Saturday, April 12, 2014

နိုင်ငံရေးဝတ္ထု၏သဘောတရား ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)



နိုင်ငံရေးဝတ္ထု၏သဘောတရား
ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)

          စာပေနယ်ပယ်တွင် ၀တ္ထုများကို အမျိုးအစားခွဲခြား၍ လေ့လာခြင်းသည် လုပ်ရိုးလုပ်စဉ်တစ်ခု ကဲ့သို့ဖြစ်နေသည်။ ဥပမာ-အချစ်ဝတ္ထု၊ စုံထောက်ဝတ္ထု၊ ဘ၀သရုပ်ဖော်ဝတ္ထု၊ စွန့်စားခန်း၊ စိတ်ပိုင်းဆိုင်ရာ ၀တ္ထု - စသည်ဖြင့်ဖြစ်သည်။ အချို့သောစာပေပညာရှင်များ၊ စာပေဝေဖန်ရေးဆရာများက ဤကဲ့သို့ အမျိုးအစားခွဲခြားခြင်းကို အရေးပါလှသည်ဟုမယူဆပါ။ စာပေရှုထောင့်မှကြည့်လျှင်၊ ဤကဲ့သို့အမျိုးအစား ခွဲခြားထားခြင်းသည် အရေးပါသောခွဲခြမ်းစိတ်ဖြာမှုမဟုတ်ပါ။ ဤကဲ့သို့ အမျိုးအစားခွဲခြားထားခြင်းသည်  ၀တ္ထုတစ်ခုစီ၏ အဓိကအသားပေးသောအရာတစ်ခုကို ဖော်ပြခြင်းမျှသာဖြစ်သည်။ လွယ်ကူအောင်၊ ခေါ်လို့ လွယ်အောင်၊ အမည်တစ်ခုခုတပ်ပေးလိုက်ခြင်းမျှသာဖြစ်သည်ဟု စာပေဆရာ အာဘင်ဟိုး (Irving Hore) က ဟူ၏ ကျမ်းစာအုပ် Politics and the Novel (နိုင်ငံရေးနှင့်ဝတ္ထု) ထဲတွင် သူ၏အယူအဆကို ရေးသားထားသည်။
          ဤဆောင်းပါးတွင် အထူးအလေးပေးလိုသည်မှာ နိုင်ငံရေးဝတ္ထု (political novel) ဖြစ်သည်။ စာပေရှုထောင့်အရ ၀တ္ထုအမျိုးအစားများစွာထဲတွင် နိုင်ငံရေးဝတ္ထုသည် မည်သည့်ဝတ္ထုမျိုးကို ခေါ်သနည်း ဟူသည်နှင့်ပတ်သက်၍ စာရေးဆရာအာဘင်ဟိုးက ဤကဲ့သို့ဖွင့်ဆိုထားသည် - နိုင်ငံရေးဝတ္ထုဟူသည် မှာ ကျွန်တော်(အာဘင်ဟိုး) အနေနှင့် နိုင်ငံရေးဝတ္ထုဟု သတ်မှတ်လိုသောဝတ္ထူမျိုးကိုခေါ်သည်။
          ထိုအဓိပ္ပါယ်၏ သတ်မှတ်ချက်အရဆိုလျှင် မည်သူမဆို မည်သည့်ဝတ္ထုကိုမဆို နိုင်ငံရေးဝတ္ထုဟု သတ်မှတ်နိုင်ခွင့်ရှိသည်။ ၎င်းပြင် ဘယ်အကြောင်းကြောင့် ဘယ်ဝတ္ထုကိုနိုင်ငံရေးဝတ္ထုဟု သတ်မှတ်သည် ဟူသော အကြောင်းပြချက်ကို ပြောစရာမလိုပါ။
          ယင်းအဓိပ္ပါယ် သတ်မှတ်ချက်ကို လက်ခံမည်ဆိုလျှင် နိုင်ငံရေးဝတ္ထုဟူသည် အဘယ်နည်းဟူသည် ကို ဆွေးနွေး၊ အငြင်းပွားရန်မလိုအပ်ပါ။ ဤသို့ဆိုလျှင် ခေါင်းစဉ်တွင် ဖော်ပြထားသော နိုင်ငံရေးဝတ္ထု၏ သဘောတရားသည် ဘာတွေကို ဖော်ပြမည်နည်း? ဤဆောင်းပါး၏ ရည်ရွယ်ချက်မှာ နိုင်ငံရေးနှင့်စာပေတို့ ၏ဆက်သွယ်ချက်ကို ဖော်ပြရန်ဖြစ်သည်။ ဤဆောင်းပါးတွင် သုံးထားသော နိုင်ငံရေးဝတ္ထုဟူသော ဝေါဟာရ၏ အဓိပ္ပါယ်မှာ နိုင်ငံရေးနှင့်စာပေ ဆက်သွယ်ချက်ဟူသော အရာမှာလည်း အမျိုးမျိုးပြောင်းလဲ နေသကဲ့သို့ ဆက်သွယ်နေသော ပမာဏ အသားပေးမှုတို့မှာလည်း တစ်ခုနှင့်တစ်ခုမတူ ပြောင်းလဲနေ သည်။ ဤကဲ့သို့ သဘောတရားသက်သက်တို့ကိုသာ စဉ်းစားတွေးနေမည့်အစား တိကျသော ဥပမာများကို လေ့လာခြင်းက ပိုမိုထိရောက်ပါလိမ့်မည်။ ဤနေရာတွင် ဤစာရေးသူအနေဖြင့် ခေါင်းစဉ်ကို ပင် - ၀တ္ထုထဲမှ နိုင်ငံရေးသဘောတရားများ ဟူ၍ပင် ပြောင်းရမလားလို့ စဉ်းစားနေမိပါသည်။
ဆရာတက္ကသိုလ်ဘုန်းနိုင်၏ - သူ့ကျွန်မခံ၊ ညီမလေးရယ် စိုးရိမ်မိတယ်။ ဒေါ်ခင်မျိုးချစ်၏ အနော်ရ ထာ ၁၃ရတီစိန်ကြီး တို့ကို နိုင်ငံရေးဝတ္ထုဟု သတ်မှတ်၍ ရနိုင်မည်လော။ စောစောကပေးခဲ့သော အဓိပ္ပါယ် သတ်မှတ်ချက်အရ၊ မည်သူမဆို မည်သည့်ဝတ္ထုကို မဆိုနိုင်ငံရေးဝတ္ထုဟုသတ်မှတ်နိုင်သည် ဟူသည်ကို ခဏမေ့ထား၍ ထိုဝတ္ထုများထဲတွင် ပါဝင်သောနိုင်ငံရေးသဘောများကို လေ့လာကြည့်ပါမည်။
သူ့ကျွန်မခံဝတ္ထုသည် ခေါင်းစဉ်ကပင်နိုင်ငံရေးသဘောတရားကို ဖော်ပြထားသည်ကို တွေ့ရ သည်။ မည်သည့်နိုင်ငံရေးအတွေးအခေါ်ကို ဖော်ညွှန်းနေသည်မှာ လည်းရှင်းလင်းနေပါသည်။ ထိုဝတ္ထုမှာ မြန်မာနိုင်ငံတွင် အားလုံးသိထားပြီဖြစ်၍ အထူးပြောစရာမလိုပါ။ ညီမလေးရယ် စိုးရိမ်မိတယ် ၀တ္ထုသည် ခေါင်းစဉ်ကိုကြည့်လိုက်လျှင် နိုင်ငံရေးဝတ္ထုဟု မထင်ရပါ။ သာမန်အချင်ဝတ္ထုဟုသာ ထင်ရပါသည်။ သို့သော်  ထိုဝတ္ထုထဲတွင် 1950နှစ်များက တက္ကသိုလ်ရှိကျောင်းသားသမဂ္ဂများ၊ ပါလီမန်ဒီမိုကရေစီ အကြောင်းတို့များစွာ ပါဝင်သည်ကို တွေ့ရသည်။
အနော်ရထာဝတ္ထုသည် ခေါင်းစဉ်ကို ဖတ်လိုက်လျှင် သမိုင်းနောက်ခံဝတ္ထုဖြစ်လိမ့်မည်ဟု မှန်းနိုင်ပါ သည်။ သို့သော် ထိုဝတ္ထုနှင့်ပတ်သက်၍ သမိုင်းပါရဂူကြိးဒေါက်တာ သန်းထွန်းက သမိုင်းကို ဖော်ထုတ်ရာမှာ တော်တော်ညံ့သည်ဟူ၍ သူ၏ ကိုယ်ရေးအထုပတ္တိ ငါပြောသမျှငါ့အကြောင်း ထဲတွင် ထည့်သွင်းရေးသားသည်ကို ဖတ်ရပါသည်။ ဆရာကြီး မှတ်ချက်ချသည့်အတိုင်းမှန်ကန်ကြောင်းကို ဆရာမကြီးဒေါ်ခင်မျိုးချစ်ကိုယ်တိုင်လည်း ၀န်ခံပါသည်။ သမိုင်း ၀တ္ထုအကြောင်းကို ပြောရင်း၊ ပေါ်ပေါက်လာသောကိစ္စမှာ - သမိုင်းဝတ္ထုများသည် နိုင်ငံရေးဝတ္ထုအမျိုးအစား ထဲ၌ ပါဝင်သလား။ ဟူသော မေးခွန်းဖြစ်သည်။ ဤကိစ္စသည် ယေဘုယျကျလွန်း၍ သီးခြားစဉ်းစားရပါလိမ့် မည်။
အနော်ရထာဝတ္ထုတွင် နိုင်ငံရေးသဘောတရားများပါဝင်သည်ကို တွေ့ရသည်။ ဥပမာ - ကျန်စစ် သားက အနော်ရထာမင်းကြီးကို ပြောသောစကားများကို လေ့လာကြည့်ပါ။ ဤစကားများတွင် - "အရှင်မင်း ကြီး၊ ကျွန်တော်တို့ဟာအလွှာအသီးသီးက လူတွေရဲ့ ယုံကြည်မှုကို ရရှိဖို့လိုပါတယ်။ ကျွန်တော်မျိုးကို ကြည့်ပါ။ ကျွန်တော်မျိုးရဲ့အမိန့်ကို အကြွင်းမဲ့နာခံမည့်တပည့်တွေကို ထားခဲ့ပြီး အရှင်မင်းကြီးနောက်ကို တစ်ဦးတည် လိုက်လာခဲ့တယ်။ “ဟုတ်လား" ဒါဟာ အရှင်မင်းကြီးအပေါ်ကို ယုံကြည်မှုရှိတာကို ပြသတာ ပဲမဟုတ်ပါလား။ “လူတွေရဲ့ ယုံကြည်မှုကို ရရှိဖို့ သူတို့ရဲ့ဘ၀တွေ အတွေးအခေါ်တွေ မျှော်လင့်ချက်တွေ၊ စိုးရိမ်မှုတွေကို နားလည်အောင် လုပ်ရမယ်။ တကယ်အရည်အချင်းရှိတဲ့လူတွေကို နိုင်ငံအကျိုးအတွက် အသုံးပြုတတ်ရမယ်။" ဟူ၍ရေးသားဖော်ပြထားသည်။ ဤသည်ကား အနော်ရထာဝတ္ထုထဲရှိ နိုင်ငံရေး သဘောတစ်ခုတည်းကို နမူနာထုတ်ယူ၍ ပြသခြင်းဖြစ်ပါသည်။
၁၃ရတီစိန်ကြီးဝတ္ထုကို ခေါင်းစဉ်ဖတ်လိုက်ရုံဖြင့် နိုင်ငံရေးဝတ္ထုဟု မည်သူကမှ ယူဆမည်မဟုတ်ပါ။ ၀တ္ထုကို အစအဆုံးဖတ်လျှင်လည်း၊ နိုင်ငံရေးဝတ္ထုအမျိုးအစားထဲတွင် ထည့်မည်မဟုတ်ပါ။ ထိုဝတ္ထုနှင့် နိုင်ငံ ရေးဆက်စပ်ပုံမှာ နောက်ခံအနေဖြင့် ယူထားသောခေတ်သည် မြန်မာနိုင်ငံ ဂျပန်ခေတ်ကာလဖြစ်ခြင်းနှင့် တကယ့် အဖြစ်အပျက်ဖြစ်ခြင်းဖြစ်သည်။ ဇာတ်လမ်းမှာ ဂျပန်ခေတ်တွင် ပွဲစားများကောင်းစားသည့်အချိန် က ၁၃ရတီစိန်ကြီးကို ၀ယ်လိုက်လိုသူဘက်က ပွဲစားများနှင့် ရောင်းလိုသူဘက်ကပွဲစားများတွေ့ဆုံကြပြီး၊ ၁၃ရတီစိန်ကြီးကို ရှာကြရာတွင် နောက်ဆုံးတွင် ထိုစိန်ကြီးမှာလည်း ဘယ်နေမှန်းမသိ ရောင်းလိုသူနှင့် ၀ယ်လိုသူတို့သည်လည်း ဘယ်သူမှန်းမသိဘဲပြီးဆုံးသွားသည်။ ဒါနိုင်ငံရေးဝတ္ထုမှမဟုတ်ဘဲ - ဟု စာဖတ်သူကတွေးမည်ဆိုလျှင် မှန်ပါသည်။
ထိုနည်းတူစွာ သမိုင်းနောက်ခံဝတ္ထုများဖြစ်ကြသော လီယိုတော်စတွိုင် (Leo Tolstoy) ၏ Wat and Peace (အချစ်နှင့်ငြိမ်းချမ်းရေး) နှင့် မာဂရက်မစ်ခြယ် (Margaret Mitchell) ၏ Gone With the Wind (လေရှုးသုန်သုန်) ၀တ္ထုများကိုလည်း နိုင်ငံရေးရှုထောင့်မှကြည့်နိုင်ပါသည်။
ယခုဆောင်းပါးသည် အာဘင်ဟိုး၏ Politics and the Novelမှ ကော်နုတ်၍ ဘာသာပြန်ခြင်းဖြစ် ပါသည်။ သို့သော်လည်း ဥပမာ များကို ပေးရာတွင် မြန်မာလူမျိုးများနှင့်ပို၍ ရင်းနှီးမည့် ဥပမာများကို ထည့် သွင်းပေးထားပါသည်။

ကျမ်းကိုး

Irving Howe : Politics and the Novel …
The Idea of the Political Novel …
ဒေါက်တာသန်းထွန်း - ငါပြောသမျှ ငါ့အကြောင်း



No comments:

Post a Comment