လူကြီးသူမ ဆိုဆုံးမစကား တက္ကသိုလ်ရွှေရီဝင်း



လူကြီးသူမ ဆိုဆုံးမစကား
တက္ကသိုလ်ရွှေရီဝင်း
(အတွေးအမြင် ၁၀၀။ ၁၉၉၄ သြဂုတ် မေ)
        ကလေးများကို ဆိုဆုံးမရာတွင် လည်းကောင်း၊ လူလတ်ပိုင်းကို ဆိုဆုံးမရာတွင် လည်ကောင်း အရေးကြီးဆုံးမှာ နားဝင်ရန်ဖြစ်သည်ဟု ထင်မိပါသည်။
          နားဝင်ဖို့ရန်မှာလည်း အလွန်ခက်ခဲသော အလုပ်တစ်ခု ဖြစ်သည်ဟု ထင်ပါသည်။ ထို့ကြောင့် ရှေးလူကြီး သူမတို့သည် နားဝင်စေရန် ပုံစံမျိုးစုံဖြင့် ပြောဆို ဆုံးမကြပါသည်။ ဥပမာများပြ၍ လည်းကောင်း၊ ဇာတ်နိပါတ်များဖြင့် လည်ကောင်း၊ ပုံပြင်များဖြင့် လည်ကောင်း ပြောပြ၍ ဆုံးမခဲ့ကြသည့် သာဓကများ များစွာရှိပါသည်။ တဖန် နားဝင်သွားပါပြီးဆိုလျှင် ဆန့်ကျင်ဘက် စကားတစ်ခုဖြင့် ပြောင်းလဲပြီး လက်ခံဖို့ ပြောရန်မလွယ်ကူတော့ချေ။
          လူကြီးသူမဟု ပြောရာတွင် အသက်ကြီးသူ ၀ါကြီးသူသာမဟုတ် မိဘနှင့်ဆရာသမား အပါအ၀င် ဒေါ်ကြီး၊ ဒေါ်လေး၊ ဦးကြီး၊ ဦးငယ်ပါ အားလုံး ပါဝင်ပါသည်။ စာရေးသူတို့ ငယ်စဉ်ကတည်းက လူကြီးသူမ များကို ရိုသေကြရပါသည်။ ၄င်းပြင် လူကြီးသူမတို့၏ ဆုံးမစကားကိုလည်း နာယူလက်ခံကြရပါသည်။ တစ်သဝေမတိမ်းလည်း လိုက်နာရပါသည်။ ဘယ်အရွယ်အထိလည်းဆိုလျှင် ယခုထက်ထိတိုင်ပါဟု ပြောလျှင် ရပါသည်။ ဘယ်လို ကိစ္စလဲဆိုလျှင် ပညာရေး၊ ဘာသာရေး၊ ယဉ်ကျေားမှုနှင့် ကိုယ်ကျင့်တရား နှင့် ပတ်သတ်၍ ပါဟုပြောလျှင် လွန်သွားပြီးဟု ပြောကြမလား မသိပါ။ စာရေးသူကတော့ မလွန်ပါဟုသာ ပြောလိုပါသည်။
          ထိုကဲ့သို့ လိုက်နာ နာခံမှုကြောင့် စာရေးသူတို့၏ လူမျိုး၏ ဘာသာရေး၊ ကိုယ်ကျင့်တရားနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းပြီးသား ဖြစ်သွားသည်ဟု ဖြေရပါမည်။ လူကြီးသူမတွေ ဆိုဆုံးမမှုကို ဆင်ခြေတက်စရာ မရှိဘူးလားဟုမေးလျှင် ယေဘုယျအားဖြင့် ဆင်ခြေတက်စရာ မရှိပါဟု ဖြေရပါမည်။ ရှေးဆန်လွန်းသည်ဟု ပြောလျှင်လည်း ဟုတ်ပါသည်ဟု အရိုးရှင်းဆုံးဝန်ခံပါမည်။
          လူကြီးသူမတို့ ဆိုဆုံးမသော အဓိကအချက်မှာ လူကြီးသူမကို ရိုသေရမည်။ ရတနာသုံးပါးကို အမြဲဆည်းကပ်ကိုးကွယ်ရမည်၊ ကျောင်းစာကို သေသေချာချာ လေ့လာကျက်မှတ်ရမည်၊ အပေါင်းအသင်း မိတ်ဆွေသတိထားရမည်။ အတုယူမမှားရ စသည်ဖြင့် ဖြစ်ပါသည်။ ဒါဆိုလျှင် ကိုယ်ဘာသာကိုယ် ဆုံဖြတ်တာ မရှိတော့ဘူးလားဟု ဆိုလျှင်ရှိကြပါသည်ဟု ဖြေရမည်။
          ဥပမာတစ်ခု ပြောရလျှင် စာရေးသူ ဆယ်တန်းအောင်စဉ်က ဆေးတက္ကသိုလ်သို့ဝင်ရန် အမှတ်မီပါ သည်။ သို့သော် စာရေးသူ ဆရာဝန်အလုပ်ကို ၀ါသနာမပါခဲ့ပါ။ ၀ါသနာပါသည်မှာ စီးပွားရေးတက္ကသိုလ်သို့ တက်၍စာရင်းကိုင်ဘွဲ့ကို ယူရန်သာ ဖြစ်ပါသည်။ မိဘနှစ်ပါးစလုံးက ဆေးကျောင်းသို့ တက်စေလိုပါသည်။ အစ်ကိုဖြစ်သူ ဆေးကျောင်းသားကလည်း ဆေးကျောင်းသို့ တက်စေလိုပါသည်။ သို့သော် ဤမျှ အရေးကြီးသော ဘ၀တစ်သက်တာအတွက် ဆုံးဖြတ်ချက်ကို စာရေးသူဘာသာ ဆုံးဖြတ်ခွင့် ရခဲ့ပါသည်။ ဆေးကျောင်းသို့ ခုနစ်နှစ်တာ ကျောင်းတက် လေ့လာရမည်မှာ စာရေးသူသာ ဖြစ်သဖြင့် မည်သူမှ ၀ါသနာ မပါဘဲ တက်ရန်မတိုက်တွန်းကြပါ။ တချို့သော မိတ်ဆွေ သူငယ်ချင်းများမှာ လူကြီးမိဘတို့ ဆုံးဖြတ်ချက် ကြောင့် ပညာရေးတစ်ပိုင်းတစ်စနှင့် ဒုက္ခရောက်သည်များ ရှိကြပါသည်။ ဤသို့သော ကိစ္စများတွင်မူ လူကြီး သူမတို့က ဘေးမှာ ထိန်းကျောင်းပေးခြင်းဖြင့် စာရေးသူတို့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဖြင့် ပြုလုပ်ခဲ့ရပါသည်။
          စာရေးသူတို့ ငယ်စဉ်က လူကြီးသူမတို့ ဆိုဆုံးမသော စကားများဖြစ်သည့် ­­­­­­-
          " စကားကျယ်ကျယ် မပြောရ"
          "လူကြီးရှေ့မှ ဖြတ်လျှောက်လျှင် ခေါင်းငုံ့၍ လျှောက်ရမည်"
          "တစ်ခုခုပေးလျှင် လက်နှစ်ဖက်နှင့် ပေးရမည်"
          "လူကြီးသူမထက် မြင့်သောနေရာတွင် မထိုင်ရ"
          "ထမင်းစားစဉ် စကားမပြောရ"
          "ညာလက်နှင့် ဟင်းခတ်သော ဇွန်းကိုမကိုင်ရ"
          "လမ်းလျှောက်လျှင် ခြေသံမမြည်အောင် လျှောက်ရမည်"
          စသည့် အချက်များသည် ယခု အသက် ၄၀ ကျော်လာသည်အထိ ကိုယ်တိုင် လိုက်နာနေဆဲ ဖြစ်ပါသည်။ 'နင်' 'ငါ'  နှင့် တစ်ယောက်ယောက်ကများ ပြောလိုက်လျှင် ရိုင်းလိုက်တာဟု စိတ်ထဲတွင် နာမိသည်အထိ အကျင့်ဖြစ်နေသည်။
          အထက်ပါ လူကြီးသူမတို့ ဆိုဆုံးမသော စကားများကို လိုက်နာနေခြင့်ဖြင့် ကျွန်မတို့၏ လူမျိုး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံကို မပျောက်ပျက်စေသော အလွန်အရေးကြီးသော တာဝန်တစ်ခုကို ကျေပွန်စွာ လုပ်ဆောင်နေသည်ဟု ထင်မိသည်။ ဤအချက်များသည် အခြားလူမျိုးများနှင့် မတူကြသော အချက်များ ဖြစ်သလို အခြားလူမျိုးများက အတုယူရသော အချက်များ ဖြစ်ကြပါသည်။ ဤသို့ ပြောဆိုရခြင်းမှာလည်း အကြောင်းရှိပါသည်။
          စာရေးသူ၏ ခင်ပွန်းသည် ပြင်သစ်နိုင်တွင် သချာင်္ပါရဂူဘွဲ့ ယူရန်အတွက် ပညာတော်သင်အဖြစ် သွားစဉ်က အဖြစ်အပျက်လေးကြောင့် ဖြစ်ပါသည်။ ဖြစ်ပုံမှာ ပါရဂူကျမ်းမပြုမီ ဆရာ ဆရာမများသာ တက်ကြသော ဆွေးနွေပွဲ အတန်များသို့ လို့က်၍  တက်ရပါသည်။ ဆရာ ဆရာမများမှာ ပြင်သစ်လူမျိုးနှင့် အနောက်တိုင်းသားများသာ ဖြစ်ကြပါသည်။ အရှေ့တိုင်းမှဆို၍ စာရေးသူ၏ခင်ပွန်းနှင့် သူ့မိတ်ဆွေဆရာ(၁)ဦး သာပါပါသည်။ ဆရာစ၍ စာသင်နေစဉ် ဆရာ ဆရာမတို့သည် တစ်ယောက်နှင့် တစ်ယောက် တီးတိုးစကား ပြောကြသည်။ ဆေးလိပ်သောက်သည်။ တစ်ယောက်နှင့် တစ်ယောက် ဆေးလိပ်ဗူး၊ မီးခြစ် စသည်တို့ကို ပစ်ပေးလိုက်၊ ပြန်တောင်းလိုက်ကြနှင့် သူတို့၏ ခြေထောက်များကလည်း ထားချင်သလိုထားကြသည်။ ဆရာကလည်း ဘာမှမဖြစ်သလို သင်နေသည်။
          မြန်မာကျောင်းသာ နှစ်ယောက်မှာ ဆရာပြောသမျှကို ရိုရိုသေသေဖြင့်  လိုက်လံမှတ်သားနေ ကြသည်။ စကားလည်း မပြောကြ၊ တုတ်တုတ်မျှ မလှုပ်ကြချေ။ နောက်ပိုင်းတွင် ငြိမ်သက်စွာဖြင့် ပညာသင်ယူနေသော မြန်မာကျောင်းသားနှစ်ယောက်ကို အားကျကာ ဆရာ ဆရာမအားလုံသည် ငြိမ်သက်စွာဖြင့် သင်တန်းတက်ကြလေသည်။ ယဉ်ကျေးမှု မတူသော နေရာတွင် ကိုယ့်မြန်မာ့ ယဉ်ကျေးမှုက လွှမ်မိုးလိုက်နိုင်သည့် အဖြစ်က ဂုဏ်ယူစရာပင် ဖြစ်သည်။
          စာရေးသူတို့ကို လူကြီးသူမတို့ ငယ်စဉ်ကတည်းက ဆုံးမထားကြသည်မှာ ဆရာဆိုသည်မှာ အနန္တောအနန္တငါးပါးတွင် တစ်ပါးအပါအ၀င်း ဖြစ်သည်ဟု၍ ဖြစ်သည်။ ထို့ကြောင့် ရိုသေရမည်၊ လေးစား ရမည်၊ အနန္တော အနန္တငါးပါး ဆိုသည်မှာ ဘုရား၊ တရား သံဃာ၊ မိဘနှင့် ဆရာတို့ဖြစ်သည်။ ဒီတော့ ဘုရားနှင့် တစ်ဂိုဏ်းတည်းဖြစ်သော ဆရာကို မြန်မာကျောင်းသားတွေ ရိုသေကြသည်ကို နိုင်ငံခြားသားတို့ ဘယ်လိုမှ နားမလည်နိုင်ကြပါ။ သို့သော် သူတို့ နားလည်သည်မှာ စာသင်ခန်းထဲတွင် ငြိမ်သက်စွာ စာကိုသင်ယူ နေသော နိုင်ငံခြားကျောင်းသား နှစ်ယောက်ကို ကြည့်ပြီး သူတို့၏ ဆူညံစွာဖြင့် ရိုင်းပြစွာ နေမှုကို ရှက်လာသဖြင့် ငြိမ်သက်စွာ စာသင်ကြခြင်းဖြစ်သည်။
          ယခုခေတ် လူငယ်တွေနှင့် စာရေးသူတို့ ကြီးပြင်းလာရသော ပတ်ဝန်းကျင်ခြင်း မတူကြတော့ပေ။ မိဘချင်းလည်း မတူကြတော့ချေ။ သူတို့လေးတွေကို ဆုံးမရသည်မှာ ဖြည်းဖြည်းလုပ်၊ ဖြည်းဖြည်းစား၊ ဖြည်းဖြည်းလျှောက် ဆိုသည့် စကားဖြစ်သည်။ ထိုစကားကို မိုးလင်းမှာ မိုးချုပ် ပြောနေကြသည်။ သူတို့ကလည် မြန်လိုက်သည်မှာ ဖြည်းဖြည်းဆိုသည့် ဝေါဟာရသည် သူတို့ မလိုက်နာနိုင်သော ဝေါဟာရ ဖြစ်နေသည်။
          စာရေးသူတို့ ငယ်စဉ်က 'လမ်းလျှောက်လျှင် အသံမမြည်စေရ' ဟူသော အချက်ကို လူကြီးတွေက သူတို့ကို ရိုသေစေချင်တာကြောင့် ဒီလိုပြောတာလားဟု ထင်စရာဖြစ်နေသည်။ စာရေးသူတို့မှာ မောင်နှမ ရှစ်ယောက်ရှိရာ ထိုမောင်နှမ ရှစ်ယောက်၏ ခြေသံသည် မည်မျှ ဆူမည်ကို စဉ်းစားသည်နှင့် သိနိုင်ပါသည်။ သို့သော် အထက်ပါ ဆုံးမစကားကြောင့် ဖေဖေတို့ မေမေတို့ ရှိလျှင် ခြေသံမကြားအောင် ခြေဖျားထောက်၍  သွားသည်။ ဖြေးဖြေး လျှောက်သည်။ ကြမ်းကလည်း ပြောင်အောင်တိုက်ထားတော့ မြန်မြန်သွားလျှင် ချော်လဲတော့သည်။ ကိုယ်ကိုယ်တိုင် မိဘဖြစ်လာတော့ ကိုယ်ကလူကြီးဖြစ်ပြီပဲ ခြေသံမြည်အောင်လျှောက် လျှင် ကိစ္စမရှိတော့။ ဒါပေမယ့် ဘယ်လိုမှ မြည်အောင် လျှောက်၍ မရပေ။ တစ်ခါတစ်ခါလည်း ခြေသံမြည် အောင် လျှောက်ချင်သော်လည် မြည်အောင်လုပ်ရတာက တော်တော်ခက်မှန်း လုပ်ကြည့်မှသိလာသည်။
          ဒီလောက်တောင် စည်းကမ်းစနစ်နှင့် ယဉ်ကျေးစွာ နေလာကြသော ကျွန်မတို့၏ သားသမီး များသည် မည်မျှယဉ်ကျေးပြီး စည်းကမ်း ရှိကြမည်ကို စဉ်းစားကြည့်သင့်ပါသည်။
          ကိုယ်ကိုယ်တိုင်က စနစ်ကျနသော စည်ကမ်းဘောင် အတွင်းတွင် နေခဲ့ရသည်။ လူကြီးသူမကို  ရိုသေရသည်။ ယဉ်ကျေးစွာ ပြောဆို နေထိုင်ခဲ့ကြသည်။
          ဤကဲ့သို့ နေထိုင် ကျင့်ကြံ ခဲ့ကြသဖြင့် ယခုလို အသက်အရွယ် ရောက်လာသောအခါ ပညာရေးမှာ လည် သူများထက် အောက်မကျဘဲ တော်ခဲ့သည်။
          အလုပ်အကိုင်လည်း အစစ အဆင်ပြေသည်။ ပေါင်းသင်း ဆက်ဆံရေးများလည်း တန်းတူ ဆက်ဆံနိုင်သည်။
          ဤနည်းအတိုင်း ကိုယ့်ရင်သွေးများကို ထိန်းသိမ်းလိုက်ပါက ကိုယ်ထက်သာလွန်သော လူတော် လူကောင်းများ မရနိုင်ပါသလော။ သူတို့ခေတ်တွင် အတွေးခေါ် အတွေ့အကြုံက အမျိုးစုံ ပြောင်းလဲ တိုးတက်နေတာဆိုတော့ လျှမ်းလျှမ်းတောက် လူတော်လေးတွေ ဖြစ်နိုင်သည် မဟုတ်ပါလား။
          သူတို့ လေးတွေသည် ပညာရှာသည့် အပိုင်းတွင်လည်း စာရေးသူ တို့ခေတ်ထက် ပိုမိုလိုချင် တတ်ကျွမ်းချင်သဖြင့် ပို၍ကြိုးစားကြသည်။ ယှဉ်ပြိုင်မှုကလည်း ပေါများသည်။ သို့သော် စည်ကမ်းပိုင်းတွင်မှု စာရေးသူတို့ ငယ်စဉ်က လိုက်နာကြသော ဆုံးမစကားများကို လိုက်နာဖို့ ခဲယဉ်းကုန်ပါသည်။
          ဤသို့ဆိုလျှင် အထက်တွင် စာရေးသူတို့ အားမိဘတို့ ဆုံးမခဲ့သော စကားများသည် တိမ်မြုပ်သွာပြီ လားဟု ပြောစရာ ဖြစ်လာသည်။ ထိုအဖြေကို အောက်ပါ ဥပမာလေးနှင့် ယှဉ်ပြလျှင် နားလည်ကြမည်ဟု ထင်ပါသည်။
          လမ်းလျှောက်တာနှင့် ဥပမာပေးပါမည်။ သူတို့ကို ဖြည်းဖြည်းလျောက်ပါဟု ပြော၍မရပါဟု စောစောက ပြောခဲ့ပြီးပါပြီး။ သူတို့ကို အသံမမြည်အောင် လမ်းလျှောက်ပို့ ပြောလို့မရပါ။ သူတိုတွင် လုပ်ချင်တာတွေ အလွန်များပါသည်။ သူတို့အတွက် အချိန်သည် တန်ဖိုးမဖြတ်နိုင်သော ပစ္စည်းဖြစ်ပါသည်။ ထို့ကြောင့် မြန်မြန်လျှောက်ရပါမည်။ အသံမမြည်အောင် ဂရုစိုက်နေလျှင် အချိန်ကုန်သွားမှာ နှမြောစရာ ဖြစ်သည်။ ထို့ကြောင့် မြန်မြန်လမ်းလျှောက်ရင်း အသံမြည်သွားသည်။ လူကြီးတွေကို မရိုသေ၍ မဟုတ်ပါ။  
          "ထမင်းစားရင်း စကားမပြောရ" ဤဆုံးမ စကားလည်း မဖြစ်နိုင်ပါ။ သူတို့မှာ ငယ်စဉ်က ကျောင်းစာ နှင့် မအားသလို အလုပ်အကိုင်နှင့် ဖြစ်သွားသောအခါမှာလည်း အလုပ်ကိစ္စ ဗာဟီရနှင့် စကားပြောချိန်မရပါ။ ဒီတော့ မိဘနှင့် သားသမီး စကားပြောရမည့် အချိန်သည် ထမင်းစားချိန် ဖြစ်သည်။ ထမင်းစားချိန်တွင် စကားပြော ကြရသည်။ ထမင်းစားချိန်သည် အိမ်ထောင် တစ်ခု၏ လူစုံအစည်းအဝေး ကျင်းပရာ နေရာဖြစ်ခဲ့သည်။ ဆွေးနွေးတိုင်ပင်နှီးနှောရာ နေရာဖြစ်နေသည်။         
          "တံခါးဖွင့်ပြီး ပြန်ပိတ်ပါ" ဆိုသော ခေတ်မီစကားလေးပင်လျှင် သူတို့မလိုက်နိုင်ပါ။ သူတို့မှာ အလုပ် အလွန်များလွန်းသဖြင့် တံခါးဖွင့်ပြီး ပိတ်ဖို့မေ့တတ်ကြသည်။ ဒီတော့ ရှေးလူကြီးသူမ ဆိုဆုံးမမှုကို ခံယူလာသော စာရေးသူတို့ ဇနီးမောင်နှံက ထိုတာဝန်ကို မညည်းမညူ လုပ်ကြရသည်။
          ဒါတွေအားလုံးဟာ ခေတ်ကြောင့်ပေါ့ဟု ပြောကြပါသည်။ စာရှုသူ စာဖတ်ပရိသတ်ကရော ဒီလိုပဲ ထင်ကြပါသလား။

တက္ကသိုလ်ရွှေရီဝင်း

Comments