Thursday, April 3, 2014

၁၉၅၉ ခုနှစ်မှ ၁၉၆၄ ခုနှစ်အတွင်း ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခြင်းအတွေ့အကြုံများ ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)



၁၉၅၉ ခုနှစ်မှ ၁၉၆၄ ခုနှစ်အတွင်း ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခြင်းအတွေ့အကြုံများ
ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)
အတွေးအမြင် အမှတ် ၁၁၉ ဇွန်ဇူလိုင် သြဂုတ် ၁၉၉၆

ကျွန်တော်သည် B.A Part (A) (ယခုအခေါ်အဝေါ်ဖြင့် တတိယနှစ်ဝိဇ္ဇာ) ကို ရိုးရိုးသင်္ချာ၊ အသုံးချ သင်္ချာနှင့် အင်္ဂလိပ်စာပေဟူသော ဘာသာတွဲဖြင့် အောင်မြင်ခဲ့၍ B.A Part (B) (ယခုအခေါ်အဝေါ်ဖြင့် စတုတ္ထနှစ်ဝိဇ္ဇာ)ကို ထိုဘာသာတွဲဖြင့် ဆက်လက်၍တက်ရန် ပြင်ဆင်နေသည့်အချိန်ဖြစ်ပါသည်။ အချိန်မှာ ၁၉၅၉ခုနှစ် ဇွန်လဖြစ်သည်။ ထိုအချိန်က ယခုကဲ့သို့ အထူးပြုဘာသာစနစ် Major System မရှိသေးပါ။ စတုတ္ထနှစ်အောင်မြင်သောအခါ ကိုယ်ယူခဲ့သော ဘာသာများထဲမှ တစ်ခုခုကိုရွေး၍ မဟာဝိဇ္ဇာအရည်အချင်း စစ် M.A(Q.1) တက်ရန် ရည်ရွယ်ခဲ့ပါသည်။ ထိုအချိန်က ကျင့်သုံးခဲ့သော စည်းမျဉ်းများအရ ကျွန်တော် သည် သင်္ချာသို့မဟုတ် အင်္ဂလိပ်စာပေတစ်ခုခုကို မဟာဝိဇ္ဇာအတွက် ရွေးနိုင်ပါသည်။ လက်ခံ-မခံမှာ သက်ဆိုင်ရာ ပါမောက္ခအပေါ်သာ တည်နေပါသည်။
ထိုအချိန်က သင်္ချာမဟာဘွဲ့နှစ်မျိုးရှိပါသည်။ သိပံÜအတွဲယူခဲ့ရာမှ သင်္ချာမဟာဘွဲ့တက်သူများ အတွက် မဟာသိပံÜ (M.Sc)ဘွဲ့ဖြစ်ပြီး ၀ိဇ္ဇာအတွဲယူခဲ့ရာမှ သင်္ချာမဟာဘွဲ့တက်သူများအတွက် မဟာဝိဇ္ဇာ(M.A) ဘွဲ့ဖြစ်ပါသည်။
သို့သော် ၁၉၅၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ပါမောက္ခချုပ် ဒေါက်တာလှမြင့် ဖြစ်လာပါသည်။ ပါမောက္ခချုပ်ပြောင်းသည်နှင့်အမျှ ရန်ကုန်တက္ကသိုလ်၏ ပညာရေးစနစ်သည်လည်း တစ်မျိုးပြောင်းလဲခဲ့ရ ပါသည်။
၁၉၅၉ခုနှစ်မတိုင်မီက ရိုးရိုးဘွဲ့အတွက် လေးနှစ်၊ ဂုဏ်ထူးတန်းဘွဲ့အတွက် ငါးနှစ်ဖြစ်ပါသည်။ သို့သော် ၁၉၅၉ခုနှစ် ပါမောက္ခချုပ် ဒေါက်တာလှမြင့် လက်ထက်တွင် ထိုစနစ်သည် စတင်၍ ပြောင်းခဲ့ပါသည်။ ထိုအပြောင်းအလဲသည် ယခုကျင့်သုံးနေသော အထူးပြုဘာသာစနစ် Major System ၏ရှေ့ပြေးသဖွယ်ဟုလည်း ဆိုနိုင်ပါသည်။
၁၉၅၉ ခုနှစ်တွင် General Honours အထွေထွေဂုဏ်ထူးတန်းအမည်ရှိ ဂုဏ်ထူးတန်းတစ်မျိုးကို တီထွင်လိုက်သည်။ ယင်းဂုဏ်ထူးတန်းသည် ယခင်က ဂုဏ်ထူးတန်းကဲ့သို့ ငါးနှစ်သင်တန်းမဟုတ်ဘဲ ရိုးရိုး ဘွဲ့ကဲ့သို့ လေးနှစ်ကာလသာဖြစ်ပါသည်။ အထွေထွေဂုဏ်ထူးတန်းအတွက် သင်ရိုးမှာ ပထမနှစ်မှ တတိယနှစ်အထိ ယခင်ကရှိခဲ့သော ရိုးရိုးအတန်းနှင့်အတူတူဖြစ်ပါသည်။ စတုတ္ထနှစ်သို့ ရောက်သောအခါ တွင်သာ ကိုယ်အထူးပြုလိုသော ဘာသာရပ်တစ်ခုတည်းကိုသာ ယူရပါသည်။ ဥပမာ ယခင်က သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ယူခဲ့သောသူသည် သင်္ချာအထွေထွေဂုဏ်ထူးကို စတုတ္ထနှစ်တွင် ပြောင်းတက်လိုလျှင် သင်္ချာဘာသာချည်းသုံးခုယူရပါသည်။ ယခုတည်ရှိနေသော အထူးပြုဘာသာစနစ်နှင့် အနည်းငယ်တူပါ သည်။ အထွေထွေဂုဏ်ထူးတန်း တက်ခွင့်ကို သက်ဆိုင်ရာပါမောက္ခထံ တိုက်ရိုက်လျောက်ထားရပါသည်။ာ ပါမောက္ခက တက်ခွင့်ပြုသူများ တက်ရောက်နိုင်ပါသည်။
အထွေထွေဂုဏ်ထူးတန်းစနစ် (လေးနှစ်သင်တန်း) အသစ် တီထွင်လိုက်သော်လည်း ယခင်ရှိခဲ့ သော ဂုဏ်ထူးတန်းစနစ် (ငါးနှစ်သင်တန်း)၊ မဟာ သိပံÜ/ ၀ိဇ္ဇာ အရည်အချင်းစစ်စနစ် (ခြောက်နှစ်သင်တန်း) တို့သည်လည်း ဆက်လက်၍ တည်ရှိနေဆဲဖြစ်ပါသည်။ ယခုအခါတွင် အထွေထွေဂုဏ်ထူးဘွဲ့နှင့် ဂုဏ်ထူး ဘွဲ့ကို အဆင့်အားဖြင့်အတူတူ သတ်မှတ်သလော သို့မဟုတ် အထွေထွေဂုဏ်ထူးဘွဲ့ကို နိမ့်သည်ဟု သတ်မှတ်သလောဟူသောအချက်မှာမရှင်းလင်းသေးသော ကိစ္စတစ်ခုဖြစ်နေပါသည်။ သင်ကြားရေး ရှုထောင့်မှပြောရလျှင် အထွေထွေဂုဏ်ထူးဘွဲ့နှင့် သာမန်ဘွဲ့သည် လေးနှစ်ချင်းတူသော်လည်း အထူးပြု သောဘာသာတွင် သာမန်ဘွဲ့ထက်ပို၍ မြင့်ပါသည်။ သို့သော် အထွေထွေဂုဏ်ထူး(လေးနှစ်သင်ရိုး)သည် ဂုဏ်ထူး (ငါးနှစ်သင်ရိုး) ထက် အကြောင်းအရာအားဖြင့် နည်းသည်ဟုဆိုနိုင်ပါသည်။
ကျွန်တော်သည် B.A Part (A) ယခုအခေါ်အဝေါ်ဖြင့် တတိယနှစ်ကို အင်္ဂလိပ်စာပေ၊ ရိုးရိုးသင်္ချာ နှင့် အသုံးချသင်္ချာဘာသာတွဲဖြင့် ၁၉၅၉ခုနှစ်တွင် အောင်မြင်ခဲ့သည်။ ယခင်ရည်ရွယ်ချက်အတိုင်းဆိုလျှင် ထိုဘာသာတွဲဖြင့် ရိုးရိုးဝိဇ္ဇာဘွဲ့ကို ယူရန်ဖြစ်ပါသည်။ သို့သော် အထွေထွေဂုဏ်ထူး (General Honours) စနစ်ဖြစ်လာသည့်အခါ စိတ်ထဲတွင်စနစ်သစ်ကို စမ်းသပ်ကြည့်ချင်သောစိတ် အနည်းငယ်ဖြစ်ပေါ်လာပါ သည်။ ထို့အပြင် သင်္ချာပါမောက္ခဦးဘတုတ်ကလည်း မိဘနှစ်ပါး၏ မိတ်ဆွေဖြစ်သောကြောင့် တစ်ကြောင်း၊ အင်္ဂလိပ်စာပေအမှတ်မှာ ဂုဏ်ထူးတန်း တက်ရောက်ရန်အဆင့်မမီသည်က တစ်ကြောင်း၊ ရိုးရိုးသင်္ချာတွင် ဂုဏ်ထူးရရှိ၍ အသုံးချသင်္ချာတွင် ၇၀နီးပါးရရှိခြင်းတို့ကြောင့်လည်းကောင်း၊ အကယ်၍အထွေထွေဂုဏ်ထူး စနစ်အောင်မြင်သွားပါက မဟာဘွဲ့တက်ရန်အတွက် ဤလမ်းတစ်မျိုးတည်းသာ ဖြစ်သွားနိုင်သည်ဟု ပါမောက္ခများက ပြောကြသောကြောင့်လည်းကောင်း သင်္ချာအထွေထွေဂုဏ်ထူးတန်းကို တက်ရောက်ရန် ဆုံးဖြတ်လိုက်ရပါသည်။
၁၉၅၉ခုနှစ် မေလတွင် ရန်ကုန်တက္ကသိုလ်၌ ပထမဦးဆုံးအကြိမ် အထွေထွေဂုဏ်ထူးတန်း သင်တန်းများကို ဘာသာစုံဖွင့်လှစ်ခဲ့ပါသည်။ ထိုအချိန်က သင်္ချာအထွေထွေဂုဏ်ထူးတန်းသင်ရိုးကို ဖော်ပြ ရသော် အက္ခရာသင်္ချာတွင် Infinite Sequences and Series Exponential and logarithmic Series (ယခုသာမန်တတိယနှစ်သင်ရိုး)၊ Complex Numbers, Dr. Moivre's Theorem (ယခုဒုတိယနှစ်သင်ရိုး)၊ အနာလစ်တစ် ဂျီသြမေတြီတွင် Elipse and Hyperbola (ယခုပထမနှစ်သင်ရိုး) ကဲကုလအပိုင်းတွင် Methods of integration, Partial Derivative (ယခု ဒုတိယနှစ်နှင့် တတိယနှစ်သင်ရိုး) First, Second and Higher Order O.D.E (ယခု ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်သင်ရိုး) (Vector Analysis) ယခု ဒုတိယနှစ်သင်ရိုးတို့ ဖြစ်ပါသည်။ အပေါ်ယံကြည့်လိုက်လျှင် ယခုထက်များစွာ အဆင့်နိမ့်ပါသည်။ သို့သော်တွက်ခဲ့ရသောပုစ္ဆာအမျိုးအစားနှင့်အရေအတွက်မှာ မယုံကြည်နိုင်လောက်အောင်များပြားပါသည်။
၁၉၆၀ ပြည့်နှစ်တွင် ကျွန်တော်သည်သင်္ချာအထွေထွေဂုဏ်ထူးတန်းကို ဒုတိယအဆင့်ဖြင့် အောင်မြင်ခဲ့ပါသည်။ ထိုနှစ်တွင် ရန်ကုန်တက္ကသိုလ် သင်္ချာဌာန၌ သင်္ချာမဟာသိပံÜသင်တန်းများကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ စတင်ဖွင့်လှစ်ခဲ့သောနှစ်တွင် မြန်မာနိုင်ငံမှ ဆရာနှစ်ဦး၊ အင်္ဂလန်နိုင်ငံမှ ပါမောက္ခ တစ်ဦး၊ အမေရိကန်နိုင်ငံမှ ပါမောက္ခတစ်ဦးတို့က သင်ကြားကြပါသည်။
ကျွန်တော်သည် သင်္ချာမဟာသိပံÜသင်တန်းသို့ တက်ရောက်ရန် စာရင်းသွင်းပြီးသည့်နောက် သုံးလ လောက်အကြာတွင် နုတ်ထွက်ခဲ့ပါသည်။ သင်တန်းမှ နုတ်ထွက်ခွင့်ရရှိပြီးနောက် သင်္ချာဌာနတွင် အချိန်ပိုင်း နည်းပြအဖြစ် အမှုထမ်းခဲ့ပါသည်။ အချိန်ပိုင်းနည်းပြအဖြစ် တစ်နှစ်အမှုထမ်းဆောင်ပြီး ၁၉၆၁ခုနှစ်တွင် အချိန်ပြည့်နည်းပြဖြစ်ခဲ့ပါသည်။
ထို့နောက် နှစ်နှစ်၊ သုံးနှစ်အတွင်းတွင် မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေးစနစ်များ အမျိုးမျိုးပြောင်းခဲ့ သကဲ့သို့ ပညာရေးစနစ်များလည်း အမျိုးမျိုးပြောင်းခဲ့သည်။ ပါမောက္ခချုပ်ဒေါက်တာလှမြင့် နုတ်ထွက်သွား ပြီးသည့်နောက် အထွေထွေဂုဏ်ထူးတန်းစနစ်လည်း ကွယ်ပျောက်သွားပါသည်။ ယခုအခါတွင် အထွေထွေ ဂုဏ်ထူးဘွဲ့ General Honours ဘွဲ့ရရှိသူများသည် ဘာသာရပ်တစ်ခုလျှင် ၁၀ ယောက်လောက်သာ ရှိပါ တော့သည်။  ထိုဘွဲ့၏အမည်ကိုပင် ကြားဖူးသူတော်တော်ရှားပါးနေပါသည်။
ထိုအချိန်က နည်းပြဆရာလုပ်ရသည့်ဘ၀ကို အနည်းငယ်ပြောချင်ပါသည်။ ဥပမာ Pure Maths ဘာသာတစ်ခုကို တာဝန်ကျသည်ဆိုကြပါစို့။ ယင်းဘာသာအောက်တွင် ဘာသာခွဲသုံးခုဖြစ်သော Algebra, Analytic Geometry, Calculus ကိုသင်သောဆရာသုံးယောက်ရှိသည်။ နည်းပြလုပ်သောသူသည် ထိုဆရာသုံးဦးစလုံးထံသို့ ချဉ်းကပ်၍ နည်းပြသင်တန်းအတွက် မေးခွန်းတစ်ခုစီတောင်းရသည်။ ပြီးသည့် နောက် နည်းပြသင်တန်းမတိုင်မီ ကိုယ်တိုင်တွက်ကြည့်၊ အမှတ်ပေးစည်းမျဉ်းဆွဲ၊ သက်ဆိုင်ရာဆရာများနှင့် ထပ်မံဆွေးနွေးရသည်။ တစ်ခါတစ်ရံ သက်ဆိုင်ရာဆရာများနှင့် သဘောချင်းမတိုက်ဆိုင်သော တွက်နည်း များနှင့် တွက်ထားမိလျှင် အငြင်းပွားရသည်။ ထိုကဲ့သို့ အငြင်းပွားရတိုင်း ကိုယ့်ဘက်က ရှုံးသည်ကများ သည်။ သို့သော်တစ်ခါ အငြင်းပွားတိုင်း ပညာရသည်။ ဆရာအမျိုးမျိုး၏ အာဘော်အမျိုးမျိုးကို လေ့လာခွင့် ရသည်။ အချို့ဆရာများသည် အမြင်ကျယ်သည်။ လွတ်လပ်စွာတွေးတောခြင်းကို လက်ခံသည်။ အကျိုး သင့်အကြောင်းသင့်ပြောလျှင် လက်ခံသည်။ လက်မခံနိုင်သည့်အခါတွင်လည်း ပြန်ရှင်းပြတတ်သည်။ အချို့ သောဆရာများကမူ ဖတ်စာအုပ်ထဲကအတိုင်းသင်သည်။ ၏သည်မရွေးသူတို့သင်သည့်အတိုင်း ပြန်ရေးမှ ကြိုက်သည်။ အနည်းငယ်လွှဲပြောင်းရေးခြင်း၊ အခြားနည်းဖြင့် စဉ်းစားခြင်းတို့ကို လုံးဝလက်မခံ၊ ပယ်ချ တတ်သည်။
ထိုကဲ့သို့ နည်းပြဘ၀ဖြင့် ကိုယ့်အထက်က လက်ထောက်ကထိက၊ ကထိကဆရာအမျိုးမျိုးတို့နှင့် ဆက်ဆံရင်း ပညာလည်းတိုး၊ ကိုယ်တိုင်လက်ထောက်ကထိက၊ ကထိကဖြစ်လာလျှင် ကျောင်းသားများ အား မည်ကဲ့သို့ သင်ကြားပေးမည်ကိုလည်း စဉ်းစားခွင့်ရရှိခဲ့သည်။
ထိုအချိန်က ရန်ကုန်တက္ကသိုလ်အုပ်ချုပ်ရေးစနစ်မှာလည်း ယခုနှင့်မတူချေ။ ပါမောက္ခချုပ်နေရာ လစ်လပ်သွားသည့်အခါ ပါမောက္ခများ ပါဝင်သော တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့မှ ၎င်းတို့ထဲမှတစ်ဦးဖြစ် စေ၊ အပြင်လူတစ်ဦးဖြစ်စေ ပါမောက္ခချုပ်ခန့်သည်။ ပါမောက္ခကို ပါမောက္ခချုပ်ကခန့်သည်။ ကထိကနှင့် ၎င်းလက်အောက်ရာထူးများကို ပါမောက္ခကခန့်သည်။
ပါမောက္ခချုပ် ဒေါက်တာသာလှ၊ ဦးကာစသည်ဖြင့် ပြောင်းသွားသည့်အခါတိုင်း ရန်ကုန်တက္ကသိုလ် တွင် ပညာသင်ကြားရေးစနစ်များ အမျိုးမျိုးပြောင်းခဲ့သည်။ တစ်နှစ်လျှင် စာမေးပွဲ သုံးကြိမ်စစ်သော စနစ်၊ နည်းပြသင်တန်းများ၏ရမှတ်များကို စာမေးပွဲတွင် ထည့်သွင်းသည့်စနစ်၊ ကျောင်းတက်ချိန် ၇၅ရာခိုင်နှုန်း မပြည့်လျှင် စာမေးပွဲ မဖြေရသည့်စနစ် စသည်ဖြင့် အမျိုးမျိုးပြောင်းခဲ့သည်။ ပြောင်းသည့်အခါတိုင်းတွင် ကျောင်းသားများ မနစ်နာစေရန် နောက်ဆက်တွဲစာမေးပွဲ (Supplementary Examination) များလည်း ကျင်းပခဲ့ပါသည်။
အကြီးကျယ်ဆုံးသော ပြောင်းလဲမှုမှာ ၁၉၆၄ခုနှစ်တွင် ဖြစ်ပါသည်။ ထိုနှစ်တွင် ရန်ကုန်တက္ကသိုလ် မှ စီးပွားရေးဘာသာရပ်များဖြစ်ကြသော စာရင်းအင်း၊ စာရင်းကိုင်နှင့် ဘောဂဗေဒဌာနတို့သည် ခွဲထွက်၍ စီးပွားရေးတက္ကသိုလ်ဟူ၍ ဖြစ်လာသည်။ ထိုနည်းတူစွာ ရန်ကုန်စက်မှုတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်တို့ ပေါ်ပေါက်လာပြီး ယင်းတက္ကသိုလ်များကို ၁၀တန်းအောင်ပြီး တိုက်ရိုက်တက်ရောက် သော စနစ်ဖြစ်လာသည်။ ယခင်ကကဲ့သို့ ရန်ကုန်တက္ကသိုလ်တွင် နှစ်နှစ်ပြီးမှ ဆေးတက္ကသိုလ်၊ စက်မှု တက္ကသိုလ်တို့သို့ သွားသည့်စနစ်ကွယ်ပျောက်ခဲ့ပါသည်။ ဥပဒေဘွဲ့နှင့်ပတ်သက်၍လည်း တစ်မျိုးပြောင်း သွားခဲ့သည်။ ယခင်က B.A သို့မဟုတ် B.Sc ဘွဲ့ရပြီးမှ ဥပဒေဘွဲ့ B.L ကို တက်ရပါသည်။ ၁၉၆၄ခုနှစ်တွင် ဥပဒေပညာကို ပထမနှစ် မှစတင်၍ ဥပဒေအထူးပြုအဖြစ် ယူရသည့်စနစ်ဖြစ်လာပါသည်။ အချိန်မှာ ငါးနှစ်ဖြစ်ပါသည်။ ယခင်က ရန်ကုန်တက္ကသိုလ်ကို ရန်ကုန်ဝိဇ္ဇာနှင့် သိပံÜတက္ကသိုလ် (Rangoon Arts and Science University) ဟု အမည်ပြောင်းလိုက်ပြီး အထူးပြုဘာသာစနစ် (Major System) ဖြစ်လာပါသည်။ ယင်းအထူးဘာသာစနစ် ကို အဓိကဘာသာစနစ် ဟုခေါ်ခဲ့ပါသည်။ ယခုကျင့်သုံးနေသော အထူးပြုဘာသာစနစ်နှင့် သဘောချင်းအတူတူဖြစ်ပါသည်။
အထူးပြုဘာသာစနစ် စတင်သည့်နှစ်တွင် ယခင်ကဘာသာတွဲစနစ် ကွယ်ပျောက်သွားပြီး ဂုဏ်ထူး တန်းစနစ်သည်လည်း ခေတ္တကွယ်ပျောက်သွားပါသည်။ ထိုအချိန်က ဘာသာတွဲ အမျိုးမျိုးဖြင့် အောင်မြင်ခဲ့ သူများသည် နောင်တက်မည့်အတန်းတွင် သူတို့ယူခဲ့သော ဘာသာတစ်ခုခုကိုရွေး၍ အထူးပြု ဘာသာ အဖြစ်ယူ၍ဆက်လက်တက်ရပါသည်။
သင်္ချာအထူးပြုဘာသာနှင့်ပတ်သက်၍ ထူးခြားချက်မှာ သိပံÜတွဲယူခဲ့သူများသာ သင်္ချာအထူးပြု ဘာသာယူခွင့် ရရှိခြင်းဖြစ်သည်။ ထိုအချိန်က ကျွန်တောင်သည် ၀ိဇ္ဇာတွဲဖြင့် ဘွဲ့ရရှိပြီး မဟာဝိဇ္ဇာသင်္ချာသင်တန်းတက်နေပြီး သားဖြစ်နေသောကြောင့်သာ သင်္ချာအထူးပြုဘာသာကို ဆက်လက်၍ ယူခွင့်ရရှိခြင်းဖြစ်သည်။ ၀ိဇ္ဇာဘာသာ တွဲမှ သင်္ချာအထူးပြုယူခွင့်ရရှိသော အုပ်စုအနေဖြင့် ကျွန်တော်တို့သည် နောက်ဆုံးဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်သည် သင်္ချာအထူးပြု ဖြစ်ပါလျက်နှင့် ဘွဲ့မှာ B.A (Gen Hons), M.A ဖြစ်နေခြင်းဖြစ်ပါသည်။
ဤကဲ့သို့ ၁၉၆၄ခုနှစ်တွင် စနစ်သစ်ဖြင့် တက္ကသိုလ်၊ ကောလိပ်များ ပြန်လည်၍ဖွင့်သည့်အချိန်တွင် ကျွန်တော်သည် ရန်ကုန်ဝိဇ္ဇာနှင့်သိပံÜတက္ကသိုလ်ဟု အမည်ပြောင်းသွားသော ရန်ကုန်တက္ကသိုလ်သင်္ချာဌာန တွင် လက်ထောက်ကထိကအဖြစ် အမှုထမ်းရင်း မဟာဝိဇ္ဇာသင်တန်းကိုလည်း တက်ရောက်ခဲ့ပါသည်။ ထို့ကြောင့် ကျောင်းသား၏အတွေ့အကြုံနှင့် ဆရာ၏အတွေ့အကြုံ နှစ်မျိုးစလုံးကိုရရှိခဲ့ပါသည်။ ဤအကြောင်းများကို နောင်တွင်ဆက်လက်ဖော်ပြ ပါမည်။                                                                              

No comments:

Post a Comment