Monday, October 20, 2014
နိုင်ငံရေးနှင့်ဝတ္ထုအနုပညာ ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)
နိုင်ငံရေးနှင့်ဝတ္ထုအနုပညာ
ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)
            ကျွန်တော်ငယ်စဉ်က၊ ဘာဖြစ်ချင်တ်ာလို့ဘဲပြောလိုက်၊ ပြောလိုက်၊ အမေက စာကြိုးစားဖို့ဘဲ ပြောတာဘဲ။ သားကဆရာဝန်ဖြစ်ချင်တယ် ဘာလုပ်ရမလဲမေးရင် - သားကျောင်းမှန်မှန်တက်၊ စာကြိုးစား တဲ့၊ အမေတို့လိုအင်ဂျင်နီယာကြီး ဖြစ်ချင်တယ်ဆိုလည်း၊ သားကျောင်းမှန်မှန်တက်၊ စာကြိုးစားတဲ့။ တစ်နေ့မှာ ပိုက်ဆံအလွန်ချမ်းသာတဲ့ သူဌေးကြီးကို တွေ့တော့ - သားသူ့လိုသူဌေးကြီးဖြစ်ချင်တယ် ဆိုတော့ မေမေက အရင်လို - ကျောင်းမှန်မှန်တက်၊ စာကြိုးစားလို့ ပြောသံမကြားရတာ ဆန်းနေတယ်။
            ဤသည်ကား ကလေးတစ်ယောက်၏အတွေးကို ရေးသားဖော်ပြထားပုံဖြစ်ပါသည်။ ရိုးရိုးရှင်းရှင်း လေးဖြင့် မျက်မှောက်ခေတ်ကို ပေါ်လွန်စေပါသည်။ ဒါမျိုးကို နိုင်ငံရေးဝတ္ထုဟု စာရေးသူက မြင်မိပါသည်။ စာဖတ်သူများ သဘောတူမတူမသိပါ။
ထိုအဖြစ်မျိုးကို ကြုံဖူးသောကြောင့်လားတော့မသိပါ။ Politics and the Novel ကျမ်းထဲတွင် စာရေးဆရာအာဘင်ဟိုး (Irving Howe) က ဤသို့ရေးထားပါသည်။ နိုင်ငံရေးဝတ္ထုဟူသည်မှာ ကျွန်တော် (အာဘင်ဟိုး) က နိုင်ငံရေးဝတ္ထုဟုသတ်မှတ်သော ၀တ္ထုမျိုးကိုခေါ်ပါသည်။
နိုင်ငံရေးဝတ္ထုများထဲတွင် နိုင်ငံရေးသဘောတရားများကိုထည့်သွင်းနည်းအမျိုးမျိုးရှိပါသည်။ ထည့် သွင်းပုံထည့်သွင်းနည်းကို သိရှိရန်အချို့သော ၀တ္ထုများကို လေ့လာကြည့်ပါမည်။
ရုရှားစာရေးဆရာဒေါ့စတိုလက်စကီး (Dostoveski, 1821-1881) ကိုလေ့လာကြည့်ပါမည်။ ဒေါ့စတိုဘက်စကီးသည် ဖဲသမား၊ တော်လှန်ရေးသမားနှင့်အတွေးအခေါ်ပညာရှင်တစ်ယောက်ဖြစ်သည်။ သူသည် 1849 မှ 1854 ခုနှစ်အတွင်းတွင် စိုင်ဘေးရီးယား (Siberia) တွင် နိုင်ငံရေးပြစ်မှုဖြင့် အကျဉ်းချခံ နေခဲ့ရသည်။ စိုင်ဘေးရီးယားမှ ထွက်လာပြီးသည့်နောက်သူသည် ခရစ်ယာန်ဘာသာကို ကိုးကွယ်သူဖြစ်လာ သည်။ 1867 နှင့် 1871ကြားတွင် ပြင်သစ်နိုင်ငံတွင် နေထိုင်ခဲ့သည်။ သူ၏ထင်ရှားသော ၀တ္ထုများမှာ - Crime and Punishment, The Possessed, The Brothers Karamazov, The Idiot တို့ဖြစ်ကြသည်။ Crime and Punishment နှင့် The Brother Karamazov တို့သည် ထင်ရှားသောရုပ်ရှင်များဖြစ်ကြသည်။ The Brothers Karamazov တွင် Yul Brynner သရုပ်ဆောင်ခဲ့သည်။ ဒေါ့စတိုဘက်စကီးသည် အလွန်ထူး ခြားပြောမြောက်သောဇာတ်ကောင်များကို ဖန်တီးသူအဖြစ်ထင်ရှားခဲ့သည်။ သူ၏၀တ္ထုများတွင် ဇာတ်ကောင် များ၏စိတ်ပိုင်းဆိုင်ရာအတွင်း ပဋိက္ခများကို ဦးစားပေးသည်။
ဒေါ့စတိုလက်သကီး၏ အထင်ရှားဆုံးသော နိုင်ငံရေးဝတ္ထုမှာ The Possessed ဖြစ်သည်။ ထိုဝတ္ထု နှင့်ပတ်သက်၍ သူကိုယ်တိုင်က ဆိုသည်မှာ - ဒီဝတ္ထုကို ရေးတဲ့ရည်ရွယ်ချက်ဟာ အတွေးအခေါ်တွေကို ဖော်ထုတ်ပြသရာမှာ အနုပညာကို လုံးဝဂရုမစိုက်ပါဘူး။ ဒီဝတ္ထုဟာ အရေးအသားအားဖြင့် လက်ကမ်းစာ စောင်၊ ကြော်ငြာစာရွတ်အဆင့်အထိနိမ့်ကျ ချပ်သွားချားပါစေ၊ ဖော်ပြချင်တဲ့အတွေးအခေါ်တွေကို ဖော်ထုတ်ပြသရရင် ကြေနပ်ပါတယ်။ - ဟူ၍ဖြစ်သည်။
သူသည် ဤကဲ့သို့ ပြောခဲ့သော်လည်း သူ၏၀တ္ထုသည် စာပေရှုထောင့်မှ အနုပညာမြောက်သော ဂန¨၀င်ဝတ္ထုတစ်ခုဖြစ်လာပါသည်။
ဝတ္ထုထဲတွင် နိုင်ငံရေး သဘောတရားများကို ဖော်ပြတာချင်းတူသော်လည်း၊ ဖော်ပြပုံဖော်ပြနည်းကွဲ ခြားသော စာရေးဆရာတစ်ဦးမှာ ပြင်သစ်စာရေးဆရာစတင်ဒယ် (Stendhal 1783-1842) ဖြစ်သည်။ စတင်ဒယ်သည် ခေတ်သစ်စိတ်ပညာ ပိုင်းဆိုင်ရာဝတ္ထုဖခင်ဟုလည်း အမည်တွင်သောသူဖြစ်ပါသည်။ စတင်ဒယ်၏၀တ္ထုများသည် သူ၏ဘ၀ကိုလည်း ထင်ဟပ်သည့်အတွက် သူ့ဝတ္ထုများကိုနားလည်းစေရန် သူလှုပ်ရှားရုန်းကန်ရသော နောက်ခံကိုလည်းသိရန်လိုပါသည်။ သူ့အရွယ်ရောက်သည့်အချိန်တွင် ပြင်သစ် တော်လှန်ရေးပြီးဆုံးပြီ ဖြစ်သည်။ တော်လှန်ရေးသမားများ မရှိတော့ပါ။ တော်လှန်ရေး၏ ရည်ရွယ်ချက် ပန်းတိုင်နေရာတွင် အကျင့်ပျက်ခြင်း၊ စာရိတ္တဖောက်ခြင်းတို့သာအစားဝင်ရောက်လာသည်။ နိုင်ငံရေး ရှုထောင့်မှကြည့်လျှင် သူဌေးသူကြွယ်၊ မြေပိုင်ရှင်၊ လုပ်ငန်းပိုင်ရှင်သည်ခေတ္တရှုံးနိမ့်ခဲ့သော်လည်း လူမှုရေး နယ်ပယ်တွင် သူတို့သာပြန်၍ ကြီးစိုးမည်သဘောဖြစ်သည်။ ပြင်သစ်တော်လှန်ရေးက ဆန့်ကျင်ခဲ့သော ဘုရင်စနစ်နေရာတွင် နောက်ထပ်ဘုရင်စနစ်အသစ်တစ်ခုရောက်လာသည်။
စတင်ဒယ်ကို ဝေဖန်သောသူများက စတင်ဒယ်သည် စိတ်ဓာတ်၊ ယုံကြည်ချက် စသည်တို့ကို ဟိုမရောက် ဒီမရောက်၊ ရှုပ်ထွေးသောသူ၊ သူ၏၀တ္ထုများထဲတွင်လည်း ယင်းရှုပ်ထွေးမှု၊ ရောထွေးမှုများ ပေါ်လွင်နေသည် ဟုဆိုကြသည်။
စတင်ဒယ်၏ ၀တ္ထုများထဲတွင် နိုင်ငံရေးသဘောတရားများ ပြည့်နက်နေ၏။ သို့သော် သူ၏ ဇတ်ကောင်သည် ဘာကိုယုံကြည်သည်၊ ဘယ်ဘက်ကို လိုက်သည်ဟူသည်ကို မသိရဘဲသူ၏၀တ္ထုများ သည် ပြီးဆုံးသွားသည်။ ဤနေရာတွင် စတင်ဒယ်သည် ဒေါ့စတိုဘက်စကီးနဲ့ ကွားခြားပါသည်။ ဒေါ့တိုဘက်စကီးသည် သူဆိုင်ဘေးရီးယားအတွေ့အကြုံကြောင့် ဆိုရှယ်လစ်ဝါဒကို ဆန့်ကျင်သူဖြစ်ပြီး ထိုအယူအဆသည် သူ၏၀တ္ထု The Possessed ထဲတွင် ထင်ရှားရှားပေါ်လွင်နေသည်။
စတင်ဒယ်၏၀တ္ထုဖြစ်သော The Red and The Black သည် အထင်ရှားဆုံးဝတ္ထုဖြစ်သည်။ ထို ၀တ္ထုကို ဖတ်နေသည့်အချိန်တွင် အဖြစ်အပျက်များသည် ပြင်သစ်တော်လှန်ရေးအပြီး၊ ဘုရင်စနစ်အသစ် တစ်ခုအောက်တွင် ဖြစ်ပျက်နေသည်ဟူသည်ကို အစဉ်သတိရနေစေသည်။ အလုပ်သမားလူတန်းစားများ သည် အနှိမ်ခံများဖြစ်နေပြီး၊ ထိုခေတ်လူငယ်တစ်ဦးသည် လူ့ပတ်ဝန်းကျင်တွင်ကြီးပွားချမ်းသာချင်လျှင် သူ၏ အမှားအမှန်ကို ခွဲခြားသိတတ်သောစိတ်ကိုလုံးဝစွန့်ပစ်ထားရမည် ဖြစ်သည်ကိုဝတ္ထုထဲတွင် ဖော်ထုတ် ပြသထားသည်။
စတင်ဒယ်၏၀တ္ထုများသည် မည်သည့်အရာကိုမှ ထင်ထင်ရှားရှားပြသခြင်းမရှိ၊ ဇာတ်ရှိန်မြင့်တက် လာချိန်တွင် စာဖတ်သူအား သူ့စိတ်ကူးဖြင့် သူမှန်းကြည့်ရန်ထားခဲ့သည်ဟု ဝေဖန်သူများကဆိုကြသည်။ စတင်ဒယ်သည် ၀တ္ထုထဲတွင် နိုင်ငံရေးအခန်းကဏ္ဍနှင့်ပတ်သက်၍ ၀တ္ထုထဲမှာနိုင်ငံရေးပါဝင်လာခြင်းဟာ၊ ပွဲထဲမှာ သေနပ်သံတစ်ခုကြားလိုက်ရသလိုပါဘဲ - ဟုဆိုလိုက်ပြီး၊ ၎င်းကိုဘာမှဆက်လက်၍ ဖွင့်ဆိုခြင်းမပြု ဘဲ၊ ထားပစ်ခဲ့သကဲ့သို့ ဖြစ်လေသည်။
ကျမ်းကိုး
Irving Howe     :     Politics and the Novel
Stendhal          :     The Red and the Black
Dostovesky     :     The Possessed
နိုင်ငံရေး ၀တ္ထုရေးဆရာ၏တာဝန်များ ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)
နိုင်ငံရေး ၀တ္ထုရေးဆရာ၏တာဝန်များ
ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)
            နိုင်ငံရေးဝတ္ထုကိုရေးသားသော စာရေးဆရာသည် နိုင်ငံရေးသိပပ္ပံကို သိရုံသာမက ၀တ္ထုရေးဆရာလဲ ဖြစ်ရန်လိုသည်။ ၀တ္ထုရေးဆရာသည်ဖြစ်ခြင်းသည် ပို၍ပင်အရေးကြီးပါသည်။ ၀တ္ထုတစ်ခုဖြစ်လာစေရန်၊ လူ၏အကျင့်၊ အပြုအမူ၊ ခံစားမှုများကိုဖော်ထုတ်နိုင်ရမည်။ ၎င်းဖြစ်လူအချင်းချင်းနှင့်လူတစ်ဦးတည်း၏ စိတ် ထဲတွင် ဖြစ်ပေါ်သော အတွင်းပဋိပက္ခများကိုလည်း ဖော်ထုတ်နိုင်စွမ်းရှိရမည်။ ၀တ္ထုဟူသည် စိတ်၏ခံစား ချက်များနှင့် အဖြစ်အပျက်အတွေ့အကြုံများကို ကောင်းစွာဖော်ထုတ်နိုင်ရမည်။ ၀တ္ထုထဲတွင် အာရုံငါးပါးနှင့် တွေ့ထိနိုင်သောအရာများ ရုပ်ဝတ္ထုပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာနှစ်ခုစလုံးပါဝင်ရမည် ဖြစ်သည်။
နိုင်ငံရေးဝတ္ထုထဲတွင် ပါဝင်ရမည်မှာ ideology ခေါ်ဝါဒ၊ အယူအဆ၊ အဖြစ်သဘောတရား၊ အတွေး  အခေါ်များဖြစ်သည်။ ဤနေရာတွင် ၀တ္ထုတွင်တင်ပြသောအဖြစ်အပျက်များဖြစ်သော ရုပ်ပိုင်းဆိုင်ရာနှင့် အတွေးအခေါ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာတို့သည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်၊ ပဋိပက္ခဖြစ်နိုင် သည်။ ဤသို့ဆိုလျှင်  အတွေးအခေါ်သဘောတရားသည် ၀တ္ထုကိုအနှောင့်အယှက်ဖြစ်စေသည်။ ၎င်းသည် ၀တ္ထုရေး ဆရာ၏တင်ပြပုံတင်ပြနည်း၊ အနုပညာမြောက်မှုအပေါ်တည်သည်။
ဤနေရာတွင် အချို့သော ၀တ္ထုရေးဆရာများ၏ အယူအဆတစ်ခုကို တင်ပြလိုပါသည်။ ထိုအယူ အဆမှာ - အတွေးအခေါ်သဘောတရားသည် အနုပညာကိုပျက်စီးစေသောကြောင့် ၎င်းတို့ကို ၀တ္ထုထွဲတွင် မထည့်သင့်ပါ - ဟူ၍ ဖြစ်သည်။ ထိုအယူအဆများသည် အချို့နေရာများတွင် မှန်သော်လည်း၊ နေရာတိုင်း မှာတော့မဟုတ်ပါ။ ၀တ္ထုထဲတွင် အတွေးအခေါ်သဘောတရားများကို အတုံးလိုက် အတစ်လိုက် သိသိ သာ သာထည့်ထားလျှင်၊ အနုပညာကို ပျက်စီးစေသည်မှာ မှန်ပါသည်။ နိုင်ငံရေးဝတ္ထု ဆရာသည် ဤသို့မဖြစ် အောင်၊ နိုင်ငံရေးအတွေးအခေါ်များကို ပေးရင်း၊ အနုပညာလည်းမြောက်အောင် လုပ်ရန်တာဝန်ရှိပါသည်။ ဤနေရာတွင် Politics and the Novel ရေးသားသော စာရေးဆရာ အာဘင်ဟိုး (Irving Howe) ၏ အဆိုအရ၊ နိုင်ငံရေးဝတ္ထုရေးဆရာသည် သူ၏၀တ္ထုများထဲတွင် နိုင်ငံရေးအတွေးခေါ်တည်းဟူသော အညစ် အကြေးများကို ထည့်သွင်းရသည့်အတွက်၊ သူ့မှာ ပို၍တာဝန်ကြီးလေးပါသည်။ သို့သော်ငြားလည်း၊ အကယ်၍ ၀တ္ထုရေးဆရာ၏လုပ်ရပ်သည် အောင်မြင်ခဲ့လျှင် ရရှိသော အကျိုးသည်အလွန်ကြီးမားပါသည်။ ၀တ္ထုထဲတွင် ဇာတ်ကောင်များ၏ လှုပ်ရှားမှုများကို၊ အတွေးအခေါ်သဘောတရားတို့က တွန်းအားပေးနေပုံ ကို ပုံဖော်နိုင်ခြင်းသည် နိုင်ငံရေး ၀တ္ထုရေးဆရာသည်၏ တာဝန်ဖြစ်သည်။
နိုင်ငံရေးဝတ္ထုရေးဆရာသည်နိုင်ငံရေးအတွေးအခေါ်အမျိုးမျိုးကိုတစ်ပြိုင်တည်းကိုင်တွယ်ရမည်။ ဤကဲ့သို့ ကိုင်တွယ်ရာတွင် မတူသောနိုင်ငံရေးအတွေးအခေါ်များ တစ်ခုနှင့်တစ်ခု ပဋိပက္ခဖြစ်ခြင်းနှင့် သူတို့တစ်ခုချင်းလွတ်လပ်စွာတည်ရှိနေပုံတို့ကို ဖော်ထုတ်နိုင်စွမ်းရှိရမည်။ နိုင်ငံရေးဝတ္ထုသည်အကောင်း ဆုံးစံနှုံးမှာ - သဘောတရားများသည် ဇာတ်ကောင်များ၏ အကျင့်စရိုက်နှင့်လှုပ်ရှားမှုများထဲတွင် အလို အလျောက်စိမ့်ဝင်နေခြင်း ဖြစ်သည်။ ဤစံနှုံးဖြင့်သာ အကဲခတ်မည်ဆိုလျှင်၊ ဆရာတက္ကသိုလ် ဘုန်းနိုင် သည် နိုင်ငံရေးဝတ္ထုပါရဂူကြီးတစ်ယောက်ဖြစ်သည်ဟု ဆိုရပါမည်။
Silas Marner, Middlemarch ၀တ္ထုများကိုရေးသာခဲ့သော စာရေးဆရာမ မေရိအင်အီးဘင်း (Mary Ann Evans, 1819-1800) ကလောင်အမည် ဂျော့အီလီယော့ (George Elliot) ကဆိုသည်မှာ - အတွေး အခေါ်တစ်ခုကို အခုကျမှပထမဦးဆုံးဖြစ်ပေါ်လာတယ်လို့ ထင်ရအောင်၊ အတွေးအခေါ်ဖြစ်လာပုံ၊ ပေါက်ပွား လာပုံကို ဖော်ပြရတာဟာ တော်တော်ကြိုးစားရတဲ့ အလုပ်ဖြစ်ပါတယ် - ဟူ၏။ ဤသည်ကား နိုင်ငံရေးဝတ္ထု အတွက် ကြီးကျယ်သောပြဿနာ စိန်ခေါ်မှုကြီးတစ်ခုဖြစ်လေသည်။ နိုင်ငံရေးဝတ္ထုရေးသောပုဂ္ဂိုလ်သည် ထိုစိန်ခေါ်မှုကို ရင်ဆိုင်ရမည်ဖြစ်သည်။ ဤနေရာတွင် စာရေးဆရာသည် အတွေးအခေါ်အယူအဆများကို ဧကန်တကယ် အသက်ရှင်လာစေရမည်။ ၀တ္ထုထဲတွင် နိုင်ငံရေး အတွေးအခေါ်များ ကိုယ်တိုင်ကပင် သက်ရှိဇာတ်ကောင်များပမာ ပါဝင်နေစေရမည် ထိုမှသာ နိုင်ငံရေးဝတ္ထုပီသပေမည်။
စာရေးဆရာတွင် သူ၏ကိုယ်ပိုင် အယူအဆများရှိပါလိမ့်မည်။ သူ့မှာ ယုံကြည်သော နိုင်ငံရေးဝါဒရှိ သလို မယုံကြည်သောဝါဒများလည်းရှိပါလိမ့်မည်။ သို့သော်ငြားလည်း သူ၏၀တ္ထုသည် နိုင်ငံရေးအတွေး အခေါ်များသက်သက် အပေါ်တွင်ရပ်တည်နေ၍ မဖြစ်ပါ။ နိုင်ငံရေးဝတ္ထုရေးသော စာရေးဆရာသည် ၀တ္ထု ရေးဆရာဖြစ်သောကြောင့် သူ၏၀တ္ထုသည် စာပေရှုထောင့်မှ ၀တ္ထု၏အရည်အချင်းများ ရှိရမည်ဖြစ်သည်။ သူ၏အလုပ်မှာ သဘောတရားနှင့်အတွေ့အကြုံတို့ဆက်သွယ်ချက်၊ နိုင်ငံရေးအတွေးအခေါ်များနှင့် ပုဂ္ဂိုလ် ရေးခံစားချက်များရောစပ်နေပုံတို့ကို ဖော်ထုတ်ပြသရန် ဖြစ်သည်။ ထိုအလုပ်ကို ၀တ္ထုရေးဆရာများသည် နည်းဗျူဟာအမျိုးမျိုးသုံး၍ လုပ်ကြပုံကိုနိုင်ငံရေးဂန¨၀င်ဝတ္ထုများကို ဖတ်ကြည့်ခြင်းအားဖြင့် လေ့လာကြည့် နိုင်သည်။
ဥပမာတစ်ခုအနေဖြင့် ရုရှားစာရေးဆရာ ဘောရစ်ပက်(စ)တနက် (Boris Pasternak, 1890 – 1960) ၏ ဒေါက်တာဇီးဘားဂိုး (Dr. Zhivargo) သည် အလွန်လေ့လာရန် ကောင်းသောဝတ္ထုတစ်ခုဖြစ် သည်။ ၀တ္ထု၏အဓိက ဇာတ်ကောင် ဒေါက်တာဇီးဘားကိုးသည် သူ၏ဆရာဝန်အလုပ်နှင့် ကဗျာစပ်သော အလုပ်ကိုသာ စိတ်ဝင်းစားပြီး နိုင်ငံရေးစိတ်ဓာတ်လုံးဝမရှိသော သူဖြစ်သည်။ ရှရှားတော်လှန်ရေးကြီး တိုက် ခိုက်မှုကြောင့် သူ့ဇနီးနှင့်မိသားစု သူသံယောဇဉ်တွယ်သောလာရာတို့အပေါ် အကျိုးသကရောက်ပုံ ထို့ကြောင့် နိုင်ငံရေးနှင့်မပတ်သက်ဘဲနေ၍ မရတော့ပုံကိုရေးသားထားသည်။ လာရာ၏ငယ်ချစ်ဖြစ်သူ နာဘိုကော့သည် အရင်းရှင်စနစ်ကို မုန်းတီး၍၊ ဆိုရှယ်လစ်နစ်ကို ဧကန်တကယ်ယုံကြည်သူဖြစ်သည်။ သူယုံကြည်သော ဆိုရှယ်လစ်စနစ်အတွက် ကိုယ်ကျိုးစွန့်၍ လုပ်သောသူ၊ တော်လှန်ရေးအောင်မြင်သွား သောအချိန်တွင်၊ ဘာမှ အကျိုးမခံစားရဘဲအသက်စွန့်သွားခဲ့ရသူဖြစ်သည်။ မစ္စတာကန်ထရိုဘစ်သည် နေရာတိုင်းတွင် ရှိနေကျဖြစ်သောအချေင်းသမားဖြစ်ပြီး၊ ဘယ်ခေတ်တွင်မဆို ကြီးပွားချမ်းသာသော သူဖြစ် သည်။ အရင်းရှင်စနစ် အောက်တွင် စီးပွားရေးလုပ်ပြီး ချမ်းသာသည်။ ဆိုရှယ်လစ်ခေတ်ရောက်သောအခါ တွင်လည်း ရပ်ကွက်၊ မြို့နယ်၊ တိုင်းအဆင့်ဆင့်တို့တွင် ရာထူးများတိုး၍ ဆိုရှယ်လစ်သူရဲကောင်းကြီး ဖြစ် လာသည်။
ရုရှားဝတ္ထုအကြောင်းကို ပြောပြီး အမေရိကန်လာဝတ္ထုတစ်ပုဒ်ကို ကြည့်ရအောင် မားဂရတ်မစ်ခြယ် (Margaret Mitchell 1900-1949) ၏ Gone With The Wind (လေရှုးသုန်သုန်) ၀တ္ထထဲတွင် နိုင်ငံရေးဝါဒ များကိုဖော်ညွှန်းထားခြင်းမရှိသဖြင့်၊ ၎င်းကိုနိုင်ငံရေးဝတ္ထုဟု ပြောဖို့ပင်ခက်ပါသည်။ သို့သော် စာပေနှင့် နိုင်ငံရေးဆက်သွယ်ချက်ကို လေ့လာမည်ဆိုလျှင် လေ့လာ၍ ကောင်းသော ၀တ္ထုဖြစ်ပါသည်။ ၎င်းသည် အမေရိကန်မြောက်ပိုင်းနှင့်တောင်ပိုင်း ပြည်တွင်းစစ်ကို နောက်ခံထားသည်။ အမေရိကန်တောင်ပိုင်းသား များလက်လွယ်ဆုံးရှုံးသွားခဲ့သော ရွှေခေတ်တစ်ခေတ်နောက်ဆုံးနေ့များကို ဖော်ပြရာတွင် လွန်ပီပြင်ပါ သည်။ ဇာတ်ကောင်တစ်ဦးဖြစ်သော အက်ရှာလေလာ သူ၏ယုံကြည်ချက်များကို ဖော်ပြရာသွားရာတွင် "ကျွန်တော်က ကျွန်တော့်ရဲ့မွေးမြေ ဂျော်ဂျီရာအတွက် အသက်စွန့်ဖို့အသင့်ပါဘဲ။ ဒါပေမယ့် မြောက်ပိုင်း သားတွေဘက်ကကြည့်ရင် ကျွန်တော်တို့ဟာနိုင်ငံတော်ပြိုကွဲအောင်လုပ်သူတွေလို့မြင်မှာဘဲ။" စစ်ပြီးသွား သည့်နောက်တွင် တောင်ပိုင်းသို့မြောက်ပိုင်းမှ စီးပွားရေးသမားများရောက်လာကာ နိုင်ငံသစ်ထူထောင်ရန် ဟူသောအကြောင်းပြချက်ဖြင့် တောင်ပိုင်းသားများ၏ ပိုင်ဆိုင်မှုများကို သိမ်းယူအမြတ်ထုတ်ပုံတို့ကို ရေးသားထားသည်။ ဤ၀တ္ထုတွင် စာရေးဆရာသည် နိုင်ငံရေးအဆိုအမိန့်သဘောတရားများကို ဘာမှ မပြောဘဲ သူ၏ယုံကြည်ချက်ကို ဇာတ်လမ်းထဲတွင် ထည့်သွင်း၍ ဖော်ပြထားသည်။
ကျမ်းကိုး
Irving Howe              :     Politics and the Novel
Boris Pasternak        :     Dr. Zhivargo
Margaret Mitchell      :     Gone With the Wind
George Elliot             :     Letters
နိုင်ငံရေးဝတ္ထု၏သဘောတရား ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)
နိုင်ငံရေးဝတ္ထု၏သဘောတရား
ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)
            စာပေနယ်ပယ်တွင် ၀တ္ထုများကို အမျိုးအစားခွဲခြား၍ လေ့လာခြင်းသည် လုပ်ရိုးလုပ်စဉ်တစ်ခု ကဲ့သို့ဖြစ်နေသည်။ ဥပမာ-အချစ်ဝတ္ထု၊ စုံထောက်ဝတ္ထု၊ ဘ၀သရုပ်ဖော်ဝတ္ထု၊ စွန့်စားခန်း၊ စိတ်ပိုင်းဆိုင်ရာ ၀တ္ထု - စသည်ဖြင့်ဖြစ်သည်။ အချို့သောစာပေပညာရှင်များ၊ စာပေဝေဖန်ရေးဆရာများက ဤကဲ့သို့ အမျိုးအစားခွဲခြားခြင်းကို အရေးပါလှသည်ဟုမယူဆပါ။ စာပေရှုထောင့်မှကြည့်လျှင်၊ ဤကဲ့သို့အမျိုးအစား ခွဲခြားထားခြင်းသည် အရေးပါသောခွဲခြမ်းစိတ်ဖြာမှုမဟုတ်ပါ။ ဤကဲ့သို့ အမျိုးအစားခွဲခြားထားခြင်းသည်  ၀တ္ထုတစ်ခုစီ၏ အဓိကအသားပေးသောအရာတစ်ခုကို ဖော်ပြခြင်းမျှသာဖြစ်သည်။ လွယ်ကူအောင်၊ ခေါ်လို့ လွယ်အောင်၊ အမည်တစ်ခုခုတပ်ပေးလိုက်ခြင်းမျှသာဖြစ်သည်ဟု စာပေဆရာ အာဘင်ဟိုး (Irving Hore) က ဟူ၏ ကျမ်းစာအုပ် Politics and the Novel (နိုင်ငံရေးနှင့်ဝတ္ထု) ထဲတွင် သူ၏အယူအဆကို ရေးသားထားသည်။
            ဤဆောင်းပါးတွင် အထူးအလေးပေးလိုသည်မှာ နိုင်ငံရေးဝတ္ထု (political novel) ဖြစ်သည်။ စာပေရှုထောင့်အရ ၀တ္ထုအမျိုးအစားများစွာထဲတွင် နိုင်ငံရေးဝတ္ထုသည် မည်သည့်ဝတ္ထုမျိုးကို ခေါ်သနည်း ဟူသည်နှင့်ပတ်သက်၍ စာရေးဆရာအာဘင်ဟိုးက ဤကဲ့သို့ဖွင့်ဆိုထားသည် - နိုင်ငံရေးဝတ္ထုဟူသည် မှာ ကျွန်တော်(အာဘင်ဟိုး) အနေနှင့် နိုင်ငံရေးဝတ္ထုဟု သတ်မှတ်လိုသောဝတ္ထူမျိုးကိုခေါ်သည်။
            ထိုအဓိပပ္ပါယ်၏ သတ်မှတ်ချက်အရဆိုလျှင် မည်သူမဆို မည်သည့်ဝတ္ထုကိုမဆို နိုင်ငံရေးဝတ္ထုဟု သတ်မှတ်နိုင်ခွင့်ရှိသည်။ ၎င်းပြင် ဘယ်အကြောင်းကြောင့် ဘယ်ဝတ္ထုကိုနိုင်ငံရေးဝတ္ထုဟု သတ်မှတ်သည် ဟူသော အကြောင်းပြချက်ကို ပြောစရာမလိုပါ။
            ယင်းအဓိပပ္ပါယ် သတ်မှတ်ချက်ကို လက်ခံမည်ဆိုလျှင် နိုင်ငံရေးဝတ္ထုဟူသည် အဘယ်နည်းဟူသည် ကို ဆွေးနွေး၊ အငြင်းပွားရန်မလိုအပ်ပါ။ ဤသို့ဆိုလျှင် ခေါင်းစဉ်တွင် ဖော်ပြထားသော နိုင်ငံရေးဝတ္ထု၏ သဘောတရားသည် ဘာတွေကို ဖော်ပြမည်နည်း? ဤဆောင်းပါး၏ ရည်ရွယ်ချက်မှာ နိုင်ငံရေးနှင့်စာပေတို့ ၏ဆက်သွယ်ချက်ကို ဖော်ပြရန်ဖြစ်သည်။ ဤဆောင်းပါးတွင် သုံးထားသော နိုင်ငံရေးဝတ္ထုဟူသော ဝေါဟာရ၏ အဓိပပ္ပါယ်မှာ နိုင်ငံရေးနှင့်စာပေ ဆက်သွယ်ချက်ဟူသော အရာမှာလည်း အမျိုးမျိုးပြောင်းလဲ နေသကဲ့သို့ ဆက်သွယ်နေသော ပမာဏ အသားပေးမှုတို့မှာလည်း တစ်ခုနှင့်တစ်ခုမတူ ပြောင်းလဲနေ သည်။ ဤကဲ့သို့ သဘောတရားသက်သက်တို့ကိုသာ စဉ်းစားတွေးနေမည့်အစား တိကျသော ဥပမာများကို လေ့လာခြင်းက ပိုမိုထိရောက်ပါလိမ့်မည်။ ဤနေရာတွင် ဤစာရေးသူအနေဖြင့် ခေါင်းစဉ်ကို ပင် - ၀တ္ထုထဲမှ နိုင်ငံရေးသဘောတရားများ ဟူ၍ပင် ပြောင်းရမလားလို့ စဉ်းစားနေမိပါသည်။
ဆရာတက္ကသိုလ်ဘုန်းနိုင်၏ - သူ့ကျွန်မခံ ညီမလေးရယ် စိုးရိမ်မိတယ်။ ဒေါ်ခင်မျိုးချစ်၏ အနော်ရ ထာ ၁၃ရတီစိန်ကြီး တို့ကို နိုင်ငံရေးဝတ္ထုဟု သတ်မှတ်၍ ရနိုင်မည်လော။ စောစောကပေးခဲ့သော အဓိပပ္ပါယ် သတ်မှတ်ချက်အရ၊ မည်သူမဆို မည်သည့်ဝတ္ထုကို မဆိုနိုင်ငံရေးဝတ္ထုဟုသတ်မှတ်နိုင်သည် ဟူသည်ကို ခဏမေ့ထား၍ ထိုဝတ္ထုများထဲတွင် ပါဝင်သောနိုင်ငံရေးသဘောများကို လေ့လာကြည့်ပါမည်။
သူ့ကျွန်မခံဝတ္ထုသည် ခေါင်းစဉ်ကပင်နိုင်ငံရေးသဘောတရားကို ဖော်ပြထားသည်ကို တွေ့ရ သည်။ မည်သည့်နိုင်ငံရေးအတွေးအခေါ်ကို ဖော်ညွှန်းနေသည်မှာ လည်းရှင်းလင်းနေပါသည်။ ထိုဝတ္ထုမှာ မြန်မာနိုင်ငံတွင် အားလုံးသိထားပြီဖြစ်၍ အထူးပြောစရာမလိုပါ။ ညီမလေးရယ် စိုးရိမ်မိတယ် ၀တ္ထုသည် ခေါင်းစဉ်ကိုကြည့်လိုက်လျှင် နိုင်ငံရေးဝတ္ထုဟု မထင်ရပါ။ သာမန်အချင်ဝတ္ထုဟုသာ ထင်ရပါသည်။ သို့သော်  ထိုဝတ္ထုထဲတွင် 1950နှစ်များက တက္ကသိုလ်ရှိကျောင်းသားသမဂ္ဂများ၊ ပါလီမန်ဒီမိုကရေစီ အကြောင်းတို့များစွာ ပါဝင်သည်ကို တွေ့ရသည်။
အနော်ရထာဝတ္ထုသည် ခေါင်းစဉ်ကို ဖတ်လိုက်လျှင် သမိုင်းနောက်ခံဝတ္ထုဖြစ်လိမ့်မည်ဟု မှန်းနိုင်ပါ သည်။ သို့သော် ထိုဝတ္ထုနှင့်ပတ်သက်၍ သမိုင်းပါရဂူကြီးဒေါက်တာသန်းထွန်းက သမိုင်းကို ဖော်ထုတ်ရာမှာ တော်တော်ညံ့သည်ဟူ၍ သူ၏ ကိုယ်ရေးအထုပတ္တိ ငါပြောသမျှငါ့အကြောင်း ထဲတွင် ထည့်သွင်းရေးသားသည်ကို ဖတ်ရပါသည်။ ဆရာကြီး မှတ်ချက်ချသည့်အတိုင်းမှန်ကန်ကြောင်းကို ဆရာမကြီးဒေါ်ခင်မျိုးချစ်ကိုယ်တိုင်လည်း ၀န်ခံပါသည်။ သမိုင်း ၀တ္ထုအကြောင်းကို ပြောရင်း၊ ပေါ်ပေါက်လာသောကိစ္စမှာ - သမိုင်းဝတ္ထုများသည် နိုင်ငံရေးဝတ္ထုအမျိုးအစား ထဲ၌ ပါဝင်သလား။ ဟူသော မေးခွန်းဖြစ်သည်။ ဤကိစ္စသည် ယေဘုယျကျလွန်း၍ သီးခြားစဉ်းစားရပါလိမ့် မည်။
အနော်ရထာဝတ္ထုတွင် နိုင်ငံရေးသဘောတရားများပါဝင်သည်ကို တွေ့ရသည်။ ဥပမာ - ကျန်စစ် သားက အနော်ရထာမင်းကြီးကို ပြောသောစကားများကို လေ့လာကြည့်ပါ။ ဤစကားများတွင် - "အရှင်မင်း ကြီး၊ ကျွန်တော်တို့ဟာအလွှာအသီးသီးက လူတွေရဲ့ ယုံကြည်မှုကို ရရှိဖို့လိုပါတယ်။ ကျွန်တော်မျိုးကို ကြည့်ပါ။ ကျွန်တော်မျိုးရဲ့အမိန့်ကို အကြွင်းမဲ့နာခံမည့်တပည့်တွေကို ထားခဲ့ပြီး အရှင်မင်းကြီးနောက်ကို တစ်ဦးတည် လိုက်လာခဲ့တယ်။ မဟုတ်လား" ဒါဟာ အရှင်မင်းကြီးအပေါ်ကို ယုံကြည်မှုရှိတာကို ပြသတာ ပဲမဟုတ်ပါလား။ လူတွေရဲ့ ယုံကြည်မှုကို ရရှိဖို့ သူတို့ရဲ့ဘ၀တွေ အတွေးအခေါ်တွေ မျှော်လင့်ချက်တွေ၊ စိုးရိမ်မှုတွေကို နားလည်အောင် လုပ်ရမယ်။ တကယ်အရည်အချင်းရှိတဲ့လူတွေကို နိုင်ငံအကျိုးအတွက် အသုံးပြုတတ်ရမယ်။" ဟူ၍ရေးသားဖော်ပြထားသည်။ ဤသည်ကား အနော်ရထာဝတ္ထုထဲရှိ နိုင်ငံရေး သဘောတစ်ခုတည်းကို နမူနာထုတ်ယူ၍ ပြသခြင်းဖြစ်ပါသည်။
၁၃ရတီစိန်ကြီးဝတ္ထုကို ခေါင်းစဉ်ဖတ်လိုက်ရုံဖြင့် နိုင်ငံရေးဝတ္ထုဟု မည်သူကမှ ယူဆမည်မဟုတ်ပါ။ ၀တ္ထုကို အစအဆုံးဖတ်လျှင်လည်း၊ နိုင်ငံရေးဝတ္ထုအမျိုးအစားထဲတွင် ထည့်မည်မဟုတ်ပါ။ ထိုဝတ္ထုနှင့် နိုင်ငံ ရေးဆက်စပ်ပုံမှာ နောက်ခံအနေဖြင့် ယူထားသောခေတ်သည် မြန်မာနိုင်ငံ ဂျပန်ခေတ်ကာလဖြစ်ခြင်းနှင့် တကယ့် အဖြစ်အပျက်ဖြစ်ခြင်းဖြစ်သည်။ ဇာတ်လမ်းမှာ ဂျပန်ခေတ်တွင် ပွဲစားများကောင်းစားသည့်အချိန် က ၁၃ရတီစိန်ကြီးကို ၀ယ်လိုက်လိုသူဘက်က ပွဲစားများနှင့် ရောင်းလိုသူဘက်ကပွဲစားများတွေ့ဆုံကြပြီး၊ ၁၃ရတီစိန်ကြီးကို ရှာကြရာတွင် နောက်ဆုံးတွင် ထိုစိန်ကြီးမှာလည်း ဘယ်နေမှန်းမသိ ရောင်းလိုသူနှင့် ၀ယ်လိုသူတို့သည်လည်း ဘယ်သူမှန်းမသိဘဲပြီးဆုံးသွားသည်။ ဒါနိုင်ငံရေးဝတ္ထုမှမဟုတ်ဘဲ - ဟု စာဖတ်သူကတွေးမည်ဆိုလျှင် မှန်ပါသည်။
ထိုနည်းတူစွာ သမိုင်းနောက်ခံဝတ္ထုများဖြစ်ကြသော လီယိုတော်စတွိုင် (Leo Tolstoy) ၏ Wat and Peace (အချစ်နှင့်ငြိမ်းချမ်းရေး) နှင့် မာဂရက်မစ်ခြယ် (Margaret Mitchell) ၏ Gone With the Wind (လေရှုးသုန်သုန်) ၀တ္ထုများကိုလည်း နိုင်ငံရေးရှုထောင့်မှကြည့်နိုင်ပါသည်။
ယခုဆောင်းပါးသည် အာဘင်ဟိုး၏ Politics and the Novelမှ ကော်နုတ်၍ ဘာသာပြန်ခြင်းဖြစ် ပါသည်။ သို့သော်လည်း ဥပမာ များကို ပေးရာတွင် မြန်မာလူမျိုးများနှင့်ပို၍ ရင်းနှီးမည့် ဥပမာများကို ထည့် သွင်းပေးထားပါသည်။
ကျမ်းကိုး
Irving Howe : Politics and the Novel …
The Idea of the Political Novel …
ဒေါက်တာသန်းထွန်း - ငါပြောသမျှ ငါ့အကြောင်း
နိုင်ငံရေးသိပံပ္ပပညာရှင်များနှင့်၎င်းတို့၏အဆိုများ ကွာခြားခြင်းသဘောတရားကို လေ့လာသုံးသပ်သူ ဂျပ်ဒါရီဒါ (Jacquer Derrida, 1930-2004) ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)
နိုင်ငံရေးသိပံပ္ပပညာရှင်များနှင့်၎င်းတို့၏အဆိုများ ကွာခြားခြင်းသဘောတရားကို လေ့လာသုံးသပ်သူ
ဂျပ်ဒါရီဒါ (Jacquer Derrida, 1930-2004)
ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)
            ဂျပ်ဒါရီဒါသည် ယခုခေတ်တွင် ဆန်းသစ်သောအတွေးအခေါ်ငါးခုထဲမှ တစ်ခုဖြစ်သော ကွာခြားခြင်း (difference) သဘောတရားကို လေ့လာသုံးသပ်သောပညာရှင်ဖြစ်သည်။ ထိုငါးခုထဲမှ အခြားလေးခုမှ လူ့အခွင့်အရေး၊ အကြမ်းမဖက်သောနည်းဖြင့် အာဏာဖီဆန်ခြင်း၊ အကြမ်းဖက်ဝါဒနှင့် ဓားစာခံဖြစ်ခြင်း (human rights, civil disobedience, terrorism, victimhood) တို့ဖြစ်သည်။ ၄င်းတို့အကြောင်းကို ရနံ့သစ်မဂ္ဂဇင်းအမှတ်(၃၀)တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်သည်။
            ဂျပ်ဒါရီဒါအကြောင်းကို ပြောရမည်ဆိုလျှင် သူသည်အဲ(လ)ဂျီးယား (Algiers) နိုင်ငံသားတစ်ဦး ဖြစ်ပြီး 1949 တွင် ပြင်သစ်နိုင်ငံသို့ သွားရောက်၍ ဒဿနမဟာဘွဲ့စာတမ်းကို ရေးသားခဲ့သည်။ သူသည် ဒဿနပညာ (philosophy) နှင့် စာပေ (literatures) နှစ်ခုတို့၏ ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသော အခက်အခဲများကို ပို၍သိရှိလာသည်။ 1972နောက်ပိုင်းတွင် ဒါရီဒါသည် ပြင်သစ်နိုင်ငံပါရီတက္ကသိုလ်နှင့် အမေရိကန်တက္ကသိုလ်များဖြစ်ကြသော ဂျွန်ဟော့ကင်းတက္ကသိုလ်နှင့် ယေးတက္ကသိုလ်တို့တွင် လှည့်လည် ၍နိုင်ငံရေးနှင့်ဒဿနဘာသာရပ်များကို ပို့ချခဲ့သည်။ သူ၏အတွေးအခေါ်များကို လွှမ်းမိုးခဲ့သော ဒဿန ပညာရှင်များမှာ ဟူဝါ (Hussert) ,ဆာ(ထ)(satre), ကီယကိဂါ့ (Kierkegaard), ဟိုက်ဒဂါ (Hidegger), ဟီဂယ်(Hegel), ဂနေ (Genet) တို့ဖြစ်ကြသည်။
            နှစ်ဆယ်ရာစုနှစ်၏အဆုံးတွင် ခေတ်သစ် (modern) အတွေးအခေါ်များကို စိန်ခေါ်သောခေတ်သစ် ၏ နောက်ပိုင်း (postmodernism) အတွေးအခေါ်များ ခေတ်စားလာသည်။ ယင်းအတွေးအခေါ်များထဲတွင် ဆန်းသစ်သောအတွေးအခေါ်များပါလာသည်။ ခေတ်သစ်၏နောက်ပိုင်းအတွေးအခေါ်ပညာရှင်များသည် ကွာခြားခြင်းအကြောင်းကို တော်တော်ရေးသားလာကြသည်။ ဂျပ်ဒါရီဒါသည် ကွာခြားခြင်းသဘောတရား များကို အထူးလေ့လာသူ တစ်ဦးဖြစ်လာလေသည်။ ကွာခြားခြင်းသဘောတရားအပေါ် ဒါရီဒါ ၏ သဘောထားများကို မပြောမှီ ကွာခြားခြင်းဟူသော အတွေးအခေါ်အကြောင်းကို အနည်းငယ်ပြောရန်လိုပါ လိမ့်မည်။
            ကွာခြားခြင်းဟူသော အတွေးအခေါ်သည် ကိုယ်စားပြုခြင်း (identity) ဟူသောအရာဖြင့် ဒွံတွဲနေသည်။ တစ်ခုခုကို အထူးဝိသေသများဖြင့် ကိုယ်စားပြုတော့မည်ဆိုလျှင် ကိုယ်စားပြုလိုသောအရာ နှင့် အခြားအရာတို့၏ ကွာခြားခြင်းကိုဖော်ပြရန်လိုလိမ့်မည်။ ထို့ကြောင့် ကိုယ်စားပြုခြင်းနှင့် ကွာခြားခြင်း (identity and difference) ဟူ၍ ယှဉ်တွဲဖော်ပြလေ့ရှိသည်။ တစ်ခုခုအကြောင်းကို ပြောတော့မည်ဆိုလျှင် ထိုအရာသည် အခြားအရာများနှင့် မည်ကဲ့သို့ကွာခြားသည်ကို မပြောမဖြစ်ပြောရမည်ဖြစ်သည်။ ဥပမာ ဒီမိုကရေစီ (democracy) အကြောင်းကို ပြောမည်ဆိုလျှင် ဒီမိုကရေစီကို ကိုယ်စားပြုသောအရာများ၊ ၀ိသေသများကိုပြောရန်လိုသလို ဒီမိုကရေစီမဟုတ်သော အခြားဝါဒများနှင့်ကွာခြားခြင်းကိုလည်း ပြောရန် လိုအပ်လာနိုင်ပါသည်။
            ကွာခြားခြင်းသဘောတရားနှင့်ပတ်သက်၍ ဂျပ်ဒါရီဒါ ကဆိုသည်မှာ- အရာရာတိုင်းသည် အခြားအရာများဖြင့် ကွာခြား၏။ ထို့ကြောင့်တစ်ခုခုသည် ဘာကိုဆိုလိုသည်ဟူသည်ကို ဧကန်တကယ် ဆုံးဖြတ်ခြင်းသည် မဖြစ်နိုင်သောအရာဖြစ်သည်။ အကြောင်းမှာ အရာဝတ္ထုတစ်ခုနှင့်တစ်ခု၏ ကွာခြားမှုများ သည် ရေတွက်၍မရနိုင်အောင် များသောကြောင့် ဖြစ်သည်။
            ကွဲပြားခြားနားခြင်းနှင့် အမှန်တရား (truth) နှင့် ပတ်သက်၍ ဤသို့ဆိုထားသည်။ လူများသည် ကမ္ဘာလောကကြီးအပေါ်တွင် ကွဲပြားခြားနားသော အမြင်များရှိကြ၏။ ထို့ကြောင့် အမှန်တရားသည် ရှုမြင်သောသူအပေါ်မူတည်၍ အမျိုးမျိုးရှိ၏။ သို့သော်လည်း အားလုံးအတွက်တစ်ခုတည်းသော အမှန်တရားသည်လည်း ရှိနေသည်ဟု အများကယုံကြည်ကြသည်။ ဥပမာ- ကွဲပြားခြားနားသော သဘောတရားများရှိခြင်း၊ လူများသည် ယင်းသဘောတရားများထဲမှ အချို့ကိုကြိုက်နှစ်သက်သလို၊ အချို့ကို မကြိုက်နှစ်သက်သော သဘောရှိခြင်းသည်လည်း အမှန်တရားတစ်ခုဖြစ်လေသည်။
            လောကတွင် ကွဲပြားခြားနားသောအရာများစွာရှိသည့်အနက် အရေးပါသော အရာတစ်ခုမှာ - အမျိုးသားနှင့်အမျိုးသမီးများဖြစ်၏။ အမျိုးသားနှင့် အမျိုးသမီးများသည် ကွဲပြားခြားနားသည်ဟု ဆိုလိုက်ခြင်းသည် ဘယ်သူကမြင့်သည်၊ ဘယ်သူကနိမ့်သည်ဟု ဆိုခြင်းမဟုတ်၊ ခွဲခြားဆက်ဆံခြင်းကို မှန်သည်ဟုဆိုခြင်းလည်းမဟုတ်ပါ။
            ဤနေရာတွင် မြတ်စွာဘုရားသည် ပါရာဇိကပါဋ္ဌိတော်တွင် ဟောကြားခဲ့သောအရာကို ဘာသာပြန်သူအနေဖြင့် ဖြည့်စွက်၍ပြောရလျှင် လောကတွင်လူလေးမျိုးရှိ၏။ ၄င်းတို့မှာ ယောက်ျား၊ မိန်းမ၊ ယောက်ျားနှင့်မိန်းမနှစ်မျိုးစလုံးဖြစ်သောသူ၊ ယောက်ျားနှင့်မိန်းမဘယ်ဟာမှ မဟုတ်သောသူ ဟူ၍ဖြစ်၏။ ၄င်းတို့ထဲတွင်ယောက်ျားစစ်စစ်နှင့် မိန်းမစစ်စစ်သာလျှင် ရဟန်း (သို့မဟုတ်) ဘိက္ခူနီ) ၀တ်ခွင့်ရှိသည်။
            လူများ၏အရည်အချင်းများကို သတ်မှတ်ရာတွင်လည်း အခြားလူများနှင့် တူညီသော အရည်အချင်း များကို အခြေမခံဘဲ၊ ကွဲပြားခြားနားသောအရည်အချင်းများကို အခြေခံသည်။ လူတစ်ဦးတစ်ယောက်သည် ကိုယ့်ကိုယ်ကိုအထင်ကြီးခြင်းသည်လည်း အခြားလူများနှင့် ကွဲပြားခြားနားသော အရည်အချင်းများကြောင့် ဖြစ်သည်။
            ဒီမိုကရေစီစနစ်၏ ၀ိသေသတစ်ခုမှာလည်း ကွဲပြားခြားနားသောအမြင်ရှိခြင်းကို လက်ခံခြင်း၊ လူတစ်ဦးတစ်ယောက်၏ ကွဲပြားခြားနားသောအမြင်ကို ကိုယ်ကလက်မခံသည့်တိုင်အောင်၊ ထိုအမြင် သဘောထားများကို လေးစားခြင်းဖြစ်သည်။ အမေရိကသမ္မတ အက်ဒမ် (Adams) က အတိုက်အခံတစ်ဦး ကို ပြောခဲ့သည်မှာ "ကျွန်တော်ဟာခင်ဗျားပြောတာတွေအားလုံးကို သဘောမတူပါဘူး၊ ဒါပေမယ့် ဒီလို သဘောမတူတာတွေကို ပြောခွင့်ရှိဖို့အတွက်ကိုတော့ အသက်ပေးပြီးကာကွယ်ပါ့မယ်"
ကျမ်းကိုး
John Hoffman and Paul Graham:
Introduction to Political Theory
Part 4, Chapter 17 : Difference