ဦးထုပ်နှင့်ကြောင်ကလေး သို့မဟုတ် ဒေါက်တာစူး - တက္ကသိုလ်ရွှေရီဝင်း


ဦးထုပ်နှင့်ကြောင်ကလေး သို့မဟုတ် ဒေါက်တာစူး
တက္ကသိုလ်ရွှေရီဝင်း
(အတွေးအမြင် အမှတ် ၈၇ ၁၉၉၃ ဖေဖော်ဝါရီလ)

သူငယ်တန်းကလေးများနားလည်နိုင်သော စကားလုံးကိုသာသုံး၍ ဇာတ်လမ်းဖြစ်အောင် ရေးနိုင် သူ၊ လွယ်ကူသော စကားလုံးများနှင့် နက်နဲသောအတွေးအခေါ်များကို ဖော်ထုတ်ပေးနိုင်သူ ကာတွန်းဆရာ ကြီးအကြောင်း …………
တစ်နေ့တွင် ကျွန်တော့်ဖခင်က …… 'သား၊ ဒေါက်တာစူးနဲ့တွေ့ချင်ရင် ဖေဖေနဲ့လိုက်ခဲ့၊ ဒီကနေ့သူ့ကို ဖေဖေလေဆိပ်သွားပို့စရာရှိတယ်' ဟုပြောလာပါသည်။
ကျွန်တော်သည် ပျော်လွန်းသဖြင့် 'တကယ့်ဒေါက်တာစူး (Dr. Seuss) ကို ပြောတာနော်' ဟု တက် ကြွစွာ မေးခဲ့ပါသည်။
ကျွန်တော်သည် ကလေးပုံပြင်ရေးသား၍ ကာတွန်းပါရေးဆွဲသော ဒေါက်တာစူး၏ စာဖတ်ပရိတ် သတ် တစ်ယောက်ဖြစ်ပါသည်။ ကျွန်တော့်ဖခင်မှာ ဒေါက်တာစူး၏ စာအုပ်များထုတ်ဝေသော ရမ်တန် ဟောက်စ် Random House စာအုပ်တိုက်မှ မန်နေဂျာတစ်ဦးဖြစ်ပါသည်။ ကျွန်တော် ပထမဆုံးဖတ်ဖူးသော ဒေါက်တာ စူး၏ စာအုပ်မှာ 'The Cat in the Hat' 'ဦးထုက်နှင့်ကြောင်ကလေး' ဖြစ်ပါသည်။ ထိုပုံပြင်ကို ကျွန်တော်အလွန်ကြိုက်ပါသည်။ ပုံပြင်ထဲတွင် မိခင်ဖြစ်သူ အပြင်သွားစဉ် အိမ်စောင့်ကျန်ခဲ့သော ကလေးနှစ်ယောက်နှင့် ဦးထုပ်ဆောင်းထားသော ကြောင်လူရှုပ်ကလေးတို့ ဇာတ်လမ်းဖြစ်ပါသည်။ ကြောင်ကလေးက စိတ်ဝင်စားဖွယ်ရာများကို တစ်ခုပြီးတစ်ခုပြုလုပ်ပြပါသည်။
ကျွန်တော် မှတ်မိနေသော စာပိုဒ်များမှာ …
ဦးထုပ်နှင့်ကြောင်က 'ငါမျက်လှည့် အသစ်အဆန်းတွေ သိတယ်ကွ' ဟုပြောသည်။
'သိပ်ကို ထူးဆန်းတဲ့ပညာတွေပေါ့၊ ငါမင်းတို့ကို အဲဒီ မျက်လှည့်တွေပြမယ်'
'မင်းတို့အမေက ငါအခုလို မျက်လှည့်ပြတာကို စိတ်ဆိုးမှာ မဟုတ်ပါဘူး'
ကျွန်တော်တို့ကားသည် နယူးယောက်စီတီ ဟိုတယ်ရှေ့သို့ရောက်ရှိခဲ့ပါသည်။ ထို ဟိုတယ်တွင် စာရေးဆရာကြီး ဒေါက်တာစူး ခေါ် မစ္စတာသီယိုတာ ဂေးဆဲလ် Mr. Theoder Geisel တည်းခိုနေပါသည်။ ဒေါက်တာစူးမှာ အရပ်ရှည်ရှည်ကြီးနှင့် လည်စည်းကို ပန်းပွင့်ပုံစည်းထားပါသည်။ ပြီးလျှင် အနက်ရောင်ကိုင်းတပ်ထားသော မျက်မှန်ကြီးကို တပ်ဆင်ထားပါ သည်။
ကျွန်တော့်ဖခင်က 'ပီတာ၊ ဒါမင်းသိနေတဲ့ ဒေါက်တာစူးပဲ' ဟု မိတ်ဆက်ပေးပါသည်။ ကျွန်တော့် စိတ်ထဲတွင် ပါမောက္ခ တစ်ယောက်လို မျက်နှာထားမျိုးနှင့် လူသည် ကျွန်တော်တို့ ကလေးများအချစ်တော် စာရေးဆရာ ဒေါက်တာစူးမဖြစ်နိုင်ဟု ထင်မိသည်။ ဒါဆို 'မဟုတ်တာအကုန်လုပ်တဲ့ ကြောင်' ကို ဘယ်လို ရေးခဲ့ပါသလဲ။
လမ်းတစ်လျှောက်တွင် ဒေါက်တာစူးသည်မကြာခဏနောက်သို့ လှည့်ပြီး ကျွန်တော်နှင့်စကားပြော ပါသည်။ သူမေးသော မေးခွန်းများကို ဖြေကြားသောအခါမှာလည်း စိတ်ပါဝင်စားစွာ နားထောင်ပါသည်။ လေဆိပ်နှင့် နီးလာသောအခါ ကျွန်တော်က'စံပြတိရစ္ဆာန်ရိုင်း ဆိုတာ ဘာလဲဖေဖေ' ဟု မေးခဲ့ပါသည်။ ကျွန်တော့် ဖခင်က အတိုးဆုံးအဖြေကို ချက်ချင်းပေးခဲ့ပါသည်။ ဖေဖေဖြေ၍ တစ်မိနစ်မျှကြာသောအခါ မစ္စတာ ဂေးဆဲလ်က စာရွက်တစ်ရွက် ကမ်းပေးလာပါသည်။ ထိုစာရွက်တွင် ပိန်ရှည်ရှည် သားပိုက်ကောင် လို ခါးကုန်းကုန်နှင့် ပြုံးနေသော တိရိစ္ဆာန်တစ်ကောင်၏ပုံဖြစ်ပါသည်။ ခြေတံကြီးကြီးနှင့် အမြီးမှာ ဘောလုံး ရိုက်တံနှင့်တူပါသည်။
          'ဒါက စံပြတိရိစ္ဆာန် အရိုင်းပုံပေါ့'ဟု ပြုံး၍ ပြောပါသည်။ ကျွန်တော်သည် ထိုပုံလေးကို ကြည့်ပြီး အလွန်ကျေနပ်သွားပါသည်။ ဒီပါမောက္ခပုံစံနှင့် လူကြီး၏ကိုယ်ထဲတွင် ကျွန်တော်သိသော ကြောင် ကလေးရှိနေပါသည်။ ဒီလူကြီးသည် ဒေါက်တာစူးဖြစ်ပါသည်။
ဒေါက်တာစူး မတိုင်မီ ကလေးစာပေရေးကြသော စာရေးဆရာများသည် သူတို့၏ဇာတ်လမ်းများကို လူကြီးသူမ၏စကားကို နားထောင်ရန်သာ အဆုံးသတ်၍ ဇာတ်လမ်းဆင်ကြသည်။
စူး၏ဟာသဥာဏ်ကို ကလေးများက ကြိုက်နှစ်သက်ကြသည်။ သူ၏ ဇာတ်လမ်းပုံပြင်များသည် ပညာပေးကြသည်။ စူး၏ ဇာတ်ကောင်များသည် တစ်ခါတစ်ရံ ကလေးများလို ဘာမှ တက်စွမ်းနိုင်ခြင်း မရှိ ကြချေ။ သူတို့သည် ရိုးသားဖြောင့်မတ်မှုကို ပိုင်ဆိုင်ကြသည်။
Horton Hatches the Egg ပုံပြင်တွင် စိတ်ရှည်သော Horton အမည်ရှိ ဆင်ကြီးသည် ငှက်မ၏ဥ ကို ၀ပ်ပေးရန် ကတိပေးခဲ့သည်။ သူသည် မိခင်ငှက်မ ပြန်မလာမချင်းဝပ်နေရမည်ဖြစ်သည်။ ထိုကဲ့သို့ ၀ပ်နေစဉ် အန္တရာယ်မျိုးစုံရင်ဆိုင်ရမည်ဖြစ်သည်။ ထိုဆင်ကြီးသည် ကတိအတိုင်းဝပ်ပေးခဲ့သော ဇာတ်လမ်း ဖြစ်သည်။
ဒေါက်တာစူး၏ စာအုပ်ပေါင်း ၄၈ အုပ်ကို ဘာသာပေါင်း ၂၀ကျော်ပြန်ဆိုခဲ့သည်။ စာအုပ်အရေ အတွက် သန်းပေါင်း ၂၀၀ မျှ ရောင်းခဲ့ရသည်။
စူးသည် အလွန်စေ့စပ်ပြီး အရာရာကို စိတ်တိုင်းကျမှ လက်ခံသူ ဖြစ်သည်။ သူစာအုပ်တစ်အုပ်ပြုစုရန် တစ်နှစ်မျှအချိန်ယူရသည်။ တစ်ခါတစ်ရံ သူရေးသောဇာတ်လမ်းနှင့်ပုံများကို စိတ်တိုင်းမကျ၍ သူအလုပ်၏ ၉၅ ရာခိုင်နှုန်းကို လွှတ်ပစ်ရသည့်အခါများရှိခဲ့သည်။ ကျွန်တော့်ဖခင်ဆက်ဆံရသော စာရေးဆရာများနှင့် မတူသော အချက်မှာ စူးသည် မည်သည့်အခါမှ စာမူခကို ကြိုတင်၍ မတောင်းခဲ့ပါ။ သို့သော် သူ၏စာမူ အဆုံးသတ်သည့် အခါတွင်မူ စာမူခကို ပေးစေချင်သည်။ ဒေါက်တာစူးသည် တီထွင်မှုတွင် တစ်မူထူးခြား သော စွမ်းအားပိုင်ရှင်တစ်ယောက်ဖြစ်ပါသည်။
သူ့ကို ၁၉၀၄ခုနှစ်တွင် အမေရိကန်နိုင်ငံ မက်ဆယ်ချူ့ဆက်နယ်စပရင်းဖီးတွင် မွေးဖွားသည်။ သူ၏ ဖခင်က ကမ္ဘာစံချိန်ချိုးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် မနက်တိုင်း နာရီဝတ်မျှ ပစ်မှတ်တစ်ခုကိုထိအောင် ပစ်သည့် အကျင့်ကို လေ့ကျင့်စေသည်။ စေ့စပ်သေချာမှု၏ အရေးကြီးမှုကိုလည်း သင်ပြခဲ့သည်။
သူ၏ဖခင်မှာ ပန်းခြံ၏ အုပ်ချုပ်ရေးမှူးဖြစ်သည်။ ထို့ကြောင့် စူးသည် တိရိစ္ဆာန်ရုံ၊ ပန်းခြံများသို့ မကြာခဏ ရောက်ရှိခဲ့ပြီး တိရိစ္ဆာန်ပုံများရေးဆွဲခဲ့သည်။ထို့ပြင်ကမ္ဘာအရပ်ရပ်ရှိတိရိစ္ဆာန်များ၏ အလေ့အကျင့်များ၊ စိတ်နေစိတ်ထားများကိုပါ လေ့လာခဲ့ရသည်။ သူ၏ အောင်မြင်မှုများသည် သူ့ဖခင်၏ အကူညီမှု အများကြီး ပါဝင်သည်။ သူ၏ 'If I Ran the Zoo' တွင် ကလေးငယ်တစ်ယောက်၏ စိတ်ကူးကို ဖော်ပြခဲ့သည်။ ထိုကလေးငယ်သည် သူ၏ကိုယ်ပိုင်တိရိစ္ဆာန်ရုံ အတွက် တိရိစ္ဆာန် အဆန်းအပြားများကို စုဆောင်းဖမ်းဆီးပုံကို စိတ်ကူးယဉ်အဖြစ် ဖော်ပြရေးခဲ့သည်။
ပျော်ရွှင်တတ် နောက်တတ်သော စူးသည် အများနှင့်ရောနှောနေထိုင်ရာတွင် စိုးရိမ်ကြောင့်ကြစိတ် အမြဲရှိနေသည်။ အကြောင်းမှာလည်း သူငယ်စဉ်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်က အတိတ်တစ္ဆေလို ခြောက်လှန့်နေ၍ ဖြစ်သည်။ ဖြစ်ပုံမှာ ပထမကမ္ဘာစစ်အတွင်းက စူးပါဝင်သော ကင်းထောက်လူငယ်တစ်စု သည် ရန်ပုံငွေရှာရာတွင်ကူညီလုပ်ကိုင်ပေးရသည်။ ထိုအတွက် အမေရိကန်သမ္မတ သီယိုဒိုရူးစဗက် Theodore Roosevelt က ဆုတံဆိပ်များ ချီးမြ§င့်လေသည်။ ထိုအခမ်းအနားတွင် စူးတို့ကင်းထောက် လူငယ်တစ်စုသည် စင်ပေါ်တွင်ထိုင်ပြီး နာမည်ခေါ်လျှင် တစ်ယောက်ချင်း တံဆိပ်ကို ထပြီးယူရသည်။
          နောက်ဆုံးတွင် စင်ပေါ်တွင် စူးတစ်ယောက်သာ ကျန်တော့သည်။ သမ္မတကြီးကလည်း သူ့စာရင်း တွင် မပါဘဲ တစ်ယောက်တည်း ကျန်နေသောကလေးကို လှမ်းကြည့်သည်။ 'ဒီကောင်လေးက ဒီမှာ ဘာလာလုပ်နေတာလဲ'ဟု မေးသည်။ စူး၏နာမည်သည် စာရင်းထဲတွင် မပါဘဲ ကျန်နေခြင်းဖြစ်သည်။ ထို အဖြစ်အပျက်ကို စူးသည်မမေ့နိုင်ခဲ့ချေ။ ထို့ကြောင့်နှစ်ပေါင်းများစွာကြာ၍ စူးအခမ်းအနားများတွင် မိန့်ခွန်းပြောသောအခါ ထိုအရှက်ရခဲ့သော အဖြစ်ကို ပြန်၍ပြောတတ်သည်။ 'ကျွန်တော်အခုထက်ထိ နားထဲမှာ ကြားနေတတ်တာက’ ဒီကောင်လေးဒီမှာ ဘာလာလုပ်နေတာလဲ' ဆိုတဲ့စကားပဲ“ ဟူ၍ဖြစ်သည်။
          စူးသည် ယခုလိုနာမည်ကြီးစာရေးဆရာကြီးဖြစ်ဖို့ရန် ကံဇာတာပါခဲ့ပုံမရပါ။ သူအထက်တန်း ကျောင်းသားဘ၀တွင် ဆရာက 'မင်းဘယ်တော့မှ ပုံဆွဲသင်လို့ရမှာမဟုတ်ဘူး'ဟု ပြောခဲ့သည်။ သူ့တက္ကသိုလ် အသိုက်အ၀န်းကလည်း သူ့ကိုအောင်မြင်မည်ဟု ဘယ်သူကမှ မဲမပေးခဲ့ပါ။ အင်္ဂလန် အောက်စ်ဖို့တက္ကသိုလ်ရှိ တချို့စာသင်ချိန်များတွင် သူသည် အိပ်ငိုက်နေခဲ့သည်။
          သင်တန်းချိန်တစ်ချိန်တွင် သူသည်နွားတစ်ကောင်ကို အတောင်တပ်ပြီး ပျံနေပုံဆွဲသည်။ ထိုစဉ် အလွန်သာယာသော အမျိုးသမီးသံလေးဖြင့် 'ဒီနွားပျံလေးက လှလိုက်တာ'ဟု ပြောသံကို ကြားရသည်။
          စူးနောက်သို့ လှည့်ကြည့်လိုက်သောအခါ ဆံပင်အ၀ါရောင်ရှိသော မိန်းမချောလေး၏ ပြုံးနေသော မျက်နှာကို တွေ့ရသည်။ ထိုမိန်းကလေး၏ အမည်မှာ ဟယ်လင်ပါးမား Helen Palmer ဖြစ်သည်။ ဟယ်လင်သည် အင်္ဂလိပ်စာပေ ဒေါက်တာဘွဲ့အတွက် လာရောက်သင်တန်းတက်နေသူ ဖြစ်သည်။ ဟယ်လင်သည် စူး၏ ပထမဆုံး ပရိတ်သတ်ဖြစ်သည်။ နောင်အခါ သူ့ဇနီးဖြစ်လာသည်။ ၁၉၂၇ ခုနှစ်တွင် လက်ထပ်သည်။ ထိုလက်ထပ်ပွဲအတွက် ကုန်ကျငွေစရိတ်အတွက်သူဆွဲသော 'eggnog-drinking turtles' ပုံကို မဂ္ဂဇင်းတစ်စောင်သို့ ရောင်းချ၍ သုံးစွဲခြင်းဖြစ်သည်။
          စူးသည် အောက်စ်ဖို့တက္ကသိုလ်မှ ထွက်ပြီး ပြင်သစ်နိုင်ငံ၊ ဆော်ဘွန်းတွင် ပညာဆက်၍သင်ခဲ့ သည်။ သူတို့ဇနီးမောင်နှံသည် နယူးယောက်စီးတီးသို့ ပြောင်းရွေ့နေထိုင်ခဲ့သည်။ ဟယ်လင်က သူတို့ နှစ်ယောက်အတွက် ဆရာမအလုပ်ဖြင့် ငွေရှာခဲ့ရသည်။ စူးသည် မဂ္ဂဇင်းတစ်စောင်တွင် ကာတွန်းဆရာဖြစ် လာသော်လည်း သူ၏၀င်ငွေမှာ နည်းလှသည်။
          စူးသည် သူ၏ပျော်ရွှင်တတ်သော ဟာသဥာဏ်ကို အသုံးချခဲ့သည်။ တစ်ခါတွင် သူသည်နဂါးတစ် ကောင်က စစ်သားကို ခြိမ်းခြောက်နေပုံရေးဆွဲခဲ့သည်။ စစ်သားကလည်း နဂါးကသူ့ကိုနိုင်တာ မကြိုက်ချေ။ ဒီနဂါးကို သူကြောက်စရာမလိုသူထင်သည်။ ထို့ကြောင့် သူ၏ရဲတိုက်ကို အလွန်နာမည်ကြီးသော ပိုးမွှား သတ်ဆေးများဖြင့် ဖျန်းလိုက်သည့်ပုံ ကာတွန်းဆွဲထားသည်။ ထိုကာတွန်းကို ကြော်ငြာဌာနမှ ရာထူးကြီးကြီး ရှိသူ တစ်ဦး၏ ဇနီးကသေဘာကျသွားသည်။ ထို့ကြောင့် စူးကိုငှားလိုက်ပြီး ထူးဆန်းသော မိုးပေါ်ပျံနေ သော အကောင်ပလောင်များပုံဆွဲစေကာ အောက်မှ 'Quick, Henry, the Flit' ဟူသော စာတန်းကိုရေးဆွဲ ကာကြော်ငြာဆိုင်းဘုတ် ဆွဲစေသည်။
          ထိုမှစ၍ ၁၂နှစ်တိုင်တိုင် ထို Flit ကြော်ငြာကာတွန်းများသည် စူးတို့မိသားစုစားဝတ်နေရေးအတွက် ၀င်ငွေရခဲ့သည်။ ချောင်လည်ခဲ့သည်။ ၁၉၃၀အတွင်း ကမ္ဘာ့စီးပွားရေးကပ်ရောက်သောအခါ စူးသည် စာရေး ခြင်း အလုပ်ကိုပင်လုပ်ခဲ့သည်။
          ၁၉၃၆ ခုနှစ်တွင် စူးသည် ဥရောပမှ သူ၏နေအိမ်ရှိရာသို့ အားရက်တွင် ပြန်ခဲ့သည်။ ထိုအခါ သူစီး လာသောသင်္ဘော၏ အင်ဂျင်စက်သံကို နားဆင်ပြီး စကားလုံးများရွေးသီးခဲ့သည်။ နယူးယောက်မြို့သို့ ရောက်သောအခါ ထိုစာလုံးများဖြင့် ကလေးများအတွက် ကဗျာစပ်ဆိုကာ ရေးခဲ့သည်။ ထိုကဗျာမှာ 'And to Think I Saw It on Mulbery Street' ဖြစ်သည်။ ထိုစာမူတွင် သူ၏ကလောင်နာမည်ကို သူ့နာမည်၏ အလယ်စာလုံး စူးကိုယူပြီး 'Dr. Seuss' ဟု မှည့်ခဲ့သည်။ သူသည် အောက်စ်ဖို့တက္ကသိုလ်မှဘာ ဒေါက်တာ ဘွဲ့မှ ရယူခဲ့ခြင်းမရှိဘဲ ကလောင်နာမည်တွင် ဒေါက်တာဘွဲ့တပ်ဆင်ခဲ့ခြင်းဖြစ်သည်။
          ထုတ်ဝေသူ ၂၇ဦးက သူ့စာမူကို ပယ်ချခဲ့သည်။ သူ့ဇာတ်လမ်းများသည် ညံ့သည်ဟု မှတ်ချက်ချ သည်။ ကဗျာမှာလည်း မကောင်းဟုဝေဖန်သည်။ နောက်ဆုံး ၁၉၃၇ခုနှစ်တွင် အယ်ဒီတာတစ်ယောက်က အခွင့်အရေးပေးသည့် အနေဖြင့် စာအုပ်ထုတ်ဝေရန်သဘောတူသဖြင့် ကလေးများအတွက် စာရေးဆရာ ဒေါက်တာစူးကို မွေးဖွားခဲ့သည်။
          နှစ်ပေါင်းများစွာ ကုန်လွန်လာသောအခါ စူးသည် ကလေးများစာဖတ်ရာတွင် ကူညီရန်အတွက် စာလုံးပေါင်း ၂၀၀ ကို အလွယ်ကူဆုံးရွေးကာ အယ်ဒီတာထံသို့ တင်ပြခဲ့သည်။ ခြောက်လကြာမျှ သူသည် တစ်နေ့ကို အလုပ်ချိန် ၈နာရီယူကာ သူ၏ပန်းချီခန်းထဲတွင် အလုပ်လုပ်ခဲ့သည်။ ထိုကဲ့သို့ ပုံများဆွဲရင်း သူဆွဲနေသော ပုံကို သူသတိပြုမိလာသည်။ သူ့ပုံတွင် ပါးစပ်ပြဲပြဲနှင့် ကြောင်ပိန်ပိန်ရှည်ရှည်သည် မီးလင်း ဖိုပိုက်ပုံဦးထုပ်နှင့်အမြီးမှာ တယ်လီဖုန်းကြိုးပုံ လိမ်တွန့်တွန့်လေးနှင့် ဖြစ်သည်။ ဤကြောင်သည် ပြဿနာ ပေးသော ဇာတ်ကောင်ဖြစ်သည်။ ကလေးတွေကြိုက်ကြမည့်ကြောင်ဖြစ်သည်။
          ထိုစာအုပ်အတွက် တစ်နှစ်ခွဲမျှအချိန်ယူရသည်။ စာလုံးပေါင်း ၂၂၈လုံးသုံး၍ ပုံဇာတ်လမ်းလုပ်ရခြင်း ဖြစ်သည်။ ၁၉၅၇ခုနှစ်ကုန်တွင် စာအုပ်အဖြစ် ပထမဆုံးထွက်လာသော အခါ 'The Cat in the Hat' သည် အုပ်ရေး ၅၀၀,၀၀၀ ရောင်းရသည်။ အရေးကြီးဆုံးမှာ သူလိုချင်သော အောင်မြင်မှုရလဒ်ကို ရခဲ့သည်။ ထိုအရာမှာ မျိုးဆက်သစ်ကလေးများအတွက် ကိုယ့်ဖာသာကိုယ်ဖတ်ရန်အတွက် ဖတ်စရာစာအုပ်ရသွား ခြင်းဖြစ်သည်။ ၁၉၅၈ခုနှစ်တွင် သူနှင့်ဟယ်လင်သည် 'Beginner Books အဖွဲ့ဝင် ဌာနအကြီးအကဲများ ဖြစ်လာသည်။ ထိုအဖွဲ့သည် Random House စာအုပ်တိုက်က ဖွဲ့ခဲ့သော အဖွဲ့သစ် ဖြစ်သည်။ ထိုအဖွဲ့ သည် စာလုံးအရေအတွက် သတ်မှတ်ချက်ဖြင့် စာအုပ်များရေးသားမှုကို အခြေခံ၍ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
          စူးသည်စိန်ခေါ်မှုကို ကြိုက်နှစ်သက်သည်။၁၉၅၇ခုနှစ်တွင် Random House တည်ထောင်သူ တစ် ဦးဖြစ်သူ ဘဲနက်ဆပ် Bennett Cert က စာလုံး ၅၀ ဖြင့်ဇာတ်လမ်းတစ်ခု ရေးရန် မဖြစ်နိုင်ဟု စိန်ခေါ်သည်။ ရေးနိုင်လျှင် ဒေါ်လာ ၅၀ ပေးမည်ဟုပြောသည်။ နောက်တစ်နှစ်တွင် စူး၏ 'Green Eggs and Ham' စာအုပ်ထွက်လာသည်။ ထိုစာအုပ်တွင် စာလုံး ၄၉ လုံးသုံးထားသည်။
          ဒေါက်တာစူး ပုံပြင်များ၏ ထူးခြားချက်များမှာ ……
(၁)     သူငယ်တန်းကလေးများ နားလည်နိုင်သော စကားလုံးများကိုသာ သုံး၍ ဇာတ်လမ်းဖြစ်အောင် ရေးနိုင်ခြင်း၊
(၂)     ထို့ကြောင့် စာဖတ်ရန်ကြောက်ရွံ့နေသော ကလေးများပင်လျှင် ဒေါက်တာစူးရေးသော ပုံပြင်များ ကို လိုလိုချင်ချင် စိတ်ဝင်စားစွာဖတ်ခြင်း၊
(၃)     စာဖတ်ရန် အလေ့အကျင့်နှင့် စာဖတ်ခြင်းကို ကြိုက်နှစ်သက်ခြင်းတို့ကို ကလေးများတွင် ပျိုးထောင်ပေးနိုင်ခြင်း၊
(၄)     လွယ်ကူသော စကားလုံးများကို သုံး၍ နက်နဲသောအတွေးအခေါ်များကို ဖော်ထုတ်ပေးနိုင်ခြင်းတို့ ဖြစ်သည်။
          ကျွန်တော် အသက်ကြီးသွားသောအခါ ကျွန်တော်သည် စူး၏ ဟန်ပန်၊ အတွေးအခေါ်ကို ကြိုက်နှစ် သက်သည်နှင့်အမျှ ထိုအသုံးအနှုန်းများကို သုံးတက်လာပါသည်။ စကားလုံးနည်းနည်းနှင့် အတွေးအခေါ် ကြီးကြီးမားမားသုံးမှုကို သဘောကျပါသည်။ ကျွန်တော်တက္ကသိုလ်သို့ တက်သောအခါ ကျွန်တော်သည် သူရေးသားသော စာအုပ်များကို သယ်သွားပါသည်။ ထိုကဲ့သို့ သယ်သွားခြင်းဖြင့် ကျွန်တော်၏ စိတ်ပျော် ရွှင်မှုကို သတိရစေသလို တစ်ဖက်ကလည်း အရေးကြီးသော နေရာများတွင် အမှားအမှန်ကို စဉ်းစားရာ၌ သူ၏ပျော်ရွှင်စရာပုံပြင်များက အကူအညီပေးပါသည်။ ကျွန်တော်ငယ်စဉ်ကတည်းက ကျွန်တော်၏ စိတ်ထဲ တွင် နားလည်သဘောပေါက်လာသော စူး၏ဆိုလိုချက်သည် အမြဲတမ်းနုပျိုစွာဖြင့် ကျွန်တော့်ရင်ထဲတွင် ခိုအောင်းနေခဲ့ပါသည်။
          ဒေါက်တာစူးနှင့်သူ၏ဒုတိယဇနီး အွန်ဒရေ (ဟယ်လင်သည် ၁၉၆၈တွင် ကွယ်လွန်ခဲ့ပါသည်) ကို စာအုပ်ပြပွဲတစ်ခုတွင် မကြာမီက နောက်ဆုံးတွေ့ခဲ့ပါသည်။ ကျွန်တော်နှင့်အတူ ကျွန်တော့်ကလေးများ ပါပါ သည်။ စူးသည် အနည်းငယ်အသားအရေဖျော့သွား၊ ပိန်သွားသည်မှလွဲ၍ ကျွန်တော်တွေ့ခဲ့သော စူးအတိုင်း ပင် ဘာမှပြောင်းလဲမှုမရှိခဲ့ပါ။ ကျွန်တော့် သားကြီး အဲလက်ဇန်ဒရားကို လှမ်းကြည့်လိုက်သောအခါ ကျွန်တော့်သားကြီးသည် မျက်လုံးအ၀ိုင်းသားနှင့် သူ၏အချစ်တော်ကာတွန်းစာရေးဆရာကြီးကို လှမ်းပြီး ကြည့်နေပါသည်။ ကျွန်တော့်စိတ်ထဲတွင် တက်ဂေးဆဲလ်၏ ကိုယ်ထဲတွင် ကလေးတို့အကြိုက်ကြောင်၏ ၀ိညာဉ်သည် ရှင်သန်လျက်ရှိသည်ဟု သိလိုက်ပါသည်။
          သည်နေရာတွင် သံဝေဂရစရာတစ်ခုရှိပါသည်။ အလွန်ပြောင်တတ်၊ နောက်တက်သော၊ ဆူဆူပူပူ ကြောင်ကလေးသည် နောင်နှစ်ပေါင်းများစွာ ကြာသည်အထိ အသက်ထင်ရှားရှိနေမည် ဖြစ်သော်လည်း သူ၏တီထွင်သူ တက်ဂေးဆဲလ် ခေါ် ဒေါက်တာစူးသည် ၁၉၉၁ခုနှစ် စက်တင်ဘာလတွင် ကွယ်လွန်ခဲ့ပါ သည်။ ကွယ်လွန်ချိန်တွင် စူး၏အသက်မှာ ၈၇နှစ်ရှိပါပြီ။ ဒေါက်တာစူး သေဆုံးသည့်သတင်းကြားရသော ကျွန်တော်၏သားအသက် ၅နှစ်အရွယ်နစ်ကီသည် ထမင်းစားပွဲပေါ်သို့ မျက်နှာကိုမှောက်ကာငိုကြွေးခဲ့ပါ သည်။ သားနစ်ကီသည် ၀မ်းနည်းစွာဖြင့် ငိုကြွေးရင်း သူ့မိခင်အား 'ဒေါက်တာစူးက သားတို့အတွက် အသက်ရှင်နေမှာပါနော် မေမေ' ဟု ပြောခဲ့သည်။
          ထိုညက ကျွန်တော်သည် သားငယ်၏ အိပ်ရာဘေးတွင်ထိုင်ပြီး သူအလွန်ကြိုက်သော 'The Cat in the Hat' ကိုဖတ်ပြခဲ့ပါသည်။ ထိုပုံပြင်၏ နောက်ဆုံးအခန်း၊ ဦးထုပ်နှင့်ကြောင်ကလေး မပြန်ခင်အခန်းဖြစ်ပါ သည်။
          နောက်ဆုံးတွင် ကြောင်သည် သူဖွထားသော ပစ္စည်းများကို တစ်ခုချင်း နေရာတကျ ပြန်ထားသည် ကို ကျွန်ုပ်တို့တွေ့ရပါသည်။
          သူကိတ်မုန့်ကို ကောက်ယူသည်။ နောက်ထွန်ခြစ်၊ မေ့မေ့အင်္ကျီ၊ နောက်နွားနို့ ပုလင်း၊ ကြိုးများ၊ စာအုပ်များနှင့် ပန်းကန်များ …
          နောက် … ပန်ကာ၊ ပန်းကန်းလုံးများ၊ ကစားစရာလှေနှင့် ငါးကလေး။
          နောက် အားလုံးကို နေရာတကျပြန်ထားလိုက်သည်။ ပြီးလျှင် ပါးစပ်မှ 'ဒါပါပဲ' ဟု ပြောပါသည်။
          ပြီးလျှင် သူ၏ဦးထုပ်ကို ပုတ်ကာ ထွက်ခွါသွားပါသည်။
          ပုံပြင်၏ အဆုံးတွင် ကျွန်တော်စာအုပ်ကို ပိတ်ပြီး၊ မီးပိတ်ကာ စဉ်းစားနေမိပါသည်။ နစ်ကီသည် တစ်နေ့နေ့တွင် ဤပုံပြင်ကို သူ၏သားသမီးများအား ကျွန်တော့်လိုပဲ ဖတ်ပြလိမ့်မည်ဟု တွေးမိပါသည်။ ထိုအခါ စောစောက နစ်ကီ ဒေါက်တာစူးနှင့်ပတ်သက်ပြီး ပြောသောစကားသည် မှန်နေပါသည်။ သီယိုဒို ဂေးဆဲလ်တစ်ယောက် ကွယ်လွန်သွားပါပြီ၊ ဒါပေမယ့် ဒေါက်တာစူး၊ တစ်နည်းဆိုရလျှင် ဦးထုပ်နှင့် ကြောင် ကလေးသည် အသက်ရှင်သန်နေမည်မှာ အမြဲဖြစ်ပါသည်။

(R.D June, 1992 မှ Peter Bernstein ၏ 'My Most Unforgetable Character ကို ပြန်ဆိုသည်။)



Comments