Monday, October 20, 2014
နိုင်ငံရေးနှင့်ဝတ္ထုအနုပညာ ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)
နိုင်ငံရေးနှင့်ဝတ္ထုအနုပညာ
ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)
            ကျွန်တော်ငယ်စဉ်က၊ ဘာဖြစ်ချင်တ်ာလို့ဘဲပြောလိုက်၊ ပြောလိုက်၊ အမေက စာကြိုးစားဖို့ဘဲ ပြောတာဘဲ။ သားကဆရာဝန်ဖြစ်ချင်တယ် ဘာလုပ်ရမလဲမေးရင် - သားကျောင်းမှန်မှန်တက်၊ စာကြိုးစား တဲ့၊ အမေတို့လိုအင်ဂျင်နီယာကြီး ဖြစ်ချင်တယ်ဆိုလည်း၊ သားကျောင်းမှန်မှန်တက်၊ စာကြိုးစားတဲ့။ တစ်နေ့မှာ ပိုက်ဆံအလွန်ချမ်းသာတဲ့ သူဌေးကြီးကို တွေ့တော့ - သားသူ့လိုသူဌေးကြီးဖြစ်ချင်တယ် ဆိုတော့ မေမေက အရင်လို - ကျောင်းမှန်မှန်တက်၊ စာကြိုးစားလို့ ပြောသံမကြားရတာ ဆန်းနေတယ်။
            ဤသည်ကား ကလေးတစ်ယောက်၏အတွေးကို ရေးသားဖော်ပြထားပုံဖြစ်ပါသည်။ ရိုးရိုးရှင်းရှင်း လေးဖြင့် မျက်မှောက်ခေတ်ကို ပေါ်လွန်စေပါသည်။ ဒါမျိုးကို နိုင်ငံရေးဝတ္ထုဟု စာရေးသူက မြင်မိပါသည်။ စာဖတ်သူများ သဘောတူမတူမသိပါ။
ထိုအဖြစ်မျိုးကို ကြုံဖူးသောကြောင့်လားတော့မသိပါ။ Politics and the Novel ကျမ်းထဲတွင် စာရေးဆရာအာဘင်ဟိုး (Irving Howe) က ဤသို့ရေးထားပါသည်။ နိုင်ငံရေးဝတ္ထုဟူသည်မှာ ကျွန်တော် (အာဘင်ဟိုး) က နိုင်ငံရေးဝတ္ထုဟုသတ်မှတ်သော ၀တ္ထုမျိုးကိုခေါ်ပါသည်။
နိုင်ငံရေးဝတ္ထုများထဲတွင် နိုင်ငံရေးသဘောတရားများကိုထည့်သွင်းနည်းအမျိုးမျိုးရှိပါသည်။ ထည့် သွင်းပုံထည့်သွင်းနည်းကို သိရှိရန်အချို့သော ၀တ္ထုများကို လေ့လာကြည့်ပါမည်။
ရုရှားစာရေးဆရာဒေါ့စတိုလက်စကီး (Dostoveski, 1821-1881) ကိုလေ့လာကြည့်ပါမည်။ ဒေါ့စတိုဘက်စကီးသည် ဖဲသမား၊ တော်လှန်ရေးသမားနှင့်အတွေးအခေါ်ပညာရှင်တစ်ယောက်ဖြစ်သည်။ သူသည် 1849 မှ 1854 ခုနှစ်အတွင်းတွင် စိုင်ဘေးရီးယား (Siberia) တွင် နိုင်ငံရေးပြစ်မှုဖြင့် အကျဉ်းချခံ နေခဲ့ရသည်။ စိုင်ဘေးရီးယားမှ ထွက်လာပြီးသည့်နောက်သူသည် ခရစ်ယာန်ဘာသာကို ကိုးကွယ်သူဖြစ်လာ သည်။ 1867 နှင့် 1871ကြားတွင် ပြင်သစ်နိုင်ငံတွင် နေထိုင်ခဲ့သည်။ သူ၏ထင်ရှားသော ၀တ္ထုများမှာ - Crime and Punishment, The Possessed, The Brothers Karamazov, The Idiot တို့ဖြစ်ကြသည်။ Crime and Punishment နှင့် The Brother Karamazov တို့သည် ထင်ရှားသောရုပ်ရှင်များဖြစ်ကြသည်။ The Brothers Karamazov တွင် Yul Brynner သရုပ်ဆောင်ခဲ့သည်။ ဒေါ့စတိုဘက်စကီးသည် အလွန်ထူး ခြားပြောမြောက်သောဇာတ်ကောင်များကို ဖန်တီးသူအဖြစ်ထင်ရှားခဲ့သည်။ သူ၏၀တ္ထုများတွင် ဇာတ်ကောင် များ၏စိတ်ပိုင်းဆိုင်ရာအတွင်း ပဋိက္ခများကို ဦးစားပေးသည်။
ဒေါ့စတိုလက်သကီး၏ အထင်ရှားဆုံးသော နိုင်ငံရေးဝတ္ထုမှာ The Possessed ဖြစ်သည်။ ထိုဝတ္ထု နှင့်ပတ်သက်၍ သူကိုယ်တိုင်က ဆိုသည်မှာ - ဒီဝတ္ထုကို ရေးတဲ့ရည်ရွယ်ချက်ဟာ အတွေးအခေါ်တွေကို ဖော်ထုတ်ပြသရာမှာ အနုပညာကို လုံးဝဂရုမစိုက်ပါဘူး။ ဒီဝတ္ထုဟာ အရေးအသားအားဖြင့် လက်ကမ်းစာ စောင်၊ ကြော်ငြာစာရွတ်အဆင့်အထိနိမ့်ကျ ချပ်သွားချားပါစေ၊ ဖော်ပြချင်တဲ့အတွေးအခေါ်တွေကို ဖော်ထုတ်ပြသရရင် ကြေနပ်ပါတယ်။ - ဟူ၍ဖြစ်သည်။
သူသည် ဤကဲ့သို့ ပြောခဲ့သော်လည်း သူ၏၀တ္ထုသည် စာပေရှုထောင့်မှ အနုပညာမြောက်သော ဂန¨၀င်ဝတ္ထုတစ်ခုဖြစ်လာပါသည်။
ဝတ္ထုထဲတွင် နိုင်ငံရေး သဘောတရားများကို ဖော်ပြတာချင်းတူသော်လည်း၊ ဖော်ပြပုံဖော်ပြနည်းကွဲ ခြားသော စာရေးဆရာတစ်ဦးမှာ ပြင်သစ်စာရေးဆရာစတင်ဒယ် (Stendhal 1783-1842) ဖြစ်သည်။ စတင်ဒယ်သည် ခေတ်သစ်စိတ်ပညာ ပိုင်းဆိုင်ရာဝတ္ထုဖခင်ဟုလည်း အမည်တွင်သောသူဖြစ်ပါသည်။ စတင်ဒယ်၏၀တ္ထုများသည် သူ၏ဘ၀ကိုလည်း ထင်ဟပ်သည့်အတွက် သူ့ဝတ္ထုများကိုနားလည်းစေရန် သူလှုပ်ရှားရုန်းကန်ရသော နောက်ခံကိုလည်းသိရန်လိုပါသည်။ သူ့အရွယ်ရောက်သည့်အချိန်တွင် ပြင်သစ် တော်လှန်ရေးပြီးဆုံးပြီ ဖြစ်သည်။ တော်လှန်ရေးသမားများ မရှိတော့ပါ။ တော်လှန်ရေး၏ ရည်ရွယ်ချက် ပန်းတိုင်နေရာတွင် အကျင့်ပျက်ခြင်း၊ စာရိတ္တဖောက်ခြင်းတို့သာအစားဝင်ရောက်လာသည်။ နိုင်ငံရေး ရှုထောင့်မှကြည့်လျှင် သူဌေးသူကြွယ်၊ မြေပိုင်ရှင်၊ လုပ်ငန်းပိုင်ရှင်သည်ခေတ္တရှုံးနိမ့်ခဲ့သော်လည်း လူမှုရေး နယ်ပယ်တွင် သူတို့သာပြန်၍ ကြီးစိုးမည်သဘောဖြစ်သည်။ ပြင်သစ်တော်လှန်ရေးက ဆန့်ကျင်ခဲ့သော ဘုရင်စနစ်နေရာတွင် နောက်ထပ်ဘုရင်စနစ်အသစ်တစ်ခုရောက်လာသည်။
စတင်ဒယ်ကို ဝေဖန်သောသူများက စတင်ဒယ်သည် စိတ်ဓာတ်၊ ယုံကြည်ချက် စသည်တို့ကို ဟိုမရောက် ဒီမရောက်၊ ရှုပ်ထွေးသောသူ၊ သူ၏၀တ္ထုများထဲတွင်လည်း ယင်းရှုပ်ထွေးမှု၊ ရောထွေးမှုများ ပေါ်လွင်နေသည် ဟုဆိုကြသည်။
စတင်ဒယ်၏ ၀တ္ထုများထဲတွင် နိုင်ငံရေးသဘောတရားများ ပြည့်နက်နေ၏။ သို့သော် သူ၏ ဇတ်ကောင်သည် ဘာကိုယုံကြည်သည်၊ ဘယ်ဘက်ကို လိုက်သည်ဟူသည်ကို မသိရဘဲသူ၏၀တ္ထုများ သည် ပြီးဆုံးသွားသည်။ ဤနေရာတွင် စတင်ဒယ်သည် ဒေါ့စတိုဘက်စကီးနဲ့ ကွားခြားပါသည်။ ဒေါ့တိုဘက်စကီးသည် သူဆိုင်ဘေးရီးယားအတွေ့အကြုံကြောင့် ဆိုရှယ်လစ်ဝါဒကို ဆန့်ကျင်သူဖြစ်ပြီး ထိုအယူအဆသည် သူ၏၀တ္ထု The Possessed ထဲတွင် ထင်ရှားရှားပေါ်လွင်နေသည်။
စတင်ဒယ်၏၀တ္ထုဖြစ်သော The Red and The Black သည် အထင်ရှားဆုံးဝတ္ထုဖြစ်သည်။ ထို ၀တ္ထုကို ဖတ်နေသည့်အချိန်တွင် အဖြစ်အပျက်များသည် ပြင်သစ်တော်လှန်ရေးအပြီး၊ ဘုရင်စနစ်အသစ် တစ်ခုအောက်တွင် ဖြစ်ပျက်နေသည်ဟူသည်ကို အစဉ်သတိရနေစေသည်။ အလုပ်သမားလူတန်းစားများ သည် အနှိမ်ခံများဖြစ်နေပြီး၊ ထိုခေတ်လူငယ်တစ်ဦးသည် လူ့ပတ်ဝန်းကျင်တွင်ကြီးပွားချမ်းသာချင်လျှင် သူ၏ အမှားအမှန်ကို ခွဲခြားသိတတ်သောစိတ်ကိုလုံးဝစွန့်ပစ်ထားရမည် ဖြစ်သည်ကိုဝတ္ထုထဲတွင် ဖော်ထုတ် ပြသထားသည်။
စတင်ဒယ်၏၀တ္ထုများသည် မည်သည့်အရာကိုမှ ထင်ထင်ရှားရှားပြသခြင်းမရှိ၊ ဇာတ်ရှိန်မြင့်တက် လာချိန်တွင် စာဖတ်သူအား သူ့စိတ်ကူးဖြင့် သူမှန်းကြည့်ရန်ထားခဲ့သည်ဟု ဝေဖန်သူများကဆိုကြသည်။ စတင်ဒယ်သည် ၀တ္ထုထဲတွင် နိုင်ငံရေးအခန်းကဏ္ဍနှင့်ပတ်သက်၍ ၀တ္ထုထဲမှာနိုင်ငံရေးပါဝင်လာခြင်းဟာ၊ ပွဲထဲမှာ သေနပ်သံတစ်ခုကြားလိုက်ရသလိုပါဘဲ - ဟုဆိုလိုက်ပြီး၊ ၎င်းကိုဘာမှဆက်လက်၍ ဖွင့်ဆိုခြင်းမပြု ဘဲ၊ ထားပစ်ခဲ့သကဲ့သို့ ဖြစ်လေသည်။
ကျမ်းကိုး
Irving Howe     :     Politics and the Novel
Stendhal          :     The Red and the Black
Dostovesky     :     The Possessed
နိုင်ငံရေး ၀တ္ထုရေးဆရာ၏တာဝန်များ ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)
နိုင်ငံရေး ၀တ္ထုရေးဆရာ၏တာဝန်များ
ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)
            နိုင်ငံရေးဝတ္ထုကိုရေးသားသော စာရေးဆရာသည် နိုင်ငံရေးသိပပ္ပံကို သိရုံသာမက ၀တ္ထုရေးဆရာလဲ ဖြစ်ရန်လိုသည်။ ၀တ္ထုရေးဆရာသည်ဖြစ်ခြင်းသည် ပို၍ပင်အရေးကြီးပါသည်။ ၀တ္ထုတစ်ခုဖြစ်လာစေရန်၊ လူ၏အကျင့်၊ အပြုအမူ၊ ခံစားမှုများကိုဖော်ထုတ်နိုင်ရမည်။ ၎င်းဖြစ်လူအချင်းချင်းနှင့်လူတစ်ဦးတည်း၏ စိတ် ထဲတွင် ဖြစ်ပေါ်သော အတွင်းပဋိပက္ခများကိုလည်း ဖော်ထုတ်နိုင်စွမ်းရှိရမည်။ ၀တ္ထုဟူသည် စိတ်၏ခံစား ချက်များနှင့် အဖြစ်အပျက်အတွေ့အကြုံများကို ကောင်းစွာဖော်ထုတ်နိုင်ရမည်။ ၀တ္ထုထဲတွင် အာရုံငါးပါးနှင့် တွေ့ထိနိုင်သောအရာများ ရုပ်ဝတ္ထုပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာနှစ်ခုစလုံးပါဝင်ရမည် ဖြစ်သည်။
နိုင်ငံရေးဝတ္ထုထဲတွင် ပါဝင်ရမည်မှာ ideology ခေါ်ဝါဒ၊ အယူအဆ၊ အဖြစ်သဘောတရား၊ အတွေး  အခေါ်များဖြစ်သည်။ ဤနေရာတွင် ၀တ္ထုတွင်တင်ပြသောအဖြစ်အပျက်များဖြစ်သော ရုပ်ပိုင်းဆိုင်ရာနှင့် အတွေးအခေါ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာတို့သည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်၊ ပဋိပက္ခဖြစ်နိုင် သည်။ ဤသို့ဆိုလျှင်  အတွေးအခေါ်သဘောတရားသည် ၀တ္ထုကိုအနှောင့်အယှက်ဖြစ်စေသည်။ ၎င်းသည် ၀တ္ထုရေး ဆရာ၏တင်ပြပုံတင်ပြနည်း၊ အနုပညာမြောက်မှုအပေါ်တည်သည်။
ဤနေရာတွင် အချို့သော ၀တ္ထုရေးဆရာများ၏ အယူအဆတစ်ခုကို တင်ပြလိုပါသည်။ ထိုအယူ အဆမှာ - အတွေးအခေါ်သဘောတရားသည် အနုပညာကိုပျက်စီးစေသောကြောင့် ၎င်းတို့ကို ၀တ္ထုထွဲတွင် မထည့်သင့်ပါ - ဟူ၍ ဖြစ်သည်။ ထိုအယူအဆများသည် အချို့နေရာများတွင် မှန်သော်လည်း၊ နေရာတိုင်း မှာတော့မဟုတ်ပါ။ ၀တ္ထုထဲတွင် အတွေးအခေါ်သဘောတရားများကို အတုံးလိုက် အတစ်လိုက် သိသိ သာ သာထည့်ထားလျှင်၊ အနုပညာကို ပျက်စီးစေသည်မှာ မှန်ပါသည်။ နိုင်ငံရေးဝတ္ထု ဆရာသည် ဤသို့မဖြစ် အောင်၊ နိုင်ငံရေးအတွေးအခေါ်များကို ပေးရင်း၊ အနုပညာလည်းမြောက်အောင် လုပ်ရန်တာဝန်ရှိပါသည်။ ဤနေရာတွင် Politics and the Novel ရေးသားသော စာရေးဆရာ အာဘင်ဟိုး (Irving Howe) ၏ အဆိုအရ၊ နိုင်ငံရေးဝတ္ထုရေးဆရာသည် သူ၏၀တ္ထုများထဲတွင် နိုင်ငံရေးအတွေးခေါ်တည်းဟူသော အညစ် အကြေးများကို ထည့်သွင်းရသည့်အတွက်၊ သူ့မှာ ပို၍တာဝန်ကြီးလေးပါသည်။ သို့သော်ငြားလည်း၊ အကယ်၍ ၀တ္ထုရေးဆရာ၏လုပ်ရပ်သည် အောင်မြင်ခဲ့လျှင် ရရှိသော အကျိုးသည်အလွန်ကြီးမားပါသည်။ ၀တ္ထုထဲတွင် ဇာတ်ကောင်များ၏ လှုပ်ရှားမှုများကို၊ အတွေးအခေါ်သဘောတရားတို့က တွန်းအားပေးနေပုံ ကို ပုံဖော်နိုင်ခြင်းသည် နိုင်ငံရေး ၀တ္ထုရေးဆရာသည်၏ တာဝန်ဖြစ်သည်။
နိုင်ငံရေးဝတ္ထုရေးဆရာသည်နိုင်ငံရေးအတွေးအခေါ်အမျိုးမျိုးကိုတစ်ပြိုင်တည်းကိုင်တွယ်ရမည်။ ဤကဲ့သို့ ကိုင်တွယ်ရာတွင် မတူသောနိုင်ငံရေးအတွေးအခေါ်များ တစ်ခုနှင့်တစ်ခု ပဋိပက္ခဖြစ်ခြင်းနှင့် သူတို့တစ်ခုချင်းလွတ်လပ်စွာတည်ရှိနေပုံတို့ကို ဖော်ထုတ်နိုင်စွမ်းရှိရမည်။ နိုင်ငံရေးဝတ္ထုသည်အကောင်း ဆုံးစံနှုံးမှာ - သဘောတရားများသည် ဇာတ်ကောင်များ၏ အကျင့်စရိုက်နှင့်လှုပ်ရှားမှုများထဲတွင် အလို အလျောက်စိမ့်ဝင်နေခြင်း ဖြစ်သည်။ ဤစံနှုံးဖြင့်သာ အကဲခတ်မည်ဆိုလျှင်၊ ဆရာတက္ကသိုလ် ဘုန်းနိုင် သည် နိုင်ငံရေးဝတ္ထုပါရဂူကြီးတစ်ယောက်ဖြစ်သည်ဟု ဆိုရပါမည်။
Silas Marner, Middlemarch ၀တ္ထုများကိုရေးသာခဲ့သော စာရေးဆရာမ မေရိအင်အီးဘင်း (Mary Ann Evans, 1819-1800) ကလောင်အမည် ဂျော့အီလီယော့ (George Elliot) ကဆိုသည်မှာ - အတွေး အခေါ်တစ်ခုကို အခုကျမှပထမဦးဆုံးဖြစ်ပေါ်လာတယ်လို့ ထင်ရအောင်၊ အတွေးအခေါ်ဖြစ်လာပုံ၊ ပေါက်ပွား လာပုံကို ဖော်ပြရတာဟာ တော်တော်ကြိုးစားရတဲ့ အလုပ်ဖြစ်ပါတယ် - ဟူ၏။ ဤသည်ကား နိုင်ငံရေးဝတ္ထု အတွက် ကြီးကျယ်သောပြဿနာ စိန်ခေါ်မှုကြီးတစ်ခုဖြစ်လေသည်။ နိုင်ငံရေးဝတ္ထုရေးသောပုဂ္ဂိုလ်သည် ထိုစိန်ခေါ်မှုကို ရင်ဆိုင်ရမည်ဖြစ်သည်။ ဤနေရာတွင် စာရေးဆရာသည် အတွေးအခေါ်အယူအဆများကို ဧကန်တကယ် အသက်ရှင်လာစေရမည်။ ၀တ္ထုထဲတွင် နိုင်ငံရေး အတွေးအခေါ်များ ကိုယ်တိုင်ကပင် သက်ရှိဇာတ်ကောင်များပမာ ပါဝင်နေစေရမည် ထိုမှသာ နိုင်ငံရေးဝတ္ထုပီသပေမည်။
စာရေးဆရာတွင် သူ၏ကိုယ်ပိုင် အယူအဆများရှိပါလိမ့်မည်။ သူ့မှာ ယုံကြည်သော နိုင်ငံရေးဝါဒရှိ သလို မယုံကြည်သောဝါဒများလည်းရှိပါလိမ့်မည်။ သို့သော်ငြားလည်း သူ၏၀တ္ထုသည် နိုင်ငံရေးအတွေး အခေါ်များသက်သက် အပေါ်တွင်ရပ်တည်နေ၍ မဖြစ်ပါ။ နိုင်ငံရေးဝတ္ထုရေးသော စာရေးဆရာသည် ၀တ္ထု ရေးဆရာဖြစ်သောကြောင့် သူ၏၀တ္ထုသည် စာပေရှုထောင့်မှ ၀တ္ထု၏အရည်အချင်းများ ရှိရမည်ဖြစ်သည်။ သူ၏အလုပ်မှာ သဘောတရားနှင့်အတွေ့အကြုံတို့ဆက်သွယ်ချက်၊ နိုင်ငံရေးအတွေးအခေါ်များနှင့် ပုဂ္ဂိုလ် ရေးခံစားချက်များရောစပ်နေပုံတို့ကို ဖော်ထုတ်ပြသရန် ဖြစ်သည်။ ထိုအလုပ်ကို ၀တ္ထုရေးဆရာများသည် နည်းဗျူဟာအမျိုးမျိုးသုံး၍ လုပ်ကြပုံကိုနိုင်ငံရေးဂန¨၀င်ဝတ္ထုများကို ဖတ်ကြည့်ခြင်းအားဖြင့် လေ့လာကြည့် နိုင်သည်။
ဥပမာတစ်ခုအနေဖြင့် ရုရှားစာရေးဆရာ ဘောရစ်ပက်(စ)တနက် (Boris Pasternak, 1890 – 1960) ၏ ဒေါက်တာဇီးဘားဂိုး (Dr. Zhivargo) သည် အလွန်လေ့လာရန် ကောင်းသောဝတ္ထုတစ်ခုဖြစ် သည်။ ၀တ္ထု၏အဓိက ဇာတ်ကောင် ဒေါက်တာဇီးဘားကိုးသည် သူ၏ဆရာဝန်အလုပ်နှင့် ကဗျာစပ်သော အလုပ်ကိုသာ စိတ်ဝင်းစားပြီး နိုင်ငံရေးစိတ်ဓာတ်လုံးဝမရှိသော သူဖြစ်သည်။ ရှရှားတော်လှန်ရေးကြီး တိုက် ခိုက်မှုကြောင့် သူ့ဇနီးနှင့်မိသားစု သူသံယောဇဉ်တွယ်သောလာရာတို့အပေါ် အကျိုးသကရောက်ပုံ ထို့ကြောင့် နိုင်ငံရေးနှင့်မပတ်သက်ဘဲနေ၍ မရတော့ပုံကိုရေးသားထားသည်။ လာရာ၏ငယ်ချစ်ဖြစ်သူ နာဘိုကော့သည် အရင်းရှင်စနစ်ကို မုန်းတီး၍၊ ဆိုရှယ်လစ်နစ်ကို ဧကန်တကယ်ယုံကြည်သူဖြစ်သည်။ သူယုံကြည်သော ဆိုရှယ်လစ်စနစ်အတွက် ကိုယ်ကျိုးစွန့်၍ လုပ်သောသူ၊ တော်လှန်ရေးအောင်မြင်သွား သောအချိန်တွင်၊ ဘာမှ အကျိုးမခံစားရဘဲအသက်စွန့်သွားခဲ့ရသူဖြစ်သည်။ မစ္စတာကန်ထရိုဘစ်သည် နေရာတိုင်းတွင် ရှိနေကျဖြစ်သောအချေင်းသမားဖြစ်ပြီး၊ ဘယ်ခေတ်တွင်မဆို ကြီးပွားချမ်းသာသော သူဖြစ် သည်။ အရင်းရှင်စနစ် အောက်တွင် စီးပွားရေးလုပ်ပြီး ချမ်းသာသည်။ ဆိုရှယ်လစ်ခေတ်ရောက်သောအခါ တွင်လည်း ရပ်ကွက်၊ မြို့နယ်၊ တိုင်းအဆင့်ဆင့်တို့တွင် ရာထူးများတိုး၍ ဆိုရှယ်လစ်သူရဲကောင်းကြီး ဖြစ် လာသည်။
ရုရှားဝတ္ထုအကြောင်းကို ပြောပြီး အမေရိကန်လာဝတ္ထုတစ်ပုဒ်ကို ကြည့်ရအောင် မားဂရတ်မစ်ခြယ် (Margaret Mitchell 1900-1949) ၏ Gone With The Wind (လေရှုးသုန်သုန်) ၀တ္ထထဲတွင် နိုင်ငံရေးဝါဒ များကိုဖော်ညွှန်းထားခြင်းမရှိသဖြင့်၊ ၎င်းကိုနိုင်ငံရေးဝတ္ထုဟု ပြောဖို့ပင်ခက်ပါသည်။ သို့သော် စာပေနှင့် နိုင်ငံရေးဆက်သွယ်ချက်ကို လေ့လာမည်ဆိုလျှင် လေ့လာ၍ ကောင်းသော ၀တ္ထုဖြစ်ပါသည်။ ၎င်းသည် အမေရိကန်မြောက်ပိုင်းနှင့်တောင်ပိုင်း ပြည်တွင်းစစ်ကို နောက်ခံထားသည်။ အမေရိကန်တောင်ပိုင်းသား များလက်လွယ်ဆုံးရှုံးသွားခဲ့သော ရွှေခေတ်တစ်ခေတ်နောက်ဆုံးနေ့များကို ဖော်ပြရာတွင် လွန်ပီပြင်ပါ သည်။ ဇာတ်ကောင်တစ်ဦးဖြစ်သော အက်ရှာလေလာ သူ၏ယုံကြည်ချက်များကို ဖော်ပြရာသွားရာတွင် "ကျွန်တော်က ကျွန်တော့်ရဲ့မွေးမြေ ဂျော်ဂျီရာအတွက် အသက်စွန့်ဖို့အသင့်ပါဘဲ။ ဒါပေမယ့် မြောက်ပိုင်း သားတွေဘက်ကကြည့်ရင် ကျွန်တော်တို့ဟာနိုင်ငံတော်ပြိုကွဲအောင်လုပ်သူတွေလို့မြင်မှာဘဲ။" စစ်ပြီးသွား သည့်နောက်တွင် တောင်ပိုင်းသို့မြောက်ပိုင်းမှ စီးပွားရေးသမားများရောက်လာကာ နိုင်ငံသစ်ထူထောင်ရန် ဟူသောအကြောင်းပြချက်ဖြင့် တောင်ပိုင်းသားများ၏ ပိုင်ဆိုင်မှုများကို သိမ်းယူအမြတ်ထုတ်ပုံတို့ကို ရေးသားထားသည်။ ဤ၀တ္ထုတွင် စာရေးဆရာသည် နိုင်ငံရေးအဆိုအမိန့်သဘောတရားများကို ဘာမှ မပြောဘဲ သူ၏ယုံကြည်ချက်ကို ဇာတ်လမ်းထဲတွင် ထည့်သွင်း၍ ဖော်ပြထားသည်။
ကျမ်းကိုး
Irving Howe              :     Politics and the Novel
Boris Pasternak        :     Dr. Zhivargo
Margaret Mitchell      :     Gone With the Wind
George Elliot             :     Letters
နိုင်ငံရေးဝတ္ထု၏သဘောတရား ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)
နိုင်ငံရေးဝတ္ထု၏သဘောတရား
ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)
            စာပေနယ်ပယ်တွင် ၀တ္ထုများကို အမျိုးအစားခွဲခြား၍ လေ့လာခြင်းသည် လုပ်ရိုးလုပ်စဉ်တစ်ခု ကဲ့သို့ဖြစ်နေသည်။ ဥပမာ-အချစ်ဝတ္ထု၊ စုံထောက်ဝတ္ထု၊ ဘ၀သရုပ်ဖော်ဝတ္ထု၊ စွန့်စားခန်း၊ စိတ်ပိုင်းဆိုင်ရာ ၀တ္ထု - စသည်ဖြင့်ဖြစ်သည်။ အချို့သောစာပေပညာရှင်များ၊ စာပေဝေဖန်ရေးဆရာများက ဤကဲ့သို့ အမျိုးအစားခွဲခြားခြင်းကို အရေးပါလှသည်ဟုမယူဆပါ။ စာပေရှုထောင့်မှကြည့်လျှင်၊ ဤကဲ့သို့အမျိုးအစား ခွဲခြားထားခြင်းသည် အရေးပါသောခွဲခြမ်းစိတ်ဖြာမှုမဟုတ်ပါ။ ဤကဲ့သို့ အမျိုးအစားခွဲခြားထားခြင်းသည်  ၀တ္ထုတစ်ခုစီ၏ အဓိကအသားပေးသောအရာတစ်ခုကို ဖော်ပြခြင်းမျှသာဖြစ်သည်။ လွယ်ကူအောင်၊ ခေါ်လို့ လွယ်အောင်၊ အမည်တစ်ခုခုတပ်ပေးလိုက်ခြင်းမျှသာဖြစ်သည်ဟု စာပေဆရာ အာဘင်ဟိုး (Irving Hore) က ဟူ၏ ကျမ်းစာအုပ် Politics and the Novel (နိုင်ငံရေးနှင့်ဝတ္ထု) ထဲတွင် သူ၏အယူအဆကို ရေးသားထားသည်။
            ဤဆောင်းပါးတွင် အထူးအလေးပေးလိုသည်မှာ နိုင်ငံရေးဝတ္ထု (political novel) ဖြစ်သည်။ စာပေရှုထောင့်အရ ၀တ္ထုအမျိုးအစားများစွာထဲတွင် နိုင်ငံရေးဝတ္ထုသည် မည်သည့်ဝတ္ထုမျိုးကို ခေါ်သနည်း ဟူသည်နှင့်ပတ်သက်၍ စာရေးဆရာအာဘင်ဟိုးက ဤကဲ့သို့ဖွင့်ဆိုထားသည် - နိုင်ငံရေးဝတ္ထုဟူသည် မှာ ကျွန်တော်(အာဘင်ဟိုး) အနေနှင့် နိုင်ငံရေးဝတ္ထုဟု သတ်မှတ်လိုသောဝတ္ထူမျိုးကိုခေါ်သည်။
            ထိုအဓိပပ္ပါယ်၏ သတ်မှတ်ချက်အရဆိုလျှင် မည်သူမဆို မည်သည့်ဝတ္ထုကိုမဆို နိုင်ငံရေးဝတ္ထုဟု သတ်မှတ်နိုင်ခွင့်ရှိသည်။ ၎င်းပြင် ဘယ်အကြောင်းကြောင့် ဘယ်ဝတ္ထုကိုနိုင်ငံရေးဝတ္ထုဟု သတ်မှတ်သည် ဟူသော အကြောင်းပြချက်ကို ပြောစရာမလိုပါ။
            ယင်းအဓိပပ္ပါယ် သတ်မှတ်ချက်ကို လက်ခံမည်ဆိုလျှင် နိုင်ငံရေးဝတ္ထုဟူသည် အဘယ်နည်းဟူသည် ကို ဆွေးနွေး၊ အငြင်းပွားရန်မလိုအပ်ပါ။ ဤသို့ဆိုလျှင် ခေါင်းစဉ်တွင် ဖော်ပြထားသော နိုင်ငံရေးဝတ္ထု၏ သဘောတရားသည် ဘာတွေကို ဖော်ပြမည်နည်း? ဤဆောင်းပါး၏ ရည်ရွယ်ချက်မှာ နိုင်ငံရေးနှင့်စာပေတို့ ၏ဆက်သွယ်ချက်ကို ဖော်ပြရန်ဖြစ်သည်။ ဤဆောင်းပါးတွင် သုံးထားသော နိုင်ငံရေးဝတ္ထုဟူသော ဝေါဟာရ၏ အဓိပပ္ပါယ်မှာ နိုင်ငံရေးနှင့်စာပေ ဆက်သွယ်ချက်ဟူသော အရာမှာလည်း အမျိုးမျိုးပြောင်းလဲ နေသကဲ့သို့ ဆက်သွယ်နေသော ပမာဏ အသားပေးမှုတို့မှာလည်း တစ်ခုနှင့်တစ်ခုမတူ ပြောင်းလဲနေ သည်။ ဤကဲ့သို့ သဘောတရားသက်သက်တို့ကိုသာ စဉ်းစားတွေးနေမည့်အစား တိကျသော ဥပမာများကို လေ့လာခြင်းက ပိုမိုထိရောက်ပါလိမ့်မည်။ ဤနေရာတွင် ဤစာရေးသူအနေဖြင့် ခေါင်းစဉ်ကို ပင် - ၀တ္ထုထဲမှ နိုင်ငံရေးသဘောတရားများ ဟူ၍ပင် ပြောင်းရမလားလို့ စဉ်းစားနေမိပါသည်။
ဆရာတက္ကသိုလ်ဘုန်းနိုင်၏ - သူ့ကျွန်မခံ ညီမလေးရယ် စိုးရိမ်မိတယ်။ ဒေါ်ခင်မျိုးချစ်၏ အနော်ရ ထာ ၁၃ရတီစိန်ကြီး တို့ကို နိုင်ငံရေးဝတ္ထုဟု သတ်မှတ်၍ ရနိုင်မည်လော။ စောစောကပေးခဲ့သော အဓိပပ္ပါယ် သတ်မှတ်ချက်အရ၊ မည်သူမဆို မည်သည့်ဝတ္ထုကို မဆိုနိုင်ငံရေးဝတ္ထုဟုသတ်မှတ်နိုင်သည် ဟူသည်ကို ခဏမေ့ထား၍ ထိုဝတ္ထုများထဲတွင် ပါဝင်သောနိုင်ငံရေးသဘောများကို လေ့လာကြည့်ပါမည်။
သူ့ကျွန်မခံဝတ္ထုသည် ခေါင်းစဉ်ကပင်နိုင်ငံရေးသဘောတရားကို ဖော်ပြထားသည်ကို တွေ့ရ သည်။ မည်သည့်နိုင်ငံရေးအတွေးအခေါ်ကို ဖော်ညွှန်းနေသည်မှာ လည်းရှင်းလင်းနေပါသည်။ ထိုဝတ္ထုမှာ မြန်မာနိုင်ငံတွင် အားလုံးသိထားပြီဖြစ်၍ အထူးပြောစရာမလိုပါ။ ညီမလေးရယ် စိုးရိမ်မိတယ် ၀တ္ထုသည် ခေါင်းစဉ်ကိုကြည့်လိုက်လျှင် နိုင်ငံရေးဝတ္ထုဟု မထင်ရပါ။ သာမန်အချင်ဝတ္ထုဟုသာ ထင်ရပါသည်။ သို့သော်  ထိုဝတ္ထုထဲတွင် 1950နှစ်များက တက္ကသိုလ်ရှိကျောင်းသားသမဂ္ဂများ၊ ပါလီမန်ဒီမိုကရေစီ အကြောင်းတို့များစွာ ပါဝင်သည်ကို တွေ့ရသည်။
အနော်ရထာဝတ္ထုသည် ခေါင်းစဉ်ကို ဖတ်လိုက်လျှင် သမိုင်းနောက်ခံဝတ္ထုဖြစ်လိမ့်မည်ဟု မှန်းနိုင်ပါ သည်။ သို့သော် ထိုဝတ္ထုနှင့်ပတ်သက်၍ သမိုင်းပါရဂူကြီးဒေါက်တာသန်းထွန်းက သမိုင်းကို ဖော်ထုတ်ရာမှာ တော်တော်ညံ့သည်ဟူ၍ သူ၏ ကိုယ်ရေးအထုပတ္တိ ငါပြောသမျှငါ့အကြောင်း ထဲတွင် ထည့်သွင်းရေးသားသည်ကို ဖတ်ရပါသည်။ ဆရာကြီး မှတ်ချက်ချသည့်အတိုင်းမှန်ကန်ကြောင်းကို ဆရာမကြီးဒေါ်ခင်မျိုးချစ်ကိုယ်တိုင်လည်း ၀န်ခံပါသည်။ သမိုင်း ၀တ္ထုအကြောင်းကို ပြောရင်း၊ ပေါ်ပေါက်လာသောကိစ္စမှာ - သမိုင်းဝတ္ထုများသည် နိုင်ငံရေးဝတ္ထုအမျိုးအစား ထဲ၌ ပါဝင်သလား။ ဟူသော မေးခွန်းဖြစ်သည်။ ဤကိစ္စသည် ယေဘုယျကျလွန်း၍ သီးခြားစဉ်းစားရပါလိမ့် မည်။
အနော်ရထာဝတ္ထုတွင် နိုင်ငံရေးသဘောတရားများပါဝင်သည်ကို တွေ့ရသည်။ ဥပမာ - ကျန်စစ် သားက အနော်ရထာမင်းကြီးကို ပြောသောစကားများကို လေ့လာကြည့်ပါ။ ဤစကားများတွင် - "အရှင်မင်း ကြီး၊ ကျွန်တော်တို့ဟာအလွှာအသီးသီးက လူတွေရဲ့ ယုံကြည်မှုကို ရရှိဖို့လိုပါတယ်။ ကျွန်တော်မျိုးကို ကြည့်ပါ။ ကျွန်တော်မျိုးရဲ့အမိန့်ကို အကြွင်းမဲ့နာခံမည့်တပည့်တွေကို ထားခဲ့ပြီး အရှင်မင်းကြီးနောက်ကို တစ်ဦးတည် လိုက်လာခဲ့တယ်။ မဟုတ်လား" ဒါဟာ အရှင်မင်းကြီးအပေါ်ကို ယုံကြည်မှုရှိတာကို ပြသတာ ပဲမဟုတ်ပါလား။ လူတွေရဲ့ ယုံကြည်မှုကို ရရှိဖို့ သူတို့ရဲ့ဘ၀တွေ အတွေးအခေါ်တွေ မျှော်လင့်ချက်တွေ၊ စိုးရိမ်မှုတွေကို နားလည်အောင် လုပ်ရမယ်။ တကယ်အရည်အချင်းရှိတဲ့လူတွေကို နိုင်ငံအကျိုးအတွက် အသုံးပြုတတ်ရမယ်။" ဟူ၍ရေးသားဖော်ပြထားသည်။ ဤသည်ကား အနော်ရထာဝတ္ထုထဲရှိ နိုင်ငံရေး သဘောတစ်ခုတည်းကို နမူနာထုတ်ယူ၍ ပြသခြင်းဖြစ်ပါသည်။
၁၃ရတီစိန်ကြီးဝတ္ထုကို ခေါင်းစဉ်ဖတ်လိုက်ရုံဖြင့် နိုင်ငံရေးဝတ္ထုဟု မည်သူကမှ ယူဆမည်မဟုတ်ပါ။ ၀တ္ထုကို အစအဆုံးဖတ်လျှင်လည်း၊ နိုင်ငံရေးဝတ္ထုအမျိုးအစားထဲတွင် ထည့်မည်မဟုတ်ပါ။ ထိုဝတ္ထုနှင့် နိုင်ငံ ရေးဆက်စပ်ပုံမှာ နောက်ခံအနေဖြင့် ယူထားသောခေတ်သည် မြန်မာနိုင်ငံ ဂျပန်ခေတ်ကာလဖြစ်ခြင်းနှင့် တကယ့် အဖြစ်အပျက်ဖြစ်ခြင်းဖြစ်သည်။ ဇာတ်လမ်းမှာ ဂျပန်ခေတ်တွင် ပွဲစားများကောင်းစားသည့်အချိန် က ၁၃ရတီစိန်ကြီးကို ၀ယ်လိုက်လိုသူဘက်က ပွဲစားများနှင့် ရောင်းလိုသူဘက်ကပွဲစားများတွေ့ဆုံကြပြီး၊ ၁၃ရတီစိန်ကြီးကို ရှာကြရာတွင် နောက်ဆုံးတွင် ထိုစိန်ကြီးမှာလည်း ဘယ်နေမှန်းမသိ ရောင်းလိုသူနှင့် ၀ယ်လိုသူတို့သည်လည်း ဘယ်သူမှန်းမသိဘဲပြီးဆုံးသွားသည်။ ဒါနိုင်ငံရေးဝတ္ထုမှမဟုတ်ဘဲ - ဟု စာဖတ်သူကတွေးမည်ဆိုလျှင် မှန်ပါသည်။
ထိုနည်းတူစွာ သမိုင်းနောက်ခံဝတ္ထုများဖြစ်ကြသော လီယိုတော်စတွိုင် (Leo Tolstoy) ၏ Wat and Peace (အချစ်နှင့်ငြိမ်းချမ်းရေး) နှင့် မာဂရက်မစ်ခြယ် (Margaret Mitchell) ၏ Gone With the Wind (လေရှုးသုန်သုန်) ၀တ္ထုများကိုလည်း နိုင်ငံရေးရှုထောင့်မှကြည့်နိုင်ပါသည်။
ယခုဆောင်းပါးသည် အာဘင်ဟိုး၏ Politics and the Novelမှ ကော်နုတ်၍ ဘာသာပြန်ခြင်းဖြစ် ပါသည်။ သို့သော်လည်း ဥပမာ များကို ပေးရာတွင် မြန်မာလူမျိုးများနှင့်ပို၍ ရင်းနှီးမည့် ဥပမာများကို ထည့် သွင်းပေးထားပါသည်။
ကျမ်းကိုး
Irving Howe : Politics and the Novel …
The Idea of the Political Novel …
ဒေါက်တာသန်းထွန်း - ငါပြောသမျှ ငါ့အကြောင်း
နိုင်ငံရေးသိပံပ္ပပညာရှင်များနှင့်၎င်းတို့၏အဆိုများ ကွာခြားခြင်းသဘောတရားကို လေ့လာသုံးသပ်သူ ဂျပ်ဒါရီဒါ (Jacquer Derrida, 1930-2004) ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)
နိုင်ငံရေးသိပံပ္ပပညာရှင်များနှင့်၎င်းတို့၏အဆိုများ ကွာခြားခြင်းသဘောတရားကို လေ့လာသုံးသပ်သူ
ဂျပ်ဒါရီဒါ (Jacquer Derrida, 1930-2004)
ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)
            ဂျပ်ဒါရီဒါသည် ယခုခေတ်တွင် ဆန်းသစ်သောအတွေးအခေါ်ငါးခုထဲမှ တစ်ခုဖြစ်သော ကွာခြားခြင်း (difference) သဘောတရားကို လေ့လာသုံးသပ်သောပညာရှင်ဖြစ်သည်။ ထိုငါးခုထဲမှ အခြားလေးခုမှ လူ့အခွင့်အရေး၊ အကြမ်းမဖက်သောနည်းဖြင့် အာဏာဖီဆန်ခြင်း၊ အကြမ်းဖက်ဝါဒနှင့် ဓားစာခံဖြစ်ခြင်း (human rights, civil disobedience, terrorism, victimhood) တို့ဖြစ်သည်။ ၄င်းတို့အကြောင်းကို ရနံ့သစ်မဂ္ဂဇင်းအမှတ်(၃၀)တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်သည်။
            ဂျပ်ဒါရီဒါအကြောင်းကို ပြောရမည်ဆိုလျှင် သူသည်အဲ(လ)ဂျီးယား (Algiers) နိုင်ငံသားတစ်ဦး ဖြစ်ပြီး 1949 တွင် ပြင်သစ်နိုင်ငံသို့ သွားရောက်၍ ဒဿနမဟာဘွဲ့စာတမ်းကို ရေးသားခဲ့သည်။ သူသည် ဒဿနပညာ (philosophy) နှင့် စာပေ (literatures) နှစ်ခုတို့၏ ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသော အခက်အခဲများကို ပို၍သိရှိလာသည်။ 1972နောက်ပိုင်းတွင် ဒါရီဒါသည် ပြင်သစ်နိုင်ငံပါရီတက္ကသိုလ်နှင့် အမေရိကန်တက္ကသိုလ်များဖြစ်ကြသော ဂျွန်ဟော့ကင်းတက္ကသိုလ်နှင့် ယေးတက္ကသိုလ်တို့တွင် လှည့်လည် ၍နိုင်ငံရေးနှင့်ဒဿနဘာသာရပ်များကို ပို့ချခဲ့သည်။ သူ၏အတွေးအခေါ်များကို လွှမ်းမိုးခဲ့သော ဒဿန ပညာရှင်များမှာ ဟူဝါ (Hussert) ,ဆာ(ထ)(satre), ကီယကိဂါ့ (Kierkegaard), ဟိုက်ဒဂါ (Hidegger), ဟီဂယ်(Hegel), ဂနေ (Genet) တို့ဖြစ်ကြသည်။
            နှစ်ဆယ်ရာစုနှစ်၏အဆုံးတွင် ခေတ်သစ် (modern) အတွေးအခေါ်များကို စိန်ခေါ်သောခေတ်သစ် ၏ နောက်ပိုင်း (postmodernism) အတွေးအခေါ်များ ခေတ်စားလာသည်။ ယင်းအတွေးအခေါ်များထဲတွင် ဆန်းသစ်သောအတွေးအခေါ်များပါလာသည်။ ခေတ်သစ်၏နောက်ပိုင်းအတွေးအခေါ်ပညာရှင်များသည် ကွာခြားခြင်းအကြောင်းကို တော်တော်ရေးသားလာကြသည်။ ဂျပ်ဒါရီဒါသည် ကွာခြားခြင်းသဘောတရား များကို အထူးလေ့လာသူ တစ်ဦးဖြစ်လာလေသည်။ ကွာခြားခြင်းသဘောတရားအပေါ် ဒါရီဒါ ၏ သဘောထားများကို မပြောမှီ ကွာခြားခြင်းဟူသော အတွေးအခေါ်အကြောင်းကို အနည်းငယ်ပြောရန်လိုပါ လိမ့်မည်။
            ကွာခြားခြင်းဟူသော အတွေးအခေါ်သည် ကိုယ်စားပြုခြင်း (identity) ဟူသောအရာဖြင့် ဒွံတွဲနေသည်။ တစ်ခုခုကို အထူးဝိသေသများဖြင့် ကိုယ်စားပြုတော့မည်ဆိုလျှင် ကိုယ်စားပြုလိုသောအရာ နှင့် အခြားအရာတို့၏ ကွာခြားခြင်းကိုဖော်ပြရန်လိုလိမ့်မည်။ ထို့ကြောင့် ကိုယ်စားပြုခြင်းနှင့် ကွာခြားခြင်း (identity and difference) ဟူ၍ ယှဉ်တွဲဖော်ပြလေ့ရှိသည်။ တစ်ခုခုအကြောင်းကို ပြောတော့မည်ဆိုလျှင် ထိုအရာသည် အခြားအရာများနှင့် မည်ကဲ့သို့ကွာခြားသည်ကို မပြောမဖြစ်ပြောရမည်ဖြစ်သည်။ ဥပမာ ဒီမိုကရေစီ (democracy) အကြောင်းကို ပြောမည်ဆိုလျှင် ဒီမိုကရေစီကို ကိုယ်စားပြုသောအရာများ၊ ၀ိသေသများကိုပြောရန်လိုသလို ဒီမိုကရေစီမဟုတ်သော အခြားဝါဒများနှင့်ကွာခြားခြင်းကိုလည်း ပြောရန် လိုအပ်လာနိုင်ပါသည်။
            ကွာခြားခြင်းသဘောတရားနှင့်ပတ်သက်၍ ဂျပ်ဒါရီဒါ ကဆိုသည်မှာ- အရာရာတိုင်းသည် အခြားအရာများဖြင့် ကွာခြား၏။ ထို့ကြောင့်တစ်ခုခုသည် ဘာကိုဆိုလိုသည်ဟူသည်ကို ဧကန်တကယ် ဆုံးဖြတ်ခြင်းသည် မဖြစ်နိုင်သောအရာဖြစ်သည်။ အကြောင်းမှာ အရာဝတ္ထုတစ်ခုနှင့်တစ်ခု၏ ကွာခြားမှုများ သည် ရေတွက်၍မရနိုင်အောင် များသောကြောင့် ဖြစ်သည်။
            ကွဲပြားခြားနားခြင်းနှင့် အမှန်တရား (truth) နှင့် ပတ်သက်၍ ဤသို့ဆိုထားသည်။ လူများသည် ကမ္ဘာလောကကြီးအပေါ်တွင် ကွဲပြားခြားနားသော အမြင်များရှိကြ၏။ ထို့ကြောင့် အမှန်တရားသည် ရှုမြင်သောသူအပေါ်မူတည်၍ အမျိုးမျိုးရှိ၏။ သို့သော်လည်း အားလုံးအတွက်တစ်ခုတည်းသော အမှန်တရားသည်လည်း ရှိနေသည်ဟု အများကယုံကြည်ကြသည်။ ဥပမာ- ကွဲပြားခြားနားသော သဘောတရားများရှိခြင်း၊ လူများသည် ယင်းသဘောတရားများထဲမှ အချို့ကိုကြိုက်နှစ်သက်သလို၊ အချို့ကို မကြိုက်နှစ်သက်သော သဘောရှိခြင်းသည်လည်း အမှန်တရားတစ်ခုဖြစ်လေသည်။
            လောကတွင် ကွဲပြားခြားနားသောအရာများစွာရှိသည့်အနက် အရေးပါသော အရာတစ်ခုမှာ - အမျိုးသားနှင့်အမျိုးသမီးများဖြစ်၏။ အမျိုးသားနှင့် အမျိုးသမီးများသည် ကွဲပြားခြားနားသည်ဟု ဆိုလိုက်ခြင်းသည် ဘယ်သူကမြင့်သည်၊ ဘယ်သူကနိမ့်သည်ဟု ဆိုခြင်းမဟုတ်၊ ခွဲခြားဆက်ဆံခြင်းကို မှန်သည်ဟုဆိုခြင်းလည်းမဟုတ်ပါ။
            ဤနေရာတွင် မြတ်စွာဘုရားသည် ပါရာဇိကပါဋ္ဌိတော်တွင် ဟောကြားခဲ့သောအရာကို ဘာသာပြန်သူအနေဖြင့် ဖြည့်စွက်၍ပြောရလျှင် လောကတွင်လူလေးမျိုးရှိ၏။ ၄င်းတို့မှာ ယောက်ျား၊ မိန်းမ၊ ယောက်ျားနှင့်မိန်းမနှစ်မျိုးစလုံးဖြစ်သောသူ၊ ယောက်ျားနှင့်မိန်းမဘယ်ဟာမှ မဟုတ်သောသူ ဟူ၍ဖြစ်၏။ ၄င်းတို့ထဲတွင်ယောက်ျားစစ်စစ်နှင့် မိန်းမစစ်စစ်သာလျှင် ရဟန်း (သို့မဟုတ်) ဘိက္ခူနီ) ၀တ်ခွင့်ရှိသည်။
            လူများ၏အရည်အချင်းများကို သတ်မှတ်ရာတွင်လည်း အခြားလူများနှင့် တူညီသော အရည်အချင်း များကို အခြေမခံဘဲ၊ ကွဲပြားခြားနားသောအရည်အချင်းများကို အခြေခံသည်။ လူတစ်ဦးတစ်ယောက်သည် ကိုယ့်ကိုယ်ကိုအထင်ကြီးခြင်းသည်လည်း အခြားလူများနှင့် ကွဲပြားခြားနားသော အရည်အချင်းများကြောင့် ဖြစ်သည်။
            ဒီမိုကရေစီစနစ်၏ ၀ိသေသတစ်ခုမှာလည်း ကွဲပြားခြားနားသောအမြင်ရှိခြင်းကို လက်ခံခြင်း၊ လူတစ်ဦးတစ်ယောက်၏ ကွဲပြားခြားနားသောအမြင်ကို ကိုယ်ကလက်မခံသည့်တိုင်အောင်၊ ထိုအမြင် သဘောထားများကို လေးစားခြင်းဖြစ်သည်။ အမေရိကသမ္မတ အက်ဒမ် (Adams) က အတိုက်အခံတစ်ဦး ကို ပြောခဲ့သည်မှာ "ကျွန်တော်ဟာခင်ဗျားပြောတာတွေအားလုံးကို သဘောမတူပါဘူး၊ ဒါပေမယ့် ဒီလို သဘောမတူတာတွေကို ပြောခွင့်ရှိဖို့အတွက်ကိုတော့ အသက်ပေးပြီးကာကွယ်ပါ့မယ်"
ကျမ်းကိုး
John Hoffman and Paul Graham:
Introduction to Political Theory
Part 4, Chapter 17 : Difference
Wednesday, September 3, 2014
အမြင်စုတ်သော်လည်း ရွှေထုပ်သည့်မြပ၀ါများ ဒေါက်တာခင်မောင်ဝင်း(သချာင်္)
အမြင်စုတ်သော်လည်း ရွှေထုပ်သည့်မြပ၀ါများ
ဒေါက်တာခင်မောင်ဝင်း(သချာင်္)
            ၁၉၈၇ ခုနှစ်လောက် မြန်မာနိုင်ငံတွင် အမ်ဖေး (M. Phil) ဟူသော ဘွဲ့အသစ် တစ်ခုပေါ်ပေါက်လာ သည်။
            အမ်ဖေးဘွဲ့ ပေါ်ပေါက်လာရသော အကြောင်းနှင့် အခြေအနေတို့သည် တစ်နိုင်ငံနှင့်တစ်နိုင်ငံမတူ ကြပါ။ ထို့ကြောင့်လည်း အမ်ဖေးဘွဲ့နှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံများတွင် မူဝါဒအမျိုးမျိုး ကွဲပြားလျက်ရှိ သည်။
အမ်ဖေးဘွဲ့ကို အင်္ဂလန်နိုင်ငံတွင် ၁၉၇၅နှစ်ပတ်ဝန်းကျင်လောက်က စတင်ပေးခဲ့သည်။ ထိုဘွဲ့ဖြစ် ပေါ်လာခဲ့ရသော အကြောင်းအရာမှာ ပီအိပ်(ချ)ဒီ (Ph.D)ခေါ် ပါရဂူဒေါက်တာဘွဲ့အတွက် ကျမ်းပြုစုနေ သောကျောင်းသားများမှ စတင်ခဲ့သည်။ ထိုကျောင်းသားများသည် အချိန်သုံး၊ လေး၊ ငါးနှစ်လောက် ကုန်သော်လည်း ပီအိပ်(ချ)ဒီ အတွက် ကျမ်းမပြီးစီးဘဲ ဖြစ်နေသည်။ သို့သော်သူတို့သည် မဟာသိပံÜ (M.Sc) ထက် အဆင့်မြင့်သော ကျမ်းများကို ပြုစုနိုင်သော အခြေအနေရှိနေသည်။ ထို့ကြောင့် သူတို့၏ ကြိုးစားမှုနှင့် တက်မြောက်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် မဟာသိပံÜ နှင့် ပီအိပ်(ချ)ဒီကြားတွင် အမ်ဖေးဟူသော ဘွဲ့တစ်ခုတီိထွင်၍ ပေးလိုက်သည်။ ထို့ကြောင့် အင်္ဂလန်နိုင်ငံတွင် အမ်ဖေးသည် မဟာသိပံÜ ထက်မြင့်ပြီး ပီအိပ်(ချ)ဒီထက် နိမ့်သည်။
သို့သော် အချို့သော်နိုင်ငံများတွင် အမ်ဖေးဘွဲ့ကို ဘီအက်စီ ဂုဏ်ထူး B.Sc (Hons.) နှင့် မဟာ သိပံÜ ကြားဟူ၍ သတ်မှတ်သည်။ ထိုနိုင်ငံများတွင် အမ်ဖေးသည် ဘီအက်စီဂုဏ်ထူးထက်မြင့်ပြီး မဟာသိပံÜ ထက်နိမ့်သည်။
ထို့ကြောင့် အမ်ဖေးဘွဲ့၏ အဆင့်သည်နိုင်ငံ၏ အခြေအနေနှင့် ပညာရေးစနစ်အပေါ်တည်နေ သည်။
မြန်မာနိုင်ငံတွင် အမ်ဖေးဘွဲ့ဖြစ်ပေါ်လာရသောအကြောင်းများမှာ ဤသို့ဖြစ်၏။
မြန်မာနိုင်ငံရှိ တက္ကသိုလ် ကောလိပ်များ၏ ပညာရေးဆိုင်ရာ ဥပဒေကျင့်ထုံးများအရ မဟာသိပံÜ ပထမနှစ်စာမေးပွဲတွင် နှစ်ကြိမ်ကျရှုံးသောသူ၊သို.မဟုတ် ဘီအက်စီဂုဏ်ထူးတန်းတွင် တတိယအဆင့်သာရရှိ သူများသည် မဟာသိပံÜ ဆက်တက်ခွင့်မရှိတော့ချေ။ ၁၉၈၇ ခုနှစ်လောက်တွင် မြန်မာနိုင်ငံရှိ တက္ကသိုလ် ကောလိပ်များ၌ ထိုဥပဒေများနှင့် ငြိစွန်း၍ မဟာသိပံÜ ဆက်တက်၍ မရနိုင်သော ဆရာ/ဆရာမများစွာ ရှိနေ ကြသည်။ တစ်ဖန်/မဟာသိပံÜ ဘွဲ့ရမှသာ ရာထူးတိုးမြှင့်ခြင်းကို ခံရမည်ဟူသော စည်းမျဉ်းအရ ထိုဆရာ/ ဆရာမများအတွက်အခွင့်အလမ်းများပိတ်နေသည်။
ထို့ကြောင့် ထိုဆရာ/ဆရာမများအတွက် အခွင့်အလမ်းသစ်တစ်ခုရရှိစေရန် ဘီအက်စီဂုဏ်ထူး တန်းနှင့် မဟာသိပံÜကြားတွင် အမ်ဖေးအမည်ရှိသော ဘွဲ့တစ်ခုကို တီထွင်ပေးရလေသည်။ အမ်ဖေးဘွဲ့ကို ရရှိစေရန်အတွက် လိုအပ်ချက်မှာ နှစ်နှစ်အတွင်း ကျမ်းငယ် (small thesis) ခြောက်ခုကို တင်သွင်းရန်ဖြစ် သည်။
ကျွန်တော်သည် ဆရာ/ဆရာမအချို့၏ အမ်ဖေးကျမ်းငယ်များကို ကြီးကြပ်ရန် တာဝန်ကျခဲ့သည်။ ၁၉၈၆ ခုနှစ်နှင့် ၁၉၈၈ ခုနှစ်အတွင်းတွင် ကျွန်တော်သည် သင်ကြားရေးဝါရင့်သော်လည်း မဟာသိပံÜ ဆက်မတက်နိုင်သော ဆရာ/ဆရာမအချို့၏ အမ်ဖေးကျမ်းငယ်များကို အောင်မြင်စွာ ကြီးကြပ်ပြီးစီးခဲ့သည်။
သို့သော် ကျွန်တော်၏ ဒုက္ခသည် ၁၉၈၈/၈၉ နောက်ပိုင်းတွင် စတင်ခဲ့သည်။ ထို့အချိန်တွင် ၀ါရင့် ဆရာ/ဆရာမများအားလုံး အမ်ဖေးဘွဲ့များ အသီးသီးရရှိသွားပြီး သူတို့နှင့်ထိုက်တန်သော ရာထူးများလည်း တိုးတက်သွားကြလေသည။ ယင်းဝါရင့် ဆရာ/ဆရာမများပြီးသွားပြီးနောက် လုပ်သက်သုံးနှစ်မျှသာ ရှိသော ဆရာ/ဆရာမငယ်များအလှည့်သို့ကျရောက်လာသည်။ သူတို့အားလည်း အမ်ဖေးကျမ်းငယ်များ ဆက်လက်၍ ကြီးကြပ်ပေးလေရာ ၁၉၉၀/၉၁ လောက်တွင် နောက်ထပ် အမ်ဖေးကျမ်းငယ်များထွက်လာ တော့သည်။ သို့သော် ယခုအကြိမ်နှင့် ယခင်အကြိမ်အခြေအနေချင်းကွားခြားသွားသည်။ ယခင်က၀ါရင့် ဆရာ/ဆရာမများ၏ အမ်ဖေးကျမ်းငယ်များကို အောင်မြင်စွာ ကြီးကြပ်ပြီးစီးခဲ့သည်ဟုဆိုခဲ့သည်။ ယခုအခါ တွင်မူကား ကြီးကြပ်ပြီးစီးခဲ့သည်ကားမှန်၏။ သို့သော် အောင်မြင်သည်ဟု မဆိုနိုင်တော့ပါ။ ယခုအကြိမ် ကျွန်တော်ကြီးကြပ်ခဲ့သော ကျမ်းငယ်များနှင့်ပတ်သတ်၍ အောက်ပါဝေဖန်သုံးသပ်ချက်များ ထွက်ပေါ်လာပါ တော့သည်။
(၁)       ကျမ်းငယ်များတွင် အင်္ဂလိပ်စာအရေးအသားများနေရာတိုင်းလိုလို မှားယွင်းနေသည်။
(၂)       သင်္ချာဖြစ်၍ အင်္ဂလိပ်စာမှားခြင်းကို ခွင့်လွတ်မည်ဟု ဆိုပြန်သော်လည်း သင်္ချာအတွက်အချက်များ လည်းမှားယွင်းနေသည်ကို တွေ့ရသည်။
(၃)       ကျမ်းပြုစုသော သင်တန်းသားများကို ကျမ်းနှင့်ပတ်သက်၍ နှုတ်မေး စားမေးပွဲတွင် မေးမြန်းသော အခါ သူတို့ရေးသားထားသော ကျမ်းကိုပင်ဘာမှနားမလည် ဘာမှမသိကြောင်းတွေ့ရသည်။
(၄)       ကျမ်းစာအုပ်ကို ရိုက်နှိပ်ထားသော ပုံစံ၊ စာလုံး အထားအသိုတို့သည် အမြင်မလှ၊ မည်မျှ အရုပ်ဆိုး နေသည်ကို သင်္ချာမတက်သူများပင်မြင်နိုင်သည်။
            ထိုဝေဖန်ချက်များ ဝေဖန်သည့်အတိုင်းမလွဲမသွေ မှန်ကန်နေသည်ကို ကျွန်တော်ကိုယ်တိုင်ပင် ၀န်ခံရလေသည်။ သို့ဖြစ်လျှင် ကျွန်တော်ကြီးကြပ်သော ကျမ်းစာအုပ်များနှင့်ပတ်သက်၍ အကောင်းပြော စရာဘာရှိပါတော့သနည်းဟု မေးစရာရှိသည်။
ထိုအခါ ၁၉၆၀ ပြည့်နှစ်လောက်က မြန်မာနိုင်ငံ ဗဟိုရှပ်ရှင်မှ ရိုက်ကူးသေည သတင်းကားတစ်ခုကို အမှတ်ရမိသည်။ ထိုသတင်းကားမှာ မြန်မာနိုင်ငံတွင် ပထမဦးဆုံးတည်ဆောက်ခဲ့သော ဂုံနီအိတ်စက်ရုံ အကြောင်းဖြစ်သည်။ သတင်းကြေညာသူက ဤသို့ပြောသည်ကို မှတ်မိသည်။ "အခုမြန်မာနိုင်ငံမှာ ပထမ ဦးဆုံးထုတ်တဲ့ ဂုံနီအိတ်တွေကိုကြည့်လိုက်ရင် အမြင်ကလဲမလှ၊ ကြမ်းလဲကြမ်း၊ လူကြားထဲလဲကိုင်လို့မရတဲ့ အိတ်စုတ်၊ အိတ်ဟောင်းတွေနဲ့တူပါတယ်။ ဒါပေမယ့် အဲဒီဂုံနီအိတ်တွေက အမြင်စုတ်ပေမယ့် ရွှေထုတ်တဲ့ မြပ၀ါတွေလို့ ဆိုနိုင်ပါတယ်။ အကြောင်းကတော့ အဲဒီဂုံနီအိတ်တွေကို ပြည်တွင်းပစ္စည်းများကိုသာ အဓိက ကုန်ကြမ်းအဖြစ်သုံးပြီး ထုတ်လုပ်ထားပါတယ်။ အဲဒီအိတ်တွေကို မြန်မာနိုင်ငံက ထွက်တဲ့ ပဲ၊ ဆန်စတဲ့ကုန် ပစ္စည်းတွေ ထုပ်ပိုးရာမှာ မသုံးမဖြစ်သုံးရပါတယ်။ အဲဒီလို ထုပ်ပိုးပြီး ပြည်တွင်းစာသုံးဖို့နဲ့ နိုင်ငံခြားပို့ဖို့ အတွက် သယ်ယူနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံခြားငွေ အကုန်အကျသတ်သာရုံသာမက နိုင်ငံခြားငွေ ရရှိဖို့ ကိုပင်လျှင် အထောက်အကူဖြစ်နေပါတယ်"
            ကျွန်တော်ကြီးကြပ်လိုက်သော အမ်ဖေးကျမ်းစာအုပ်များလည်း ဤကဲ့သို့ပင်ဖြစ်နေပါ သည်။ အပေါ်ရံကြည့်လိုက်သော်           ဤကျမ်းစာအုပ်များသည် အင်္ဂလိပ်စာမှား၊ သင်္ချာအတွက်အချက်များမှား ယွင်း၊ ကျမ်းပြုစုသူများကလည်း ဘာမှမတက်ဖြစ်နေသည်မှာ မှန်သော်လည်း ကျွန်တော့်အဖို့ တန်ဖိုးမဖြတ် နိုင်သော ရွှေထုပ်သည့် မြပ၀ါများဖြစ်နေသည်။
အဘယ်သို့နည်း။ ရှင်းပြပါအံ့။
ရှေးဦးစွာ အမ်ဖေးနှင့် မဟာသိပံÜ ကျမ်းများကြီးကြပ်ခြင်းနှင့်ပတ်သက်သော ကျွန်တော်၏အခြေခံ အယူအဆများကို ရှင်းပြရန်လိုပါသည်။ ၎င်းအယူအဆများမှာ -
(၁)       ကျမ်းပြုစုမည့် သင်တန်းသားများသည် ဧကန်တကယ်သင်္ချာအတွေးအခေါ်နှင့်ပတ်သက်၍ ဘာမှ မတက်သေးချေ။
(၂)       ထို့ကြောင့် လိုအပ်သော သင်္ချာအတွေးအခေါ်များကို ရရှိစေရန် ပထမနှစ်၊ ဒုတိယနှစ် အဆင့်၊ အကယ်၍ လိုအပ်ပါက ဆယ်တန်းအဆင့်မှ စတင်၍ပင် ပြန်လည်သင်ပေးရန်လိုအပ်သည်။
(၃)       အကယ်၍ အချိန်ယူ၍ အောက်ဆုံးအခြေခံများမှ စတင်၍ သင်ပေးပါက တက်မြောက်လာလိမ့်မည်။ ထိုအခါတွင် ကျမ်းပြုစုရန် အဆင်သင့်ဖြစ်လာလိမ့်မည်။
            ကျွန်တော့် အယူအဆမှာ ကျမ်းပြုစုမည့်သင်တန်းသားများ ဘာမှမတတ်သေးသည့် အကြောင်းမှာ ပြောင်းလဲနေသော ပညာရေးစနစ်များကြောင့် ဖြစ်သည်ဟူ၏။ အကယ်၍ ကျွန်တော်သည် စနစ်မှန်ကန်စွာ ဖြင့် အခြေခံမှ စတင်၍ သေချာစွာ သင်လိုက်လျှင် တက်မြောက်သွားမည်။ ထိုအခါတွင် နောင်တစ်ခေါက် သင်္ချာအတွေးအခေါ်များကို မြှင့်တင်ပေးမည် မျိုးဆက်သစ်များကို မွေးထုတ်ပေးနိုင်လိမ့်မည်။ ထိုမျိုးဆက် သစ်များဖြင့် နောင်တွင် သင်္ချာအတွေးအခေါ် တော်လှန်ရေး (Mathematical Revolution) တစ်ခုကို ဆင်နွှဲ နိုင်လိမ့်မည်ဟု မျှော်မှန်းခဲ့သည်။
            သို့်သော် မျှော်မှန်းချက်နှင့် တကယ့်ဖြစ်ရပ်မှာ မိုးနှင့်မြေကြီးလောက်ကွာခြားလေသည်။ ကျွန်တော် ၏ ယူဆချက်များမည်မျှမှားယွင်းခဲ့သည်၊ တွက်ကိန်းများမည်မျှလွဲမှားခဲ့သည်ကို နောင်အရှက်တကွဲ အကျိုး နည်း ဖြစ်တော့မှ သဘောပေါက်သည်။
            အနာဂတ်ကို ကြိုတင်၍ မမြင်သော ကျွန်တော်သည် မျှော်မှန်းချက်များစွာဖြင့် How to Prepare if M.Sc or M.Phil. မဟာသိပံÜ သို့မဟုတ် အမ်ဖေးကျမ်းအတွက် ပြင်ဆင်နည်း အမည်ရှိစာတမ်းတစ်ခုကို ရေးသားပြုစု၍ အမ်ဖေးစာတမ်းပြုမည့် သင်တန်းသားများအား သင်တန်းစတင်ပေးခဲ့သည်။ သင်တန်းဖွင့်ပွဲ တွင် ဤသို့စတင်ပြောကြားခဲ့သည် "အမ်ဖေး သို့မဟုတ် မဟာသိပံÜ ကျမ်းပြုစုဖို့အတွက် စာဖတ်တာဟာ စာမေးပွဲဖြေဆိုဖို့ ဖတ်တာနဲ့ မတူဘူးဆိုတာ အရင်ဆုံးသိဖို့လိုတယ်။ စာမေးပွဲ ဖြေဆိုဖို့ဖတ်တာက စာမေးပွဲ ဖြေပြီးရင် အားလုံးမေ့သွားလို့ ဘာမှမဖြစ်ဘူး။ ကျမ်းပြုစုဖို့ကျတော့ အမြဲတမ်းတတ်မြောက်နေဖို့ သိနေဖို့လိုတယ်။ စာမေးပွဲဖြေဆိုဖို့ စာဖတ်တဲ့အခါမှာ စာမေးပွဲ ပါမယ်ထင်တာတွေ ရွေးပြီးတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ၊ အလွတ်ကျက် သွားနိုင်တယ်။ အဲဒီအခါမှာ ကံကောင်းရင်အောင်တာပဲ။ ဂုဏ်ထူးတောင် ထွက်သေးတယ်။ သို့သော် ကျမ်းပြုစုဖို့ကျတော့ အားလုံးကို တတ်ထား၊ ဆရာနဲကလဲအချိန်မရွေးဆွေးနွေးနိုင်တော့မှ တန်ကာကျ တယ်။"
            "ဒါကြောင့် ကျမ်းပြုစုတဲ့ သင်တန်းသားတွေဟာ ကိုယ့်ကိုယ်ကို ဘာသိတယ်၊ ဘာမသိဘူး ဆိုတာ အရင်ဆုံး မလိမ်မညာဘဲသိဖို့လိုတယ်။ မသိတာတွေကို သိအောင်လုပ်ရမယ်။"
            "စာမျက်နှာ တစ်ခုကို ဖတ်တိုင်း အဲဒီစာမျက်နှာမှာ Key words လို့ ခေါ်တဲ့ သော့ချက်ကျတဲ့ စကားလုံးတွေကို ရွေးထုတ်တတ်ရမယ်။ တစ်ခါတစ်ရံ စကားလုံးအားလုံးရဲ့ အဓိပÜါယ်တွေသိစရာတော့ မလိုပါဘူး။ သို့သော်လဲ ဘယ်စကားလုံးတွေရဲ့ အဓိပÜါယ်ဟာတော့ မသိမဖြစ် သိရမယ်ဆိုတာ ရွေးတတ်ရ  မယ်။ သိတယ်ဆိုတဲ့နေရာမှာလဲ နှစ်မျိုးနှစ်စားရှိပြန်တယ်။ အပေါ်ယံညာဝါးပြီး သိတာနဲ့ အသေအချာ သိတာနှစ်မျိုးရှိတယ်။ ဘယ်စကားလုံးတွေကို အပေါ်ယံညာဝါးပြီး သိရုံလောက်နဲ့လုံလောက်တယ်၊ ဘယ်စကားလုံးတွေကိုတော့ အသေအချာ သိရမယ်ဆိုတာ ရွေးတတ်ရမယ်။"
            "သင်္ချာမှာ စကားလုံးတစ်လုံးတည်း သင်္ကေတတစ်ခုတည်းကို အဓိပÜါယ်အမျိုးမျိုးနဲ့ သုံးတတ်တယ်။ ဒါကြောင့် ကိုယ်မြင်နေကျ စကားလုံး၊ သင်္ကေတဖြစ်လင့်ကစား ပေါ့ပေါ့တန်တန်ကျော်မသွားပါနဲ့။ ဘယ်အဓိပÜါယ်နဲ့သုံးထားတယ် ဆိုတာကို အသေအချာလေ့လာပါ။"
            "သင်္ချာမှာ အရေးအကြီးဆုံးဖြစ်တဲ့ အဓိပÜါယ်သတ်မှတ်ချက်များ (definitions) ကို အထူးသတိပြု လေ့လာပါ။ အဓိပÜါယ်သတ်မှတ်ချက်များမှာ နောင်တည်ဆောက်မည့် သင်္ချာအဆောက်အအုံရဲ့ အခြေခံ အုတ်မြစ်ဖြစ်တယ်။"
            ဤကဲ့သို့ အစပျိုးပြီး အမ်ဖေးကျမ်းပြုစုသည့် ဆရာ/မများအား စတင်၍ သင်တန်းပေးလေသည်။ အချိန်မှာ ၁၉၉၀ ပြည့်နှစ် သြဂုတ်လက ဖြစ်သည်။
            သိသင့်သိထိုက်သော အခြေခံများကို ဆယ်တန်း၊ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်အဆင့် လောက်မှ စတင်၍ သင်ကြားသွားရာ ခုနှစ်လလောက် ကြာသွားသည်။ ထိုအခါ အမ်ဖေးကျမ်းငယ်များကို စတင်၍ ရေးသားရန်အဆင်သင့်ဖြစ်ပြီဟု သတ်မှတ်ပြီး ကျမ်းငယ်များအတွက် ခေါင်းစဉ်ပေးခြင်း၊ အကြမ်း ရေးခြင်း၊ အချောရေးခြင်း လုပ်ငန်းများကို စတင်ပြုလုပ်လေသည်။
            ကျွန်တော်သည် အောက်ပါရည်ရွယ်ချက် ရည်မှန်းချက်များဖြင့် ကျမ်းငယ်များကို ကြီးကြပ်ပေးခဲ့ သည်။
(၁)       အမ်ဖေးကျမ်းငယ်တွင် ပါဝင်သော အချို့အကြောင်းအရာတို့သည် ပထမနှစ်၊ ဒုတိယနှစ် အဆင့် လောက်သာ ရှိ၍ အဆင့်နိမ့်သည်ဟု ဆိုချင်ဆိုမည်။ သို့သော် ၎င်းတို့၏နောက်ကွယ်ရှိ သင်္ချာ ယုတ္တိဗေဒ အတွေးအခေါ်များသည် အမ်ဖေးအဆင့်မီစေရမည်။
(၂)       အချို့သော အချက်အလက်များသည် အရေးကြီးသော်လည်း အတန်းထဲတွင် အချိန်မလောက်၍ သော်လည်းကောင်း၊ သတ်မှတ်ထားသော သင်ရိုးကို မကုန်မှာစိုး၍သော်လည်းကောင်း ချန်ခဲ့ရ သည်။ အမ်ဖေးကျမ်းငယ်များတွင် ဤကဲ့သို့သော အချက်အလက်များကို ရှာဖွေ၍ ဦးစားပေးဖော် ထုတ်ပေးရမည်။
(၃)       ကျမ်းစာအုပ်တိုင်းတွင် ရည်ရွယ်ချက်တစ်ခုခုရှိပြီး ထိုရည်ရွယ်ချက်ကို ပေါ်လွင်စေရမည်။ ရည်ရွယ် ချက်ဟူရာ၌ အဓိပÜါယ်သတ်မှတ်ချက်၊ သို့မဟုတ် အချို့ကို ခြုံငုံသုံးသပ်၍ ဥပမာပေး၍ ဖော်ထုတ် ရန် ရည်ရွယ်ချက်၊ သီအိုရီတစ်ခုခုကို နယ်ပယ်တစ်ခုခုတွင် အသုံးချပြရန် ရည်ရွယ်ချက် တို့ဖြစ်နိုင် သည်။
                        ဤကဲ့သို့သော ရည်မှန်းချက်များဖြင့် အမ်ဖေးကျမ်းငယ်များကို ကြီးကြပ်ပေးခဲ့သော်လည်း ကျွန်တော်၏ အခြေခံယူဆချက်များ မှားယွင်းနေခြင်းကြောင့် ကျွန်တော်၏ တွက်ကိန်းများလွဲခဲ့ရ သည်။ ရည်မှန်းချက်များဖြစ်မလာသည့်အပြင် သုံးသပ်ကြည့်သော် ဤသို့တွေ့ရ၏။
(၁)       လွယ်ကူရှင်းလင်းသော အခြေခံများကို အနိမ့်ဆုံးအဆင့်မှ စတင်၍ သင်ပေးခြင်းအားဖြင့် သင်တန်း သားများ တတ်မြောက်လာလိမ့်မည်ဟူသော ယူဆချက်သည် မှား၏။ အမ်ဖေးလာရောက်စစ်ဆေး သော ပြင်ပစာစစ်ဆရာကြီးတစ်ဦးက "မင်းတပည့်တွေဟာ ဘယ်လိုဟာတွေလဲကွာ၊ အမ်ဖေး ကျမ်းရေးနေပြီး ပထမနှစ်က စာတွေတောင် မတတ်ပါလား၊ မင်းဘယ်လို လုပ်တာလဲ" ဟုမေးရာ ကျွန်တော်က ဤသို့ပြန်ဖြေခဲ့သည်။ "ကျွန်တော်လဲ ဒါတွေကို သိလို့ အနိမ့်ဆုံးအင့်က စပြီးသင် တာပဲ"   ထိုအခါ ထိုဆရာကြီးက "အေး-အဲဒါလဲမင်းအမှားပဲ၊ သင်တန်းသား ဖြစ်လာရင် ကျောင်းသား ဖြစ်ဖြစ် ကိုယ်ကချည်း သင်ရင်မတတ်ဘူး၊ သူတို့ကို ဖတ်ခိုင်းပြီး ပြန်ရှင်းပြခိုင်းရ တယ်။ " ဟု ပြန်လည်ပြောကြားခဲ့သည်။
            ဤတွင် ကျွန်တော်၏ အမှားကို  သိလိုက်ရသည်။ ကျွန်တော်ကချည်း သင်နေပြီး သင်တန်းသား များအား ဘာမျှ ပြန်လုပ်မခိုင်းမိခြင်းသည် ပထမအမှားဖြစ်၏။
(၂)       ကျွန်တော်သည် အမ်ဖေး၊ သင်တန်းသားများအား စတင်၍ သင်ရန်ပြင်ဆင်နေစဉ် ကျွန်တော်၏ လုပ်ဖော်ကိုင်ဖက်များက ဤသို့ပြော၏။ "ခင်ဗျားသင်မနေနဲ့ အလကားပဲ။ ခင်ဗျားဆီကို အခု ရောက်လာတဲ့ သင်တန်းသားတွေ ယူဆထားတာက ခင်ဗျားဟာသဘောကောင်းတယ်၊ ဒါကြောင့် ခင်ဗျားဆီကလာရင် အမ်ဖေးဘွဲ့အချောင်ရမှာပဲလို့ပဲ ဖြစ်တယ်။ သူတို့တွေဟာ တတ်လဲ မတတ်ဘူး။ တတ်လဲမတတ်ချင်ဘူး။ ဘွဲ့ကိုသာ အချောင်လိုချင်တာ"
            သို့သော် ကျွန်တော်သည် သူတို့၏ပြောကြားချက်များကို လက်မခံပါ။ ကျွန်တော်ယူဆခဲ့သည်မှာ ဤသင်တန်းသားများသည် ပြောင်းလဲနေသော သင်ကြားရေးစနစ်အောက်တွင် ပညာသင်ခဲ့ရသော ကြောင့်သာ ပညာလည်းမတတ်၊ တတ်ချင်စိတ်လည်းမရှိဖြစ်နေသည်။ အကယ်၍ ကျွန်တော်က ကောင်းမွန်မှန်ကန်သောစနစ်ဖြင့် ပြန်သင်ကြားပေးလျှင် တတ်မြောက်လာမည်၊ ထိုအခါ ပညာ တတ်မြောက်ခြင်း၏ အရသာကို သိရှိ၍တတ်လည်းတတ်ချင်လာမည်။ သို့သော် ဤယူဆချက် သည်လည်း မှားပြန်သည်။
            ပင်ကိုယ်က ပညာတတ်လိုစိတ်မရှိသူအား မည်ကဲ့သို့ သင်၍မျှမတတ်နိုင်ဟူသော အချက်ကို လက်မခံခဲ့ခြင်းသည်ကား ကျွန်တော်၏ ဒုတိယအမှား။
(၃)       တတိယအချက်သည် လွန်စွာသိမ်မွေ့သဖြင့် ရှင်းပြရန် အတော်ကြိုးစားရမည်။ ကျွန်တော်သည် ဘွဲ့ရရှိပြီးသူများအား သူတို့ကိုယ်တိုင်ဖြတ်သန်းခဲ့သော ပထမနှစ်၊ ဒုတိယနှစ်မှ အစရှိသော စာများ ကို အခြေခံမှစတင်၍ အတွေးသစ်အမြင်သစ်ဖြင့် သင်ကြားခြင်းအားဖြင့် သင်တန်းသားများသည် ပိုမို၍ အမြင်ကျယ်လာလိမ့်မည်၊ သူတို့သင်ခဲ့ဖူးသော သင်ရိုးများ၏ အားနည်းချက်များကို ထင်ထင် ရှားရှားမြင်လာလိမ့်မည်။ ထို့ကြောင့် အမ်ဖေးကျမ်းများကို ရေးသားသောအခါ အတန်းငယ်မှ အကြောင်းအရာများကိုပင် အမြင်သစ်အတွေးသစ်များဖြင့် ရေးသားပြသလိုက်ခြင်းအားဖြင့် သင်္ချာ လောကကြီးကိုပင် ဥာဏ်သစ် သွေးသစ်လောင်းသည့် ပမာဖြစ်သွားမည်ဟု ထင်ခဲ့သည်။
                        ဤထင်မြင်ချက်သည်လည်း လွဲခဲ့ရပြန်သည်။
                        ကျွန်တော်မျှော်မှန်းသလို ကျမ်းပြုစုသူများ၏ အတွေးအမြင်တိုးတက်မလာဘဲ ထိုကျမ်းများ ကို စစ်ဆေးသူ စာစစ်အဖွဲ့ဝင် ဆရာ/ဆရာမများအတွက် လက်နက်သဖွယ် ဖြစ်သွားသည်။ ယခင် က ဤသင်ရိုးများကို သင်ကြားခဲ့သော ဆရာ/မများသည် ယခင်ကမမြင်ခဲ့သော အားနည်းချက်များ ကို ဤအမ်ဖေးကျမ်းကိုဖတ်ကာမှ မြင်လာကြသည်။ အတွေးသစ်၊ အမြင်သစ်၊ အမြင်ဆန်းများကို လည်း ပိုမို၍ သိမြင်လာကြသည်။ ထိုကဲ့သို့ သိမြင်လာသည့်အလျောက် ကျမ်းပြုစုသူ သင်တန်း သားများ၏  အားနည်းချက်များကို ပိုမို၍ မြင်လာကြသည်။ ယခင်က သင်နေကျသင်ရိုးတွင် သူတို့ ကိုယ်တိုင်ကျော်သွားခဲ့သော အတွေးအခေါ်များကို နှုတ်မေးစာမေးပွဲတွင် မေးတတ်လာသည်။ ထိုအခါတွင် သင်တန်းသားများ၏ အားနည်းမှုများကို ပို၍မြင်လာကြသည်။
                        သို့ဖြစ်သော်ငြားလည်း ဤအမ်ဖေးကျမ်းငယ်များသည် ကျွန်တော်အဖို့ အမြင်စုတ်သော် လည်း ရွှေထုတ်သည့်မြပ၀ါများပမာ ဖြစ်ကြပါသည်။ ဤသည် အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဤအမ်ဖေးကျမ်းငယ်များ၏ အရေးအသား၊ အပြင်အဆင်ညံ့ဖျင်းခြင်း၊ အင်္ဂလိပ်စာသာမက သင်္ချာ အချက်အလက်များပါးမှားယွင်းနေခြင်းတို့သည် အပေါ်ယံမျှသာ ဖြစ်ပါသည်။ အပေါ်ယံမျှသာ ဖြစ်သည်ဟု ဆိုရခြင်းအကြောင်းမှာ ယင်းအမှားများကို လူတိုင်းလိုလို အလွယ်တကူမြင်နိုင်သည်။ ဥပမာပြရသော် အဖိုးတန်ရတနာများကို အိုးမဲသုတ်ထားသည့်ပမာ ဖြစ်နေသည်။ ထိုအပေါ်ယံများ သည် အဖိုးတန်ရတနာများကို အိုးမဲသုတ်ထားသကဲ့သို့ ဖြစ်နေသည်။ ယင်းအပေါ်ယံအနှောင့် အယှက်များ၏ အောက်ကို ဖောက်ထွင်း၍ မြင်နိုင်လျှင် အောက်ပါအဖိုးတန်ရတနာများကို တွေ့ရ မည်။
(၁)       ရေးသားထားသော အချက်အလက်အချို့တို့သည် ဆယ်တန်း၊ ပထမနှစ်၊ ဒုတိယနှစ်အဆင့်မျှပင် ရှိသဖြင့် အဆင့်နိမ့်သည်ဟု ဆိုနိုင်၏။ သို့သော်ငြားလည်း ၎င်းတို့၏ နောက်ကွယ်တွင် အလွန် လှပသော သင်္ချာအတွေးအခေါ်များ ထည့်သွင်းထားသည်ကို တွေ့ရမည်။
(၂)       ဘွဲ့ကြိုသင်တန်းများကို သင်စဉ်အခါက သတိမပြုမိ၍ သော်လည်းကောင်း၊ အချိန်မရှိ၍သော်လည်း ကောင်း ကျော်သွားခဲ့သော အတွေးအခေါ် အယူအဆများကို ဖော်ထုတ်ပေးသော သီအိုရမ်များနှင့် ပုစ္ဆာများကို တွေ့နိုင်သည်။
(၃)       အမ်ဖေးကျမ်းငယ်များကို သူ့ဘာသာခွဲအလိုက်နှင့် ခေါင်းစဉ်အလိုက် ပြန်စီလိုက်ပါက ပထမနှစ်မှ စတင်၍ နောက်ဆုံးနှစ်အထိ သိသင့်သော သင်ရိုးမာတိကာအတိုင်း အဆက်အစပ် ထိထိမိမိစဉ်ထားသည်ကို တွေ့ရမည်။ ထို့ကြောင့် နောင်အခါသင်ရိုးများ၊ သင်ခန်း စာမှတ်စုများ၊ လမ်းညွှန်များ၊ ပြဌာန်းစာအုပ်များကိုပိုမိုကောင်းမွန်အောင် ပြုပြင်ရာတွင် အထောက် အကူများစွာ ဖြစ်မည်မှာ သေချာပါသည်။
            ယခုအခါ ကျွန်တော်သည် ကျွန်တော်ကြီးကြပ်ပေးခဲ့သော အမ်ဖေးကျမ်းငယ်များကို Algebra, Analysis, Topology, Probability, Linear Pnogramming, Differential Equations ဟူသော ခေါင်းစဉ် များခွဲ၍ စာအုပ်များချုပ်ထားသည်။ ဤတွဲချုပ်ထားသော စာအုပ်များရှိခြင်းအားဖြင့် ကျွန်တော့်အား မည်သည့် အတန်းတွင်မဆို၊ ကျွန်တော်အမ်ဖေး ကြီးကြပ်ပေးထားဖူးသော မည်သည့်ဘာသာရပ်ကိုမဆို သင်ခိုင်မည်ဆိုပါက ဤအမ်ဖေးကျမ်းများထဲမှ ထုတ်နှုတ်၍ အချိန်မရွေး သင်နိုင်သည်။
            ဤအမ်ဖေးကျမ်းငယ်များသည် ကျွန်တော်ခေါင်းထဲတွင် အစဉ်မမှတ်မိနိုင်သော အချက်အလက် များ၊ သင်ပုံသင်နည်းများ၊ ပုစ္ဆာဆန်းများ၊ အတွေးသစ်အမြင်သစ်များကို အဘိဓာန်ပမာသိမ်းဆည်းထားပေး သကဲ့သို့ဖြစ်နေသဖြင့် ကျွန်တော့်အဖို့ အမြင်စုတ်သော်လည်း ရွှေထုတ်သည့်မြပ၀ါများဖြစ်နေသည်ဟု ဆိုခြင်းဖြစ်ပါသည်။
ဒေါက်တာခင်မောင်ဝင်း(သချာင်္)
အတွေးအမြင် အမှတ် ၉ ၃ ။၁၉ ၉ ၃ သြဂုတ်လ။
Monday, May 12, 2014
နိုင်ငံဟူသောဝေါဟာရကို အဓိပ္ပါယ်သတ်မှတ်ချက်ပေးသင့်၊ မပေးသင့် ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)
နိုင်ငံဟူသောဝေါဟာရကို အဓိပ္ပါယ်သတ်မှတ်ချက်ပေးသင့်၊ မပေးသင့်
ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)
နိုင်ငံ (state) ဟူသောဝေါဟာရကို အဓိပ္ပါယ်ကို နိုင်ငံရေးပညာရှင်များသည် အမျိုးမျိုးအဓိပ္ပါယ် သတ်မှတ်ကြရာတွင် အချို့ကအင်အားကို အဓိကထား၍ သတ်မှတ်သလို၊ အချို့ကအကျင့်သိက္ခာ၊ အချို့က တရားမျှတမှု၊ အချို့က အလိုဆန္ဒ စသည်တို့ကို အဓိကထား၍ သတ်မှတ်ကြသည်။ ယခုမျက်မှောက်ခေတ် တွင် နိုင်ငံကို ရှိသင့်သောစံနှုံးများ၊ ၀ိသေသများဖြင့် သတ်မှတ်ကြပြီး ယင်းဝိသေသများတွင် အဓိကအချက် အချာကျသော အရာဟူသည်မရှိ၊ အင်အားနှင့်အကျင့်သိက္ခာသည် အတူတူအရေးပါသည်ဟု ယုံကြည်ကြ သည်။
          ထိုကဲ့သို့ ယုံကြည်သောသူတစ်ဦးမှာ နိုင်ငံရေးပညာရှင် အီတလီလူမျိုး၊ မာ့(စ)၀ါဒီအင်တိုနီယို ဂရမ်စီ (Antonio Gramsci, 1891-1937) သူသည် ပထမကမ္ဘာစစ်အတိုင်းက ဆိုရှယ်လစ်ပါတီကို ပြော့ညံ့ လွန်းသည်ဟု ယူဆကကာ အီတလီကော်မြူနစ်ပါတီကို 1924 ခုနှစ်တွင် တည်ထောင်သော ဗဟိုကော်မတီဝင်တစ်ဦးဖြစ်လာခဲ့သည်။ သူသည် ကွန်မြူနစ် မာ(စ)၀ါဒီ ဖြစ်သော်လည်း၊ မာ(စ)၀ါဒကို နိုင်ငံရေးထဲတွင် အကျင့်ပိုင်းနှင့် ပညာရပ်ပိုင်းများကို ဦးစားပေးလွန်သည်ဟု ယူဆသည်။
Saturday, April 12, 2014
နိုင်ငံရေးဝတ္ထုဟူသည် ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)
နိုင်ငံရေးဝတ္ထုဟူသည်
ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)
နိုင်ငံရေးဝတ္တု (political novel) ဟူသော အမည်ကိုကြားလိုက်လျှင် စိတ်ထဲတွင် အောက်ပါ မေးခွန်းများ ပေါ်လာနိုင်ပါသည်။ နိုင်ငံရေးဝတ္တုဟူသည် အဘယ်နည်း၊နိုင်ငံရေးဝတ္တု၏ ၀ိသေသများသည် အဘယ်နည်း၊ မည်သည့်ဝတ္တုများသည် နိုင်ငံရေးဝတ္တုများဖြစ်သနည်း။
Politics and the Novel (နိုင်ငံရေးနှင့်ဝတ္တု ) စာအုပ်ကိုရေးသားသော စာရေးဆရာ အာဘင်ဟိုး (Irving Howe) ကဆိုသည်မှာ - များပြားလှသောဝတ္တုအမျိုးအစားများထဲတွင်နိုင်ငံရေးဝတ္တုကိုအမျိုးအစား
တစ်ခုအဖြစ်ထပ်မံ၍ထည့်သွင်းလိုသောဆန္ဒမရှိပါ။ထို့ကြောင့်စေါစေါကဖေါ်ပြခဲ့သောမေးခွန်းများ၏အဖြေကိုလည်းစူးစမ်းရန်ရည်ရွယ်ချက်မရှိပါ- ဟူ၍ဖြစ်သည်။
ဝတ္တုများကို လေ့လာကြည့်မည်ဆိုလျှင်၊ အချို့သည် နိုင်ငံရေးသဘောတရားများ ပါဝင်သည်၊ အချို. သည်များများပါဝင်သည်၊ အချို့သည်အနည်းငယ်မျှသါပါဝင်သည်။ စာရေးဆရာ အာဘင်ဟိုး၏ကျမ်းတွင် ၀တ္တုများထဲတွင်ပါဝင်သော နိုင်ငံရေးသဘောတရားများကိုလေ့လာကြည့်ရန်နှင့် စာပေနှင့်နိုင်ငံရေးတို.၏ ဆက်သွယ်ချက်ကိုစူးစမ်းရန်ဖြစ်သည်။
          ဤမှတ်ချက်သည် တော်တော်ပြင်းထန်ပါသည်။ ထိုမှတ်ချက်ကို ကြားရသူအနေဖြင့် စာရေး ဆရာကြီးစတင်ဒယ်သည် ဘာကိုဆိုလိုသည်၊ အကောင်းပြောတာလား၊ အဆိုးပြောတာလားဟူသည်ကို မသိသည့်အတွက် သူဘာများဆက်ပြောမည်ကို မျှော်လင့်တကြီးဖြင့် နားထောင်နေသော်လည်း ဘာမှဆက် ၍ မကြားရသောကြောင့် အားမလိုအားမရဖြစ်ရပါသည်။
          သမိုင်းနောက်ခံဝတ္ထုများသည် ၎င်းတို့၏ ဦးစားပေးပုံကို မူတည်၍ နိုင်ငံရေးဝတ္ထုများဖြစ်နိုင်သည်။ ဥပမာ သမိုင်းနောက်ခံဖြစ်သော်ငြားလည်း စွန့်စားခန်းကို ဦးစားပေးသကဲ့သို့၊ အချစ်ကိုဦးစားပေးနိုင်သည်။ ဥပမာ- ချား(လ)ဒစ်ကင်း (Charles Dickens) ၏ A Tale of Two Cities (မြို့နှင့်မြို့၏ပုံပြင်) ကိုကြည့်ပါ။ ထိုဝတ္ထုတွင် ပါဝင်သောမြို့နှစ်မြို့မှာ ပြင်သစ်နိုင်ငံမှ ပါရီ (Paris) နှင့် အင်္ဂလန်နိုင်ငံမှ လန်ဒန် (London) ဖြစ်ကြသည်။ အချိန်မှာ ပြင်သစ်တော်လှန်ရေးကာလဖြစ်သည့်အတွက် နိုင်ငံရေးပဋိပက္ခ၏ အကျိုးဆက်များ သည် ဇာတ်ကောင်မျာအပေါ် သက်ရောက်နေသည်။ ပြင်သစ်တော်လှန်ရေးကြောင့် ဒုက္ခရောက်သူများ သည် လန်ဒန်သို့ထွက်ပြေးတိမ်းရှောင်ပြီး ခိုလှုံရသည့်အခြေအနေများကို ဇာတ်လမ်းတွင်တွေ့ရပါသည်။ ဇာတ်လမ်းမှာ ဆုံးရှုံးခဲ့ရသောအချစ်အကြောင်းဖြစ်သည်။ ၀တ္ထု၏အဓိကဇာတ်ကောင် စစ်နီကာတွန် (Sydney Carton) သည် သူ၏အသက်ကိုပင်စွန့်၍ သူဆုံးရှုံးခဲ့သောချစ်သူ၏ခင်ပွန်းအသက်ကို ကယ်တင် ခဲ့ပုံကို ရေးသားထားသည်။ ဇာတ်လမ်း၏နောက်ခံအရ၊ နိုင်ငံရေးရိုက်ခတ်မှု၏ အကျိုးသက်ရောက်မှုများကို ခံစားကြရပုံကို ရေးဖွဲ့ထားပါသည်။
          အကယ်၍ လူမှုရေးကို နိုင်ငံရေး၏ တစ်စိတ်တစ်ဒေသဟု ယူဆမည်ဆိုလျှင် လူမှုရေးဝတ္ထု (social novel) နှင့် နိုင်ငံရေးဝတ္ထုတို့ကို အတိအကျခွဲခြားဖို့ တော်တော်ခက်ပါသည်။ လူမှုရေးဝတ္ထုများကို ရေးရာတွင် ထင်ရှားသော စာရေးဆရာမှာ - မြန်မာနိုင်ငံတွင် မိုးမိုး(အင်းလျား)၊ မစန္ဒာ၊ ဂျူး၊ သုမောင်၊ နေ၀င်းမြင့်တို့ဖြစ်ကြပါသည်။ သို့သော် သူတို့၏ ၀တ္ထုများကို နိုင်ငံရေးဝတ္ထုဟုခေါ်နိုင် မခေါ်နိုင်ဟူသည် ကိုတော့ ပြောဖို့ခက်ပါသည်။ လူတစ်ဦးနှင့်တစ်ဦးဆက်ဆံမှုမှတစ်ဆင့် လူ့အဖွဲ့အစည်းတစ်ခုလုံးအပေါ် အကျိုးသက်ရောက်မှုမျိုး ပါလာလျှင်တော့ နိုင်ငံရေးဝတ္ထုအမျိုးအစားထဲတွင် ထည့်နိုင်ပါသည်။ ဥပမာ တစ်ခုအနေဖြင့် ပြောရလျှင်၊ မစန္ဒာ၏ မောင်ချောက်ချက်သည် ဒသန၀တ္တု ဖြစ်ပါသည်။ ထိုဝထ္တု တွင် မျက်မှောက်ခေတ်အပေါ်ကလေး၏အမြင်ကို ဖော်ပြရာတွင် ဟာသလည်း မြောက်၊ အမှန်ကိုလည်းထင်ဟပ်စေပါသည်။ မိသားစုဇာတ်လမ်းဖြစ်သော်လည်း၊ ခေတ်၏မိသားစုအပေါ် ရိုက်ခတ်မှုကို ပေါ်လွင်သော ၀တ္ထုဖြစ်ပါသည်။
          လူမှုရေးနှင့်နိုင်ငံရေးဝတ္ထုများကိုရေးသားရာတွင် ထင်ရှားသော သူတစ်ဦးမှာ စောစောကအလွန် ပြင်းထန်သော အဆိုအမိန့်ကို ဖော်ထုတ်ခဲ့သော ပြင်သစ်စာရေးဆရာ စတင်ဒယ်(လ)ဖြစ်သည်။ သူ၏၀တ္ထု များသည် သူ့အဆိုအမိန့်ကဲ့သို့ ပြင်းထန်ပြီး အမှန်ကိုဖော်ပြသောကြောင့်၊ လူကြိုက်မများကြပါ။ ပြင်းထန် မှုတွင်၊ မိုးမိုး(အင်းလျား)နှင့်ဆင်ပါသည်။ သို့သော်လည်း မိုးမိုး(အင်းလျား)က စတင်ဒယ်နဲ့ယှဉ်လျှင် လူကြိုက်များပါသည်။ စတင်ဒယ်(လ)၏ ၀တ္ထုများကိုလူများမကြိုက်သော အကြောင်းအရာတစ်ခုမှာ သူသည် သူရဲကောင်းဝတ္ထုများ ခေတ်စားနေချန်တွင် သူ၏၀တ္ထုများသည် ပုဂ္ဂိုလ်ရေးကို ဦးစားပေးသောဝါဒ နှင့် သူရဲကောင်းခေတ်တို့ကုန်ဆုံးမှုကိုဖော်ညွှန်းပြသသောကြောင့်ဖြစ်သည်။ သူ၏ဖော်ညွှန်းပြသမှုများမှန် ကန်နေကြောင်းကို နောက်ပိုင်းကွန်မြူနစ်နှင့်ဆိုရှယ်လစ်ဝါဒတို့လွှမ်းသောအခါတွင်  အားလုံးက သဘော ပေါက်ကြသည်။
          ဆိုရှယ်လစ်ဝါဒလွှမ်းမိုးစဉ်အခါက အနုပညာသည် အနုပညာအတွက်ဟူသော အယူဝါဒကို ဘူဇွာ ဆန်သောဝါဒဟုဆိုပြီး၊ ၎င်းကို ဆန့်ကျင်သည့်အနေဖြင့် အနုပညာသည် ပြည်သူ့အတွက်ဟူသော ကြွေး ကြော်သံထွက်ပေါ်လာခဲ့ဖူးသည်။ ထိုအချိန်က အင်္ဂလိပ်စာဆရာကြီးဦးခင်မောင်လတ်နှင့် စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်တို့က ဆိုသည်မှာ - ဒို့ကအနုပညာသည် ပြည်သူ့အတွက်ဆိုတာကိုတော့ လက်ခံပါတယ်။ ဒါပေမယ့် အနုပညာဖြစ်ဖို့ အနုပညာရဲ့ဝိသေသတွေရှိဖို့တော့လိုပါတယ်။ အနုပညာရဲ့ဝိသေသတွေမရှိရင် ၀ါဒဖြန့်တာသက်သက်ဖြစ်သွားမှာပေါ့။
          အနုပညာနယ်တွင် အနုပညာတကယ်မြောက်ဖို့ စာပေနယ်တွင်လည်း စာပေဂုဏ်မြောက်ဖို့သည် အလွန်အရေးကြီးပါသည်။ နိုင်ငံရေးဝတ္ထုဟုဆိုရာတွင်လည်း၊ ဧကန်တကယ်ဝတ္ထုဂုဏ်မြောက်ဖို့ကို ဦးစား ပေးရမည်ဖြစ်ပါသည်။ ၀တ္ထုဂုဏ်မမြောက်ပဲ နိုင်ငံရေးကိုသာ ဦးစားပေးသောဝတ္ထုမျိုးသည် စတင်ဒယ်(လ) ပြောသလို ပွဲပြနေစဉ်ကြားရသော သေနပ်ပစ်သံပမာဖြစ်သွားပါလိမ့်မည်။ ကိုယ်ယုံကြည်သော ဒီမိုကရေစီဝါဒ ကို ဖော်ညွှန်းသောဝတ္ထုသည် ပစ်လျှင် ၀တ္ထုဂုဏ်မမြောက်လျှင် အနုပညာဘက်မှ ထိခိုက်ပါလိမ့်မည်။ ထို ၀တ္ထုမျိုးသည် ၀ါဒဖြန့်သည့်လက်ကမ်းကြော်ငြာအဆင့်လောက်သာရှိပါလမ့်မည်။
          ထို့ကြောင့် နိုင်ငံရေးဝတ္ထုကိုလေ့လာမည်ဆိုလျှင် ၀တ္ထု၏အနုပညာဂုဏ်ဝိသေသများကို ရှေးဦးစွာ သိရှိရန်လိုပါသည်။
ကျမ်းကိုး
Irving Howe   :         Politics and the Novel.
The Idea of the Political Novel.
Stendhal        :         Le Rouge et le Noir.