နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ တက်ရောက်ခဲ့သည့် အတွေ့အကြုံ တတိယပိုင်း - ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)

နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ တက်ရောက်ခဲ့သည့် အတွေ့အကြုံ တတိယပိုင်း
ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)
Academic Weekly Educational Journal Vol2 N0.28
          ရန်ကုန်မြို့ မျက်မမြင်ကျောင်း (ခ၀ဲခြံ)တွင် ဇွန်လ (၈)ရက် (၉)ရက်၊ ၂၀၁၃ခုနှစ်တွင် ပညာရေးညီလာခံ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုညီလာခံသို့ကျွန်တော်နှင့် ကျွန်တော့်ဇနီးတက္ကသိုလ်ရွှေရီဝင်း တို့ကို ဖိတ်ကြားသဖြင့် တက်ရာက်ခဲ့ပါသည်။ ထိုညီလာခံသို့ ကျွန်တော်တို့တက်ရောက်ခြင်း၏ ရည်ရွယ် ချက်မှာ တက်ရောက်သော ပညာရှင်များ၏ ပြောဆိုချက်များကို မှတ်သားရန်ဖြစ်ပါသည်။ ကျွန်တော်နှင့် ကျွန်တော့်ဇနီးတို့သည် ကျောင်းသားများ ကျောင်းတက်သည့် အလားတူ၊ မှတ်စုစာအုပ်တစ်အုပ်စီဖြင့် သွားရောက်ကြပါသည်။ သို့သော် ကျောင်းသားများနှင့် မတူညီသော အချက်မှာ ထိုညီလာခံကို အပြည့်အ၀ မတက်ရောက်ခဲ့ခြင်းပင်ဖြစ်ပါသည်။
          ညီလာခံသည် နံနက် ၈း၃၀ မှ ညနေ ၅ နာရီထိ ဖြစ်သော်လည်း၊ ပထမနေ့တွင် နံနက် ၈း၃၀ မှ နေ့လည် ၁၂နာရီ၊ ဒုတိယနေ့တွင် နေ့လည် ၁၂ နာရီ မှ ညနေ (၃)နာရီအထိသာ တက်ရောက်ခဲ့ပါသည်။ သို့သော်လည်းကျွန်တော်တို့သည် ညီလာခံတွင် ဝေငှသော စာရွက်စာတမ်းများကိုတော့ရသလောက်ယူလာခဲ့ကြပါသည်။ကျွန်တော်တိုဲ့နှစ်ဦးမှတ်စုစာအုပ်တစ်အုပ်စီဖြင့်ရေးမှတ်ထားသောမှတ်စုများကိုတိုက်ကြည့်၊ယူခဲ့သောစာရွက်စာတမ်းများကို လေ့လာကြည့်ရှုပြီး၊ ဤဆောင်းပါးများကို ရေးသားခဲ့ပါသည်။ ခန်းခထဲတွင် ကောင်းစွာမကြားရသောကြောင့် ကျွန်တော်တို့ ကိုယ်တိုင်က မှတ်သားရာတွင် ချို့ယွင်းချက်များရှိသဖြင့်၊ ပညာရှင်များ၏ ပြောကြားချက်များကို ပြန်လည်၍ ရေးသားရာတွင် အမှားအယွင်းရှိလျှင်၊ ယခုရုပ်မြင်သံကြားတွင် ကြည့်ရသော ကိုရီးယားရုပ်ရှင်များထဲတွင် ပြောသလို တောင်းပန်ပါတယ် ဟူ၍ ပြောရုံသာရှိပါသည်။
          ပထမနေ့တွင် မျက်မမြင်ကျောင်း၏ ကျောင်းအုပ်ဦသိန်းလွင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နာယက ဦးတင်ဦး၊ ဆရာမကြီး ဒေါက်တာဒေါ်မြင့်မြင့်ခင်၊ ဆရာတော် ဒေါက်တာအရှင်ဓမ္မပီယ၊ တိုင်းရင်း သားပညာရှင်များကိုယ်စား ဦးနိုင်ငွေသိန်း၊ ဆရာ ဒေါက်တာဦးသိန်းလွင်တို့မှ အမှာစကားများပြောကြားပါ သည်။ ထိုအမှာစကားများကို ပထမဆောင်းပါးတွင် ရေးသားခဲ့ပါသည်။
          နံနက် ၉း၄၀တွင် အဖွဲ့ (၁၃)ဖွဲ့ခွဲ၍ ကဏ္ဍအလိုက် ဆွေးနွေးကြပါသည်။ တက်ရောက်သူများသည် ကိုယ်နှစ်သက်ရာအဖွဲ့တွင် တက်ရောက်နိုင်ကြပါသည်။ ထိုအဖွဲ့ (၁၃)ဖွဲ့၏ ဆွေးနွေးသော ခေါင်းစဉ်များကို ဒုတိယ ဆောင်းပါးတွင်ရေးသားခဲ့ပြီးဖြစ်ပါသည်။ ကျွန်တော်တို့သည် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍ တွင် တက်ရောက်ခဲ့ကြပါသည်။ ဤကဲ့သို့ တက်ရောက်ရာတွင်လည်း ကောင်းစွာမကြားရသည့် ဒုက္ခကို တွေ့ကြုံရပါသည်။ တစ်ခါတစ်ရံတွင် မရှင်းလင်းသောအချက်များကို ပြန်လည်မေးမြန်းခဲ့ရပါသည်။
          ဒုတိယနေ့တွင် မွန်းလွှဲ (၂)နာရီတွင် အဖွဲ့အားလုံးသည် ခမ်းမကြီးထဲတွင် ပြန်လည် စုဝေးကြပါ သည်။ အဖွဲ့လိုက် အကြံပြုချက်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြပါသည်။ အဖွဲ့တစ်ခုစီ၏ တာဝန်ရှိသူ များက တင်ပြပြီး၊ ညီလာခံတက်ရောက်သူများအားလုံးသည် ထိုတင်ပြချက်များ အပေါ်ဆွေးနွေးခွင့်ရရှိခဲ့ သည်ကို တွေ့ရပါသည်။ ပထမနေ့တွင် အဖွဲ့လေးဖွဲ့က မိနစ် ၄၀စီတင်ပြဆွေးနွေးကြပါသည်။ ဒုတိယနေ့ တွင် ကျန်အဖွဲ့ကိုးဖွဲ့မှ တင်ပြဆွေးနွေးကြပါသည်။
          ကျွန်တော်တို့အနေဖြင့် တက်ရောက်၍ ကြားခဲ့သည့်အတိုင်းရေးသားမှတ်သားထားသော မှတ်စုများ နှင့် ဝေငှထားသော စာရွက်များကို ဖတ်ရှု၍ နားလည်သရွေ့ကို ပြန်လည်တင်ပြပါမည်။
          ဤတွင် ကျွန်တော်တို့ကိုယ်တိုင်တိုက်ရိုက်ကြားသိရသည့်အပိုင်းနှင့် တစ်ဆင့်စကား သို့မဟုတ် ဝေငှထားသော စာရွက်များမှ သိရှိသော အရာများကို တင်ပြရာတွင် အလေး၊ အပေါ့ကွားခြားမည်ဖြစ်ပါ သည်။ ဒါကိုလည်း ကိုရီးယား ရုပ်ရှင်ထဲက စကားအတိုင်းပဲပြောရမည်ဖြစ်ပါသည်။
          ကျွန်တော်တို့ သွားရောက်နားထောင်ခဲ့သော ဆရာ၊ ဆရာမများ၏ ကဏ္ဍအဖွဲ့တွင် အချက်နှစ် ချက်ကို အခြေခံ၍ ဆွေးနွေးခဲ့ကြပါသည်။ ၄င်းတို့မှာ -
၁။       ရှေးဦးသင်ပညာရေး၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းသင်ကြားမည့် ဆရာ၊ ဆရာမများ သည် သက်ဆိုင်ရာ အတန်းအဆင့်အတွက် ပြည်တွင်း၊ ပြည်ပရှိ အသိအမှတ်ပြု တက္ကသိုလ်များမှ ပညာရပ် ဆိုင်ရာ ဘွဲ့ရရှိပြီးသူများ ဖြစ်ရမည်။
၂။       ပထမဘွဲ့သည် ပညာရေးဘွဲ့မဟုတ်ပါက သက်ဆိုင်ရာ ပညာရေးအဆင့်အတွက် ဘွဲ့လွန် ဒီပလိုမာ တစ်နှစ်သင်တန်းပြီးဆုံးအောင်မြင်သူများ ဖြစ်ရမည်။
          ကျွန်တော်တို့ တက်ရောက်နားထောင်သည့်အချိန်တွင် ကြားရသလောက် နားလည်သလောက်ကို ပြန်လည်ပြောရလျှင် ဆရာ၏ အရည်အချင်းကိုသတ်မှတ်ရာတွင်ပညာရေးဘွဲ့ထက်စာသင်သည့်အရည်အချင်း၊ စာသင်လိုသည့် စေတနာတို့သည် ပို၍ အရေးပါကြောင်းကို ဆရာတစ်ဦးက ဆွေးနွေးသည့်အခါ တက်ရောက်သူများက တော်တော်လေးအားပေးကြသည်ကို ကြားခဲ့ရ ပါသည်။
          နောက်ပိုင်းတွင် အဖွဲ့ (၁၃) ဖွဲ့သည် ညီလာခံခမ်းမကြီးထဲတွင် ပြန်လည်တွေ့ဆုံတင်ပြဆွေးနွေးပုံ တို့ကို နောက်ဆောင်းပါးတွင် ဆက်လက်တင်ပြပါမည်။



Comments