Monday, May 12, 2014

နိုင်ငံဟူသောဝေါဟာရကို အဓိပ္ပါယ်သတ်မှတ်ချက်ပေးသင့်၊ မပေးသင့် ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)

နိုင်ငံဟူသောဝေါဟာရကို အဓိပ္ပါယ်သတ်မှတ်ချက်ပေးသင့်၊ မပေးသင့်
ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)

နိုင်ငံ (state) ဟူသောဝေါဟာရကို အဓိပ္ပါယ်ကို နိုင်ငံရေးပညာရှင်များသည် အမျိုးမျိုးအဓိပ္ပါယ် သတ်မှတ်ကြရာတွင် အချို့ကအင်အားကို အဓိကထား၍ သတ်မှတ်သလို၊ အချို့ကအကျင့်သိက္ခာ၊ အချို့က တရားမျှတမှု၊ အချို့က အလိုဆန္ဒ စသည်တို့ကို အဓိကထား၍ သတ်မှတ်ကြသည်။ ယခုမျက်မှောက်ခေတ် တွင် နိုင်ငံကို ရှိသင့်သောစံနှုံးများ၊ ၀ိသေသများဖြင့် သတ်မှတ်ကြပြီး ယင်းဝိသေသများတွင် အဓိကအချက် အချာကျသော အရာဟူသည်မရှိ၊ အင်အားနှင့်အကျင့်သိက္ခာသည် အတူတူအရေးပါသည်ဟု ယုံကြည်ကြ သည်။

          ထိုကဲ့သို့ ယုံကြည်သောသူတစ်ဦးမှာ နိုင်ငံရေးပညာရှင် အီတလီလူမျိုး၊ မာ့(စ)၀ါဒီအင်တိုနီယို ဂရမ်စီ (Antonio Gramsci, 1891-1937) သူသည် ပထမကမ္ဘာစစ်အတိုင်းက ဆိုရှယ်လစ်ပါတီကို ပြော့ညံ့ လွန်းသည်ဟု ယူဆကကာ အီတလီကော်မြူနစ်ပါတီကို 1924 ခုနှစ်တွင် တည်ထောင်သော ဗဟိုကော်မတီဝင်တစ်ဦးဖြစ်လာခဲ့သည်။ သူသည် ကွန်မြူနစ် မာ(စ)၀ါဒီ ဖြစ်သော်လည်း၊ မာ(စ)၀ါဒကို နိုင်ငံရေးထဲတွင် အကျင့်ပိုင်းနှင့် ပညာရပ်ပိုင်းများကို ဦးစားပေးလွန်သည်ဟု ယူဆသည်။

 
          ဂရမ်စီသည် နိုင်ငံ၏သဘောတရားများကို လေ့လာရာတွင် အီတလီလူမျိုးနိုင်ငံရေးပညာရှင် မာခိယာဘယ်လီ (Machiavelli, 1469-1527) ကို များစွာ ကိုးကားခဲ့သည်။ မာခိယာဘယ်ဘီ က ဆိုခဲ့သည်မှာ - တိုက်ခိုက်တဲ့နည်း နှစ်နည်းရှိတယ်။ တစ်နည်းက ဥပဒေလမ်းကြောင်းအရတိုက်ခိုက်တာ၊ နောက်တစ်နည်းက အင်အားသုံးပြီး တိုက်ခိုက်တာတို့ဖြစ်တယ်။ ပထမနည်းဟာ လူတွေသုံးတဲ့ နည်းဖြစ်ပြီး၊ ဒုတိယနည်းက တိရစ္ဆာန်တွေသုံးတဲ့နည်းဖြစ်တယ်။ ဒါပေမယ့်လည်း ပထမနည်းဟာ တစ်ခါတစ်ရံမှ လုံလောက်မှုမရှိ၊ လိုရာကိုမရောက်တတ်ဘူး။ ဒါကြောင့် ဒုတိယနည်းကို မသုံးမဖြစ်သုံးရတတ်တယ်။ နိုင်ငံ (အစိုးရ) ဟူသည် ရှေးဂရိရိုးရာပုံပြင်ထဲက စင်တော် (centaur) လို့ခေါ်တဲ့ လူတစ်ပိုင်း၊ တိရစ္ဆာန်တစ်ပိုင်း သတ္တ၀ါကြီးနဲ့တူသည် - ဟူ၍ မာခိယာဘယ်လီ က ကောက်ချက်ချလိုက်သည်။ ဤအဆိုကို အင်တိုနီယို ဂရမ်စီ က ထောက်ခံအားပေးခဲ့သည်။ သို့သော် လူတစ်ပိုင်း၊ တိရစ္ဆာန်တစ်ပိုင်းဖြစ်သောကြောင့် နှစ်ပိုင်းစလုံးသည် တူညီသောအကျိုးသက်ရောက်မှုရှိသည်။ ထို့ကြောင့် နိုင်ငံ(အစိုးရ) သည် အင်အားနှင့် ဆက်စပ်နေသော်လည်း ဥပဒေတရားမျှတမှု၊ အကျင့်သိက္ခာ၊ ဥပဒေတို့သည်လည်း တန်းတူညီတူ အရေးကြီးသည်ဟု ဂရမ်စီက ဆက်လက်၍ ပြောသည်။
          ယခုမျက်မှောက်ခေတ်တွင် အင်အား၊ အကျင့်သိက္ခာ၊ အလိုဆန္ဒ၊ တရားမျှတမှုတို့ထဲမှ တစ်ခုတည်းကိုသာ အဓိကထား၍ နိုင်ငံ(အစိုးရ)၏ အဓိပ္ပါယ်ကို သတ်မှတ်သောသူများကို အစွန်းရောက်သူ များဟု ခေါ်ကြသည်။ ဤနေရာတွင် နိုင်ငံဟူသောဝေါဟာရနှင့် အစိုးရဟူသော ဝေါဟာရတို့ကို တစ်ခုအစား တစ်ခုလဲလှယ်၍သုံးနိုင်သော ဝေါဟာရများအဖြစ် သုံးထားသည်ကို သတိပြုသင့်ပါသည်။
          နိုင်ငံတစ်နိုင်ငံတွင် ဥပဒေကို မလိုက်နာသောသူများကို လိုက်နာအောင် အင်အားသုံး၍ လုပ်ရသည် ကို အသိအမှတ်ပြုဖို့လိုအပ်သလို၊ နိုင်ငံသည် ဥပဒေကိုလိုက်နာ၍ နေထိုင်သူများ၏ ပျော်ရွှင်မှု၊ လွတ်လပ်မှု၊ အဆင်ပြေမှုတို့ကိုလည်း လုပ်ဆောင်ရန်တာဝန်ရှိသည်ဟု ဂရမ်စီက ရေးသားထားသည်။
          ယခုခေတ်တွင် နိုင်ငံသည် လွတ်လပ်မှုကို ဖြစ်စေရမည်။ ၄င်းပြင် သတ်မှတ်ထားသော ၀ိသေသ များဖြင့်လည်း ညီညွတ်ရမည်ဟု ယူဆကြသည်။ သို့သော်လည်း ယခုခေတ်တွင် သူတို့ကိုယ်သူတို့ ဒီမိုကရေစီနိုင်ငံများဟုခေါ်သော နိုင်ငံများသည်ပင်လျှင် အပြောတစ်မျိုး၊ အလုပ်တစ်မျိုးဖြစ်နေသည်။ ဤကဲ့သို့ဖြစ်ရခြင်းအကြောင်းမှာ အကျင့်ပျက်ခြင်းကြောင့်ဖြစ်သည်။ ထိုအခါ မေးစရာမေးခွန်းတစ်ခု ပေါ်ပေါက်လာသည်မှာ - နိုင်ငံ၏၀ိသေသများကို ချိုးဖောက်သော နိုင်ငံများကို နိုင်ငံဟုခေါ်နိုင်မည်လော။ ၄င်းတို့ကို နိုင်ငံဟုမခေါ်လျှင် သူတို့သည် ဘာဖြစ်သနည်း? ထို့ကြောင့် ခေတ်သစ်အယူအဆတစ်ခုမှာ - နိုင်ငံကို ထိုနိုင်ငံရှိ နိုင်ငံသားများအပေါ်  ကျင့်သုံးသောအင်အားဖြင့် အဓိပ္ပါယ်သတ်မှတ်ရမည် - ဟူ၍ဖြစ်သည်။
          နောက်ဆုံးတွင် နိုင်ငံဟူသောဝေါဟာရသည် နိုင်ငံရေးသိပ္ပံဘာသာရပ်တွင် အဓိပ္ပါယ်သတ်မှတ်ရန် မဖြစ်နိုင်သောအရာဟူသော အယူအဆဖြစ်လာလေသည်။ ထိုအယူအဆကို တင်ပြသောနိုင်ငံရေးပညာရှင် သုံးဦးရှိသည်။ ၄င်းတို့မှာ အာသာဘင်တလေ (Arthur Bentley) ဒေးဘစ်အီစတွန် (David Easton) နှင့် တီဒီဝယ်(လ)ဒွန် (T.D. Weldon) တို့ဖြစ်ကြသည်။
          နိုင်ငံရေးပညာရှင်အာသာဘင်တလေက ဆိုသည်မှာ နိုင်ငံသည် လူများပါဝင်သော အဖွဲ့အစည်း တစ်ခုဖြစ်သည်။ လူဟူသောသတ္တ၀ါသည် အပြုအမူပုံ၊ အကျင့်စရိုက်၊ အမျိုးမျိုးရှိသည်။ ထို့ကြောင့် လူ၏ပြုမူပုံနှင့်ဆိုင်သော ဘာသာရပ်သည် သဘာဝသိပ္ပံနှင့်သာဆိုင်သည်။ သဘာဝသိပံ္ပသည် နိုင်ငံရေးနှင့် ကင်းရှင်းသောဘာသာရပ်ဖြစ်၏။ ထို့ကြောင့် နိုင်ငံဟူသော ဝေါဟာရကို နိုင်ငံရေးသိပံ္ပဘာသာရပ်တွင် အဓိပ္ပါယ်သတ်မှတ်လို့မရနိုင်ချေ။
          ဒေးဘစ်အီစတွန်သည် သူ၏ကျမ်းစာအုပ် Political System (1953) တွင် နိုင်ငံကို နိုင်ငံရေးသိပ္ပံ ဘာသာတွင် အဓိပ္ပါယ်မသတ်မှတ်သင့်ကြောင်းကို ဤသို့ရေးသားခဲ့သည်။ နိုင်ငံဟူသော ဝေါဟာရသည် ဒွိဟအပြည့်၊ မရေမရာ၊ ပြတ်သားမှုမရှိသောအရာဖြစ်၏။ ယခုအထိ တွေ့ဖူးသော နိုင်ငံ၏အဓိပ္ပါယ် သတ်မှတ်ချက်အချို့တို့သည် အလွန်အငြင်းပွားစရာအပြည့် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်ပင် ဖြစ်နေကြသည်။ နိုင်ငံဟူသောဝေါဟာရကို အဓိပ္ပါယ်သတ်မှတ်ခြင်းသည် ကိုယ်အရိပ်ကိုဖမ်းရသကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် နိုင်ငံဟူသောဝေါဟာရသည် နိုင်ငံရေးသိပံ္ပတွင် အဓိပ္ပါယ်သတ်မှတ်ခြင်း လုံးဝ မလုပ်သင့်ပါ။ သိပ္ပံပညာတွင် အချိန်၊ နေရာ၊ လှုပ်ရှားခြင်း (time, place, motion) ဟူသော ဝေါဟာရများ ကဲ့သို့ အဓိပ္ပါယ်မသတ်မှတ်ဘဲ ထားသင့်ပါသည်။
          နိုင်ငံရေးနယ်ပယ်တွင် လွှမ်းမိုးနိုင်ခဲ့သော စာအုပ်တစ်အုပ်ဖြစ်သော The Vocabulary in Politics (နိုင်ငံရေးဘာသာစကားဝေါဟာရ) တွင်၊ တီဒီဝယ်(လ)ဒွန်က နိုင်ငံဟူသော ဝေါဟာရသည် နိုင်ငံရေးသိပံ္ပထဲတွင် အဓိပ္ပါယ်မသတ်မှတ်သင့်ကြောင်းကို ဘာသာဗေဒရှုထောင့်မှ ရေးသားခဲ့သည်။ တီဒီဝယ်(လ)ဒွန်က ဆိုသည်မှာ- နိုင်ငံဟူသောဝေါဟာရသည် အလွန်ရှုပ်ထွေးပြီး အဓိပ္ပါယ်အကောက်လွဲနိုင်သော စကားလုံး ဖြစ်သည်။ လူများသည် နိုင်ငံဟုတ်သောအရာနှင့် မဟုတ်သောအရာကို အလိုအလျောက်ခွဲခြား၍ သိနေပြီး သားဖြစ်သည်။ ဥပမာ- အမေရိကန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံတို့သည် နိုင်ငံများဖြစ်သည်ကို ဘယ်သူကမှ မငြင်းနိုင်သလို၊ ကုလသမဂ္ဂ၊ အာဆီယံ၊ အီးယူ(ဥရောပသမဂ္ဂ) အဖွဲ့ တို့သည် နိုင်ငံများ မဟုတ်သည်မှာ ရှင်းနေသည်။ ထို့ကြောင့် နိုင်ငံဟူသောဝေါဟာရသည် နိုင်ငံရေးဒဿနဘာသာတွင် အဓိပ္ပါယ် သတ်မှတ်ဖို့မလိုအပ်ပါ။
ကျမ်းကိုး
John Hoffman and Paul Graham
Introduction to Political Theory
David Easton : Political System
T.D Weldon : The Vocabulary of Politics
Machiavelli : The Prince
Antonio Gramsi : Prison Notebooks

 

No comments:

Post a Comment