Wednesday, April 2, 2014

သခ်ာၤဆရာႀကီး ဆုံးမခံရခြင်း ဒေါက်တာခင်မောင်ဝင်း(သခ်ာၤ)



သခ်ာၤဆရာႀကီး ဆုံးမခံရခြင်း
ဒေါက်တာခင်မောင်ဝင်း(သချာင်္)
အတွေးအမြင်စာစဉ် ၆၈ ဇွန် ၁၉၉၁
          တစ်နေ့သောနံနက်ခင်းတွင် ဇနီးဖြစ်သူက ဈေးမှပြန်လာပြီး ကျွန်တော်အားမေးလိုက်သည်။ 'ရှင့် တပည့်တွေက ရှင့်ကို ကွယ်ရာမှာ ဘယ်လိုခေါ်သလဲသိလား'
          'အင်း… ဘယ်လိုခေါ်ပါလိမ့်။ သြော်…သိပြီ၊ သိုက်စိုးတဲ့လား။ ဒါမှမဟုတ်၊ နေအောင်တဲ့လား'
          'ရှင်ကလဲ စိတ်ကူးယဉ်လိုက်တာ၊ ရှင့်လိုအဖိုးကြီးကို နေအောင်လို့ ခေါ်ပါ့မလား'
          'အေးပါကွာ၊ ယောက်ျားတွေဆိုတာ၊ ဒီလိုပဲစိတ်ကူးယဉ်တာပေါ့ကွာ၊ ကိုင်း ပြောပါဦး၊ ငါ့ကို ငါ့တပည့်တွေက ဘယ်လိုခေါ်သလဲ'
          'ရှင့်ကို ဆရာကြီးလို့ခေါ်တယ်'
'ဆရာကြီး၊ ဟုတ်လား၊ မဖြစ်နိုင်တာကွာ၊ ငါဒီလောက်မကြီးသေးပါဘူး၊ ဆရာကြီးဆိုတာက ငါတို့က တို့ဆရာတွေဖြစ်တဲ့ ဦးဘတုတ်တို့၊ ဦးကိုကိုလေးတို့ကို ခေါ်တာ'
'ဒါတော့မသိဘူး၊ မနက်ကဈေးမှာတွေ့ခဲ့တဲ့ ဆရာမကမေးတယ်၊ ဆရာကြီးနေကောင်းလားတဲ့။ အစကတော့ ဘယ်သူ့မေးမှန်းမသိဘူး။ နောက်တော့ကျောင်းမှာ Analysis တို့ Topology တို့ သင်တဲ့ အကြောင်းတွေပြောတော့မှ ရှင့်ကို မေးမှန်းသိရတယ်'
'ဒီဆရာမတစ်ယောက်တည်းက ငါ့ကိုဆရာကြီးလို့ခေါ်တာ ဖြစ်မှာပါကွာ၊ တခြား ဆရာ ဆရာမ တွေက ခေါ်မယ်မထင်ပါဘူး'
'ဒါကတော့ ဒီတစ်ယောက်ကခေါ်ရင် အခြားခေါ်တဲ့လူတွေရှိနိုင်တာပေါ့'
ကျွန်တော်ဘာမျှပြန်မပြောတော့ပါ။ ကျွန်တော်တို့က ဆရာကြီးဟု အခေါ်ခံရသော ဦးဘတုတ်တို့၊ ဦးကိုကိုလေးတို့ကသာ သူတို့ကို ဆရာကြီးလို့ခေါ်တာသိရင် စိတ်ထဲဘယ်လိုခံစားရမလဲ၊ စဉ်းစားနေမိ သည်။
များမကြာမီတွင် ကျွန်တော့်ဇနီးက ပြောပြန်သည်။
'ဒီမှာ ဆရာကြီး၊ ရှင့်သမီး လစစ်စာမေးပွဲတွေမှာ သင်္ချာကျတာသုံးခါရှိပြီ သိရဲ့လား'
'အေး… သိသားပဲ။ ငါ ကိုယ်တိုင်ပဲ သူ့အဖြေလွှာတွေမှာ လက်မှတ်ထိုးရတာပဲ'
'အခု သူ့အတန်းပိုင် ဆရာမက မိဘတစ်ဦး သူနဲ့လာတွေ့ဖို့ မှာလိုက်တယ်'
ကျွန်တော်သည် သူဘာကိုဆိုလိုသည်ကို သဘောပေါက်လိုက်သည်။ ကျွန်တော်တို့တွင် သားတစ်ယောက်နှင့် သမီးတစ်ယောက် အမြွာမောင်နှမရှိသည်။ သားနှင့်ပတ်သက်၍ ပြောစရာ၊ ဆိုစရာ ရှိလျှင် သူ့အမေကတာဝန်ယူဖြေရှင်းပေးပြီး သမီးနှင့်ပတ်သက်လျှင် ကျွန်တော်က တာဝန်ယူရမည်ဟူ၍ သဘောတူထားကြသည်။
ထို့ကြောင့် ယခုကိစ္စမှာ သမီးနှင့်ပတ်သက်နေသဖြင့် ကျွန်တော်က လိုက်ရမည်ဟု ဆိုလိုခြင်းဖြစ် သည်။ သို့သော် ကျွန်တော်ကဲ့သို့သော ဆရာကြီးဟုအခေါ်ခံနေရသော သင်္ချာဆရာကြီးအနေဖြင့် သမီး၏ သင်္ချာဆရာမနှင့် မတွေ့လိုပါ။ ထိုအကြောင်းကို ရှင်းပြသော်လည်း ကျွန်တော့်ဇနီးက လက်မခံပါ။
ဤကိစ္စသည် သမီးကိစ္စဖြစ်သဖြင့် ကျွန်တော်သာသွားရန် တာဝန်ရှိသည်ဟု ဆက်လက်၍  ပြောပြ နေလေသည်။ နောက် သူက ဆက်၍ပြောလိုက်သေးသည်။
'ရှင်က ရှင့်ကိုယ်ရှင် သိပ်အထင်ကြီးတယ်မဟုတ်လား၊ သင်္ချာနဲ့ ပတ်သက်လာရင် ကိုယ့်ကိုယ်ကိုပဲ မှန်တယ်၊ အခြားလူဆိုရင် မှားရမယ်လို့ ထင်တယ်လေ၊ အခု ရှင့်သမီး သင်္ချာကျတော့ ဘာပြောချင်သေးသ လဲ။ သူ့ဆရာမက အမှတ်ပေးတာ မှားတယ် ပြောချင်သေးလား။ သမီးဆရာမကို ရှင်ရဲ့ သင်္ချာအယူဝါဒတွေ ဖြစ်တဲ့ Formalism တို့၊ ဘာတို့တွေပြောပြလိုက်ပါလား၊ ရှင့်ကို ပိုပြီး အထင်ကြီးမလား၊ အရှုးလို့ထင်မလား၊ ကြည့်ပေါ့'
နောက်နေ့တွင် ကျွန်တော်သည် သားနှင့်သမီးကိုလက်ဆွဲ၍ ကျောင်းသို့လိုက်သွားခဲ့ရသည်။ သမီး ၏ သင်္ချာဆရာမသည် ၀မ်းမြောက်ဝမ်းသာပင် ကြိုဆိုလက်ခံပါသည်။ ဆရာမက အောက်ပါအတိုင်း ရှင်းပြ ပါသည်။
'ဦးလေး သမီးက သင်္ချာဘာသာကို ကျတာ သုံးခါဆက်တိုက်ရှိသွားပြီ၊ သူ့အမှတ်က ဆိုးဆိုးဝါးဝါး တော့ မဟုတ်ပါဘူး။ ၃၃၊ ၃၅၊ ၃၆၊ ဆိုတော့ ၄၀ပြည့်ဖို့ နည်းနည်းပဲ လိုပါတယ်၊ ညံ့တယ်တော့ ပြောလို့ မရပါဘူး၊ ဟုတ်ပါတယ်၊ ဦးသမီးက မညံ့ပါဘူး၊ ဥာဏ်ကောင်းတယ်လို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် သူက သိပ်ရှန်းတာ၊ ဒီမှာကြည့်လေ။ နှစ်နဲ့ သုံးမြေ§ာက်တာ ငါးတဲ့လေ။ နောက်ပြီး ပုစ္ဆာအစမှာ ဒီလိုရှန်းထားတာ ဆိုတော့ ဘယ်လိုအမှတ်ပေးမလဲ။ နောက်ပြီးဒီမှာကြည့်ဦး။ ၅၅ ကို ၂၅ဆိုပြီး မှားကူးရေးထားတယ်။ အများ အားဖြင့် ကျောင်းသားတွေဟာ ပုစ္ဆာဖတ်ပြီး ဘာလုပ်ရမှန်းမသိကြဘူး၊ ဦးသမီးကျတော့ ဘာလုပ်ရမယ်ဆို တာ ကောင်းကောင်းသိတယ်။ ဒါပေမယ့် ဂဏန်းရှင်းတာတွေ မှားတော့ ဘယ်လိုအမှတ်ပေးမလဲ'
          ဆရာမလေးသည် သူ့ရှေ့တွင် ချထားသော စာရွက်များထဲမှ တစ်ခုခုကို ရှာနေပုံရသည်။ ကျွန်တော်သည် နိုင်ငံခြားဂျာနယ်တစ်ခုဖြစ်သော Journal of Mathematical Analysis and Applications ထဲမှ အဆိုတစ်ခုကို စဉ်းစာနေ၏။ ၄င်းအဆိုမှာ “Theory is the captain and computation the soldier သီအိုရီသည် ခေါင်းဆောင်ဖြစ်ပြီး တွက်ချက်ခြင်းသည် နောက်လိုက်သာဖြစ်သည်…“ဟူ၏။
          ကျွန်တော်၏အတွေးသည် ဆရာမလေး၏ 'ဟောဒီမှာတွေ့ပြီ' ဟူသော အသံကြောင့်ပျက်သွား သည်။
          'ဟောဒီမှာ ဦးရဲ့သမီး ထောင့်တွေဆွဲထားတာကြည့်ပါဦး။ ထောင့်မှန်၊ ၄၅° ၊ ၆၀° နဲ့ ၃၀° ထောင့်တွေကို ထောင့်တိုင်း ကိရိယာသုံးပြီး ဆွဲထားတယ်၊ ဒီထောင့်တွေကို ထောင့်တိုင်းကိရိယာမသုံးဘဲ ကွန်ပါနဲ့ပေတံသာသုံးပြီး ဆွဲတဲ့နည်းတွေရှိပါတယ်၊ ဦးလေးလဲ သင်ဖူးမှာပါပဲ။ ဒါတွေက သိပ်ထင်ရှားတာ တွေဆိုတော့ မမေ့လောက်သေးပါဘူထင်တယ်။ အိမ်မှာ နည်းနည်းပါးပါး ပြပေးလိုက်ရင် အခုလို မဟုတ်တာတွေလုပ်တာ သက်သာသွားမှာပေါ့။ အရေးကြီးတာက ထောင့်တိုင်း ကိရိယာမသုံးဘဲ ကွန်ပါနဲ့ ပေတံကို သုံးတတ်ဖို့ပါပဲ'
          ဤတွင် ကျွန်တော်သည် မနေနိုင်တော့ဘဲ မေးခွန်းတစ်ခုမေးလိုက်၏။
          'ဆရာမတို့မေးတဲ့ မေးခွန်းထဲမှာ ပေတံနဲ့ကွန်ပါကိုသုံးပြီး ဆွဲရမယ်လို့ပါသလား'
          'ဒီလိုတော့ ဘယ်ရေးထားမလဲ၊ ဒါက အလိုလိုသိရမှာပေါ့'
          'အလိုလိုသိရမှာ ဟုတ်လား၊ ဒါက intuitionist တွေ ပြောတဲ့စကား၊ ၀ါဒအနေနဲ့ intuitionism လို့ ခေါ်တယ်။ အဲဒီဝါဒက သင်္ချာစစ်စစ်သမားတွေ လက်ခံတဲ့ဝါဒမဟုတ်ဘူး။ သင်္ချာစစ်စစ်သမားတွေ လက်ခံတဲ့ ၀ါဒက Formalism လို့ခေါ်တယ်။ Formalism ၀ါဒမှာ အလိုလိုသိရမယ်ဆိုတာ မပါဘူး။ ဒါတွေကို မသိဘဲ သင်္ချာအကြောင်းကို မပြောနဲ့'
          ဤစကားများသည် ကျွန်တော်၏နှုတ်မှထွက်သော စကားများမဟုတ်ပါ။ ကျွန်တော့်စိတ်ထဲတွင် ပြောနေသောစကားများသာ ဖြစ်ပါသည်။ ကျွန်တော်သည် ဆရာမလေးအား ကျေးဇူးတင်စကားပြော၍ ပြန်လာခဲ့ပါသည်။
          ဆရာမမှာကြားလိုက်သည့်အတိုင်း အိမ်တွင် သင်ကြားပေးသည့် နောက်ပိုင်းတွင် ကျွန်တော့်သမီး သည် သင်္ချာမကျတော့ပါ။
          ယခုအခါတွင် ကျွန်တော့်သမီးသည် သင်္ချာဂုဏ်ထူးတန်းသို့ တက်ခွင့်ရသည့်အဆင့်သို့  ရောက်လာခဲ့ပါသည်။ ဤကဲ့သို့ ဂုဏ်ထူးတန်းကို တက်ခွင့်ရခြင်းမှာ ကျွန်တော်သင်ကြားပေးသော သင်္ချာ အတွေးအခေါ်များကြောင့်မဟုတ်ပါ။ ပြဌာန်းစာအုပ်ထဲရှိ ပုစ္ဆာနှင့် အဖြေအချို့တို့ကို အလွတ်ကျက်၍ စာမေးပွဲတွင် မေးသောပုစ္ဆာများ၏ အဖြေများကို ကျက်မှတ်ထားသည့်အတိုင်း အလွတ်ပြန်ရေးတတ်ခြင်း ကြောင့်ဖြစ်ပါသည်။




No comments:

Post a Comment