Monday, October 20, 2014

နိုင်ငံရေး ၀တ္ထုရေးဆရာ၏တာဝန်များ ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)


နိုင်ငံရေး ၀တ္ထုရေးဆရာ၏တာဝန်များ
ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)
            နိုင်ငံရေးဝတ္ထုကိုရေးသားသော စာရေးဆရာသည် နိုင်ငံရေးသိပပ္ပံကို သိရုံသာမက ၀တ္ထုရေးဆရာလဲ ဖြစ်ရန်လိုသည်။ ၀တ္ထုရေးဆရာသည်ဖြစ်ခြင်းသည် ပို၍ပင်အရေးကြီးပါသည်။ ၀တ္ထုတစ်ခုဖြစ်လာစေရန်၊ လူ၏အကျင့်၊ အပြုအမူ၊ ခံစားမှုများကိုဖော်ထုတ်နိုင်ရမည်။ ၎င်းဖြစ်လူအချင်းချင်းနှင့်လူတစ်ဦးတည်း၏ စိတ် ထဲတွင် ဖြစ်ပေါ်သော အတွင်းပဋိပက္ခများကိုလည်း ဖော်ထုတ်နိုင်စွမ်းရှိရမည်။ ၀တ္ထုဟူသည် စိတ်၏ခံစား ချက်များနှင့် အဖြစ်အပျက်အတွေ့အကြုံများကို ကောင်းစွာဖော်ထုတ်နိုင်ရမည်။ ၀တ္ထုထဲတွင် အာရုံငါးပါးနှင့် တွေ့ထိနိုင်သောအရာများ ရုပ်ဝတ္ထုပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာနှစ်ခုစလုံးပါဝင်ရမည် ဖြစ်သည်။
နိုင်ငံရေးဝတ္ထုထဲတွင် ပါဝင်ရမည်မှာ ideology ခေါ်ဝါဒ၊ အယူအဆ၊ အဖြစ်သဘောတရား၊ အတွေး  အခေါ်များဖြစ်သည်။ ဤနေရာတွင် ၀တ္ထုတွင်တင်ပြသောအဖြစ်အပျက်များဖြစ်သော ရုပ်ပိုင်းဆိုင်ရာနှင့် အတွေးအခေါ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာတို့သည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်၊ ပဋိပက္ခဖြစ်နိုင် သည်။ ဤသို့ဆိုလျှင်  အတွေးအခေါ်သဘောတရားသည် ၀တ္ထုကိုအနှောင့်အယှက်ဖြစ်စေသည်။ ၎င်းသည် ၀တ္ထုရေး ဆရာ၏တင်ပြပုံတင်ပြနည်း၊ အနုပညာမြောက်မှုအပေါ်တည်သည်။
ဤနေရာတွင် အချို့သော ၀တ္ထုရေးဆရာများ၏ အယူအဆတစ်ခုကို တင်ပြလိုပါသည်။ ထိုအယူ အဆမှာ - အတွေးအခေါ်သဘောတရားသည် အနုပညာကိုပျက်စီးစေသောကြောင့် ၎င်းတို့ကို ၀တ္ထုထွဲတွင် မထည့်သင့်ပါ - ဟူ၍ ဖြစ်သည်။ ထိုအယူအဆများသည် အချို့နေရာများတွင် မှန်သော်လည်း၊ နေရာတိုင်း မှာတော့မဟုတ်ပါ။ ၀တ္ထုထဲတွင် အတွေးအခေါ်သဘောတရားများကို အတုံးလိုက် အတစ်လိုက် သိသိ သာ သာထည့်ထားလျှင်၊ အနုပညာကို ပျက်စီးစေသည်မှာ မှန်ပါသည်။ နိုင်ငံရေးဝတ္ထု ဆရာသည် ဤသို့မဖြစ် အောင်၊ နိုင်ငံရေးအတွေးအခေါ်များကို ပေးရင်း၊ အနုပညာလည်းမြောက်အောင် လုပ်ရန်တာဝန်ရှိပါသည်။ ဤနေရာတွင် Politics and the Novel ရေးသားသော စာရေးဆရာ အာဘင်ဟိုး (Irving Howe) ၏ အဆိုအရ၊ နိုင်ငံရေးဝတ္ထုရေးဆရာသည် သူ၏၀တ္ထုများထဲတွင် နိုင်ငံရေးအတွေးခေါ်တည်းဟူသော အညစ် အကြေးများကို ထည့်သွင်းရသည့်အတွက်၊ သူ့မှာ ပို၍တာဝန်ကြီးလေးပါသည်။ သို့သော်ငြားလည်း၊ အကယ်၍ ၀တ္ထုရေးဆရာ၏လုပ်ရပ်သည် အောင်မြင်ခဲ့လျှင် ရရှိသော အကျိုးသည်အလွန်ကြီးမားပါသည်။ ၀တ္ထုထဲတွင် ဇာတ်ကောင်များ၏ လှုပ်ရှားမှုများကို၊ အတွေးအခေါ်သဘောတရားတို့က တွန်းအားပေးနေပုံ ကို ပုံဖော်နိုင်ခြင်းသည် နိုင်ငံရေး ၀တ္ထုရေးဆရာသည်၏ တာဝန်ဖြစ်သည်။
နိုင်ငံရေးဝတ္ထုရေးဆရာသည်နိုင်ငံရေးအတွေးအခေါ်အမျိုးမျိုးကိုတစ်ပြိုင်တည်းကိုင်တွယ်ရမည်။ ဤကဲ့သို့ ကိုင်တွယ်ရာတွင် မတူသောနိုင်ငံရေးအတွေးအခေါ်များ တစ်ခုနှင့်တစ်ခု ပဋိပက္ခဖြစ်ခြင်းနှင့် သူတို့တစ်ခုချင်းလွတ်လပ်စွာတည်ရှိနေပုံတို့ကို ဖော်ထုတ်နိုင်စွမ်းရှိရမည်။ နိုင်ငံရေးဝတ္ထုသည်အကောင်း ဆုံးစံနှုံးမှာ - သဘောတရားများသည် ဇာတ်ကောင်များ၏ အကျင့်စရိုက်နှင့်လှုပ်ရှားမှုများထဲတွင် အလို အလျောက်စိမ့်ဝင်နေခြင်း ဖြစ်သည်။ ဤစံနှုံးဖြင့်သာ အကဲခတ်မည်ဆိုလျှင်၊ ဆရာတက္ကသိုလ် ဘုန်းနိုင် သည် နိုင်ငံရေးဝတ္ထုပါရဂူကြီးတစ်ယောက်ဖြစ်သည်ဟု ဆိုရပါမည်။
Silas Marner, Middlemarch ၀တ္ထုများကိုရေးသာခဲ့သော စာရေးဆရာမ မေရိအင်အီးဘင်း (Mary Ann Evans, 1819-1800) ကလောင်အမည် ဂျော့အီလီယော့ (George Elliot) ကဆိုသည်မှာ - အတွေး အခေါ်တစ်ခုကို အခုကျမှပထမဦးဆုံးဖြစ်ပေါ်လာတယ်လို့ ထင်ရအောင်၊ အတွေးအခေါ်ဖြစ်လာပုံ၊ ပေါက်ပွား လာပုံကို ဖော်ပြရတာဟာ တော်တော်ကြိုးစားရတဲ့ အလုပ်ဖြစ်ပါတယ် - ဟူ၏။ ဤသည်ကား နိုင်ငံရေးဝတ္ထု အတွက် ကြီးကျယ်သောပြဿနာ စိန်ခေါ်မှုကြီးတစ်ခုဖြစ်လေသည်။ နိုင်ငံရေးဝတ္ထုရေးသောပုဂ္ဂိုလ်သည် ထိုစိန်ခေါ်မှုကို ရင်ဆိုင်ရမည်ဖြစ်သည်။ ဤနေရာတွင် စာရေးဆရာသည် အတွေးအခေါ်အယူအဆများကို ဧကန်တကယ် အသက်ရှင်လာစေရမည်။ ၀တ္ထုထဲတွင် နိုင်ငံရေး အတွေးအခေါ်များ ကိုယ်တိုင်ကပင် သက်ရှိဇာတ်ကောင်များပမာ ပါဝင်နေစေရမည် ထိုမှသာ နိုင်ငံရေးဝတ္ထုပီသပေမည်။
စာရေးဆရာတွင် သူ၏ကိုယ်ပိုင် အယူအဆများရှိပါလိမ့်မည်။ သူ့မှာ ယုံကြည်သော နိုင်ငံရေးဝါဒရှိ သလို မယုံကြည်သောဝါဒများလည်းရှိပါလိမ့်မည်။ သို့သော်ငြားလည်း သူ၏၀တ္ထုသည် နိုင်ငံရေးအတွေး အခေါ်များသက်သက် အပေါ်တွင်ရပ်တည်နေ၍ မဖြစ်ပါ။ နိုင်ငံရေးဝတ္ထုရေးသော စာရေးဆရာသည် ၀တ္ထု ရေးဆရာဖြစ်သောကြောင့် သူ၏၀တ္ထုသည် စာပေရှုထောင့်မှ ၀တ္ထု၏အရည်အချင်းများ ရှိရမည်ဖြစ်သည်။ သူ၏အလုပ်မှာ သဘောတရားနှင့်အတွေ့အကြုံတို့ဆက်သွယ်ချက်၊ နိုင်ငံရေးအတွေးအခေါ်များနှင့် ပုဂ္ဂိုလ် ရေးခံစားချက်များရောစပ်နေပုံတို့ကို ဖော်ထုတ်ပြသရန် ဖြစ်သည်။ ထိုအလုပ်ကို ၀တ္ထုရေးဆရာများသည် နည်းဗျူဟာအမျိုးမျိုးသုံး၍ လုပ်ကြပုံကိုနိုင်ငံရေးဂန¨၀င်ဝတ္ထုများကို ဖတ်ကြည့်ခြင်းအားဖြင့် လေ့လာကြည့် နိုင်သည်။
ဥပမာတစ်ခုအနေဖြင့် ရုရှားစာရေးဆရာ ဘောရစ်ပက်(စ)တနက် (Boris Pasternak, 1890 – 1960) ၏ ဒေါက်တာဇီးဘားဂိုး (Dr. Zhivargo) သည် အလွန်လေ့လာရန် ကောင်းသောဝတ္ထုတစ်ခုဖြစ် သည်။ ၀တ္ထု၏အဓိက ဇာတ်ကောင် ဒေါက်တာဇီးဘားကိုးသည် သူ၏ဆရာဝန်အလုပ်နှင့် ကဗျာစပ်သော အလုပ်ကိုသာ စိတ်ဝင်းစားပြီး နိုင်ငံရေးစိတ်ဓာတ်လုံးဝမရှိသော သူဖြစ်သည်။ ရှရှားတော်လှန်ရေးကြီး တိုက် ခိုက်မှုကြောင့် သူ့ဇနီးနှင့်မိသားစု သူသံယောဇဉ်တွယ်သောလာရာတို့အပေါ် အကျိုးသကရောက်ပုံ ထို့ကြောင့် နိုင်ငံရေးနှင့်မပတ်သက်ဘဲနေ၍ မရတော့ပုံကိုရေးသားထားသည်။ လာရာ၏ငယ်ချစ်ဖြစ်သူ နာဘိုကော့သည် အရင်းရှင်စနစ်ကို မုန်းတီး၍၊ ဆိုရှယ်လစ်နစ်ကို ဧကန်တကယ်ယုံကြည်သူဖြစ်သည်။ သူယုံကြည်သော ဆိုရှယ်လစ်စနစ်အတွက် ကိုယ်ကျိုးစွန့်၍ လုပ်သောသူ၊ တော်လှန်ရေးအောင်မြင်သွား သောအချိန်တွင်၊ ဘာမှ အကျိုးမခံစားရဘဲအသက်စွန့်သွားခဲ့ရသူဖြစ်သည်။ မစ္စတာကန်ထရိုဘစ်သည် နေရာတိုင်းတွင် ရှိနေကျဖြစ်သောအချေင်းသမားဖြစ်ပြီး၊ ဘယ်ခေတ်တွင်မဆို ကြီးပွားချမ်းသာသော သူဖြစ် သည်။ အရင်းရှင်စနစ် အောက်တွင် စီးပွားရေးလုပ်ပြီး ချမ်းသာသည်။ ဆိုရှယ်လစ်ခေတ်ရောက်သောအခါ တွင်လည်း ရပ်ကွက်၊ မြို့နယ်၊ တိုင်းအဆင့်ဆင့်တို့တွင် ရာထူးများတိုး၍ ဆိုရှယ်လစ်သူရဲကောင်းကြီး ဖြစ် လာသည်။
ရုရှားဝတ္ထုအကြောင်းကို ပြောပြီး အမေရိကန်လာဝတ္ထုတစ်ပုဒ်ကို ကြည့်ရအောင် မားဂရတ်မစ်ခြယ် (Margaret Mitchell 1900-1949) ၏ Gone With The Wind (လေရှုးသုန်သုန်) ၀တ္ထထဲတွင် နိုင်ငံရေးဝါဒ များကိုဖော်ညွှန်းထားခြင်းမရှိသဖြင့်၊ ၎င်းကိုနိုင်ငံရေးဝတ္ထုဟု ပြောဖို့ပင်ခက်ပါသည်။ သို့သော် စာပေနှင့် နိုင်ငံရေးဆက်သွယ်ချက်ကို လေ့လာမည်ဆိုလျှင် လေ့လာ၍ ကောင်းသော ၀တ္ထုဖြစ်ပါသည်။ ၎င်းသည် အမေရိကန်မြောက်ပိုင်းနှင့်တောင်ပိုင်း ပြည်တွင်းစစ်ကို နောက်ခံထားသည်။ အမေရိကန်တောင်ပိုင်းသား များလက်လွယ်ဆုံးရှုံးသွားခဲ့သော ရွှေခေတ်တစ်ခေတ်နောက်ဆုံးနေ့များကို ဖော်ပြရာတွင် လွန်ပီပြင်ပါ သည်။ ဇာတ်ကောင်တစ်ဦးဖြစ်သော အက်ရှာလေလာ သူ၏ယုံကြည်ချက်များကို ဖော်ပြရာသွားရာတွင် "ကျွန်တော်က ကျွန်တော့်ရဲ့မွေးမြေ ဂျော်ဂျီရာအတွက် အသက်စွန့်ဖို့အသင့်ပါဘဲ။ ဒါပေမယ့် မြောက်ပိုင်း သားတွေဘက်ကကြည့်ရင် ကျွန်တော်တို့ဟာနိုင်ငံတော်ပြိုကွဲအောင်လုပ်သူတွေလို့မြင်မှာဘဲ။" စစ်ပြီးသွား သည့်နောက်တွင် တောင်ပိုင်းသို့မြောက်ပိုင်းမှ စီးပွားရေးသမားများရောက်လာကာ နိုင်ငံသစ်ထူထောင်ရန် ဟူသောအကြောင်းပြချက်ဖြင့် တောင်ပိုင်းသားများ၏ ပိုင်ဆိုင်မှုများကို သိမ်းယူအမြတ်ထုတ်ပုံတို့ကို ရေးသားထားသည်။ ဤ၀တ္ထုတွင် စာရေးဆရာသည် နိုင်ငံရေးအဆိုအမိန့်သဘောတရားများကို ဘာမှ မပြောဘဲ သူ၏ယုံကြည်ချက်ကို ဇာတ်လမ်းထဲတွင် ထည့်သွင်း၍ ဖော်ပြထားသည်။
ကျမ်းကိုး
Irving Howe              :     Politics and the Novel
Boris Pasternak        :     Dr. Zhivargo
Margaret Mitchell      :     Gone With the Wind
George Elliot             :     Letters


No comments:

Post a Comment