရပါဘူး။
မေမေနဲ့ ဘဘ WPD သတင်းစာမှာ အလုပ်လုပ်နေတုန်းမှာတော့ ဧည့်ခံပွဲတွေမှာ တွေ့ကြ တာတွေ ပြောပြဖူးပါတယ်။ နောက်ပိုင်းမှာတော့ စိတ်ခြင်းပဲ မေတ္တာရောက်နေတဲ့ အဆင့်ဖြစ်ပါတယ်။ နှစ်သစ်ကူးမှာ နှုတ်ခွန်းဆက်ကပ်ပြားပို့တာ မှတ်မိပါတယ်။ မေမေနဲ့ဘဘက အမှတ်တရ ပြောနေတတ်လို့ သိနေရတာ ဖြစ်ပါတယ်။
အခု ဒေါက်တာမောင်မောင်းရဲ့ သက်ရှိရာဇ၀င် ဆောင်းပါးမှာဖြည့် ရေးစရာရှိပါတယ်။ ဒီလို ဖြည့်ရေးဖို့ဖြစ်လာတာ ဦးလေး ဦးဝင်းတင် (ဟံသာဝတီ ဦးဝင်းတင်) ပြောပြလို့သိရတာပါ။ ဆောင်းပါး ရေးစဉ်က စာအုပ်နှစ်အုပ်စလုံး သေသေချာချာဖတ်ပြီးရေးတာ မျက်စိမှောက်သွားလို့ပါပဲ
သက်ရှိရာဇ၀င် ၁၉၅၆ ပထမအကြိမ်ထုတ်ကို သမာမိတ္တ အပြည်ပြည်ဆိုင်ရာ ပညာရေး       ဖြန့်ချီရေးဌာနမှာ  ပုံနှိပ်တယ်လို့ စာအုပ်ထဲမှာပါပါတယ်။ ဒီပုံနှိပ်တိုက်ဟာ ဟော်လန်နိုင်ငံက ဂျမ်ဘာတန် ပုံနှိပ်တိုက် ဖြစ်တယ်လို့ ဦးလေး ဦးဝင်းတင်က ဖြည့်ပေးပါတယ်။ အခုလို ပြောပြပေးတဲ့ ဦးလေးကို ကျေးဇူးတင်ပါတယ်။ ဦးလေးကိုယ်တိုင် ပါဝင်ပြီးထုတ်ခဲ့တာဖြစ်လို့ အခုလိုပြောနိုင်တာပါ။
မေမေရှိစဉ်က ပြောဖူးတဲ့စကားလေးနဲ့ နိဂုံးချုပ်ပါတယ်။ မေမေနဲ့ မိသားစု စကားဝိုင်းမှာ ထွေရာ လေးပါး ပြောကြရင်း မေမေက ပြောပြတာပါ။ တချို့သော လူများဟာ သူတို့နဲ့ ခင်မင်သိကျွမ်းတဲ့ လူတွေ နာမည်ကို ဖော်ကျူပြီး ပြောဆိုတတ်ကြတယ်လို့ ဆိုတယ်။ သူတို့ဟာ ရာထူးမြင့်မြင့် ရောက်နေတဲ့လူ၊ ဂုဏ်ထူးဝိသေသရှိတဲ့လူနဲ့ ထင်ရှားတဲ့လူတွေကို သိကျွမ်းကြောင်၊ ကျောင်းနေဖက်ဖြစ်ဖူး ကြောင်းပြောပြ တတ်ကြတယ်။ အဲဒီစကားနဲ့ဆက်ပြီ မေမေက name dropping ဆိုတဲ့ ဝေါဟာရကို ရှင်းပြတယ်။
name dropping ဆိုတဲ့ ဝေါဟာရဟာ  name ဆိုတဲ့ (အမည်) နဲ့ dropping ဆိုတဲ့ (ပစ်ချခြင်း) ဆိုတဲ့ စကားလုံးနှစ်ခုကို ပေါင်းထားတာဖြစ်တယ်။ အဲဒီစကားလုံးကို တိုက်ရိုက် t"dyÜm,် ဖွင့်ရင်အမည် တွေကို ပစ်ချခြင်းလို့ ဆိုနိုင်တယ်။ ဒါပေမဲ့ အင်္ဂလိပ်စာရဲ့ စကားပရိယာယ် idiom အရ အဲဒီဝေါဟာရဟာ လူအထင်ကြီးစေတဲ့ နာမည်တွေကို လူရှေ့၊ သူရှေ့မှာပြောဆိုတာကို ဆိုလိုတယ်။ ဥပမာ-အောင်ဆန်းစုကြည်နဲ့ ကျောင်းနေဖက်ဖြစ်ဖူးတယ်၊ သမ္မတကြီးနဲ့ တွေ့တယ် စတာတွေဟာ name dropping ရဲ့ ဥပမာ တွေဖြစ်တယ်။
အခု စာရေးသူရဲ့ ဆောင်းပါးက အဲဒီလိုများ name dropping လုပ်သလို ဖြစ်နေ   မလား   ပါဘဲ။ စာရေးသူက အဲဒီလိုရည်ရွယ်ပြီး ပြောတာမဟုတ်ပါဘူး။ ကိုယ်သိတာလေးတွေ မျှဝေရုံပါပဲလို့ ရိုးရိုးသားသား ၀န်ခံပါမယ်။


No comments:

Post a Comment