သင်္ချာဆရာကြီးလွဲမှားခဲ့သော တွက်ကိန်းများ
ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)
အတွေးအမြင် ၁၀၅ ဇန်န၀ါရီ ၁၉၉၇။
တစ်နေ့တွင် ကျွန်တော်၏လုပ်ဖော်ကိုင်ဖက် ဆရာမတစ်ယောက်က
ကျွန်တော့်အား အကူအညီ လာတောင်းသည်။ ဆရာမက
-
ဆရာ၊
ကျွန်မသားလေးက စာပေးစာယူ(ယခုအဝေးသင်တက္ကသိုလ်)သင်တန်းမှာ သင်္ချာအဓိက နောက်ဆုံးနှစ်ရောက်နေပြီ၊
အခုအခါ စာမေးပွဲက နှစ်လလောက်ပဲလိုတော့တယ်ဆိုတော့ ဆရာ့ ဆီကို ခေါ်ခဲ့ချင်တယ်၊ သူလိုတာလေး
နည်းနည်းပါးပါး လမ်းညွှန်ပေးနိုင်မလားလို့။
ကျွန်တော်သူ့သားအား
နောက်နေ့ခေါ်လာရန် ပြောလိုက်သည့်အလျောက် နောက်နေ့တွင် သူ့သားနှင့် တွေ့ရသည်။ ကျွန်တော်ကစမေးလိုက်သည်
-
-
မင်းမလိုက်နိုင်တာ
ဘယ်ဘာသာမှာလဲ Paper 1 လား 2လား၊ 3လား…
-
အမှန်ပြောရရင်တော့
ဘယ်ဟာမှ မလိုက်နိုင်ဘူးဆရာ၊ တတ်လဲ မတတ်ဘူး။
-
ဒီလိုဆိုရင်
အဲဒီထဲက မလိုက်နိုင်ဆုံးကိုပြောကွာ။
-
ကျွန်တော်မလိုက်နိုင်ဆုံးကတော့
Partial Differential Equations ပဲဆရာ၊ အဲဒါနဲ့ ပတ်သက် လို့ ဆရာခွင့်ပြုမယ်ဆိုရင် မေးဖို့
စာအုပ်လဲပါလာပါတယ်။
-
အေး၊
ကောင်းပြီ။ မင်းနားမလည်တဲ့နေရာမေးလေ ဟု ပြောလိုက်သောအခါ ကျောင်းသားက စာအုပ်၏ အခန်း(၁)၊
စာမျက်နှာ(၁)ကို စလှန်လိုက်သည်။
-
ကျွန်တော့်ကို
ဒီပုစ္ဆာလေး ရှင်းပြပါဆရာ။
ကျွန်တော်က
သူပြသော ပုစ္ဆာကို ဖတ်ကြည့်ပြီး အောက်ပါအတိုင်း ရှင်းပြသည်။
-
ဒီပုစ္ဆာမှာ
ပေးထားတာက Partial Differential Equation တစ်ခု ပေးထားတယ်။ အဲဒီ ညီမျှခြင်းကို ရှင်းဖို့အတွက်
ဟောဒီပုံသေနည်းသုံးလိုက်တော့ တွေ့လား၊ ပုံစံပြောင်းသွားတယ်။
-
အဲဒီပုံစံပြောင်းသွားတာကို
ကျွန်တော်နားမလည်တာဆရာ။
-
ဒါကတော့
မနှစ်က တတိယနှစ်တုန်းက Partial Derivatiuer ဆိုတဲ့ ဘာသာမှာ သင်တဲ့ ပုံသေနည်းလေကွာ။
မင်းမမှတ်မိဘူးလား။
-
ကျွန်တော်မနှစ်တုန်းက
ဒီပုံသေနည်းလွှတ်ခဲ့တာ။ စာမေးပွဲအတွက် အရေးမကြီးဘူးဆိုလို့။
-
အေး-ဟုတ်တယ်၊
ဒီပုံသေနည်းဟာ စာမေးပွဲမှာတော့ မမေးဘူး။ ဒါပေမယ့် နောက်အတန်း တက်သွားတဲ့အခါမှာ သုံးတဲ့ပုံသေနည်းဆိုတော့
အရင်က စာမေးပွဲအောင်ခဲ့ပေမယ့် အခုလို အတန်းကြီးလာတော့ ဒုက္ခရောက်တာပေါ့။
ဤသို့ဆိုပြီး
ကျွန်တော်သည် သူမနှစ်က မတတ်ခဲ့သော ပုံသေနည်းကို ပြန်ရှင်းပြလိုက်သည်။ သူ နားလည်သွားသောအခါ
ဆက်၍ -
-
ဟောဒီမှာ
တွေ့လား၊ ဒီပုံသေနည်းသုံးပြီး တွက်လိုက်တော့ ပေးထားတဲ့ Partial Differential
Equation က ပုံစံပြောင်းသွားတယ်၊ Ordinary Differential Equationပုံစံမျိုးဖြစ်သွားတယ်၊
အဲဒီ Ordinary Differential Equation ကို ရှင်းလိုက်ရင် ဟောဒီ အဖြေရတယ်။
-
Ordinary
Differential Equation ကို ကျွန်တော် မရှင်းတတ်ဘူး ဆရာ။ကျွန်တော် မနှစ်တုန်းက အဲဒီဘာသာကို
လုံးဝမတတ်ဘူးဆရာ။
-
ဒီလိုဆို
မင်းဘယ်လိုလုပ်အောင်လာသလဲ။
-
ကျွန်တော်
အချို့ပုစ္ဆာတွေကို နားမလည်ဘဲ အလွတ်ကျက်တာ၊ ကျွန်တော်ကျက်တဲ့ပုစ္ဆာတွေနဲ့ စာမေးပွဲမှာ
မေးတာတွေတိုက်ရိုက်တိုးတော့ ရေးချလိုက်တာပေါ့။
-
ကိုင်း၊
မင်းအဖြစ်က တော်တော်ရင်လေးစရာဖြစ်နေပြီ၊ ဒီလိုလုပ်ကွာ၊ မနက်ဖြန်ကစပြီး ငါ့ဆီကို နေ့တိုင်းလာခဲ့။
မင်းမနှစ်က သင်ခဲ့ရတဲ့ တတိယနှစ် ပို့ချချက်စာအုပ်တွေရော၊ ဒီနှစ် စတုတ္ထနှစ်စာအုပ်တွေပါယူခဲ့။
ငါက တတိယနှစ်က လိုအပ်တာလေးတွေကို တစ်ရက်သင်မယ်၊ နောက်တစ်နေ့မှာ ဒီနှစ်စာကို သင်မယ်၊
နေ့တိုင်းမှန်မှန်လာနော၊ ဒီလိုမှမလုပ်ရင် မင်းဘယ်လို မှ မအောင်နိုင်ဘူး။
-
ဟုတ်ကဲ့ဆရာ။
သို့သော်
ထိုကျောင်းသားသည် နောက်နေ့လည်းပေါ်မလာ၊ နောက်ရက်များလည်း ပေါ်မလာချေ။ ကျွန်တော်သည် သူ့အမေအား
မေးကြည့်သော သူ့အမေက ဤသို့ရှင်းပြသည်။
-
ကျွန်မသားကပြောတယ်၊
ဆရာနဲ့သင်ရင်တော့ သူတတ်တော့တတ်မှာပဲ၊ ဒါပေမယ့် သူက ဆရာသင်သလောက် တတ်အောင်လုပ်ဖို့ အချိန်မပေးနိုင်ဘူးတဲ့၊
သူက စာမေးပွဲပြီးပြီးချင် သင်္ဘောနောက်တစ်ခေါက်တက်ဖို့ ကိစ္စတွေလုပ်ရမှာတဲ့၊ သူကမြန်မြန်
ဖြတ်လမ်းကအောင် အောင်လုပ်ပေးမယ့် ဆရာတစ်ယောက်ဆီ သွားလေရဲ့ဆရာရယ်။
ကျွန်တော်သည်
ဘာမှပြန်မပြောသော်လည်း စိတ်ထဲတွင် ဤကျောင်းသားသည် ဘယ်နည်းနှင့်မှ ဤစာမေးပွဲကို အောင်နိုင်မည်မဟုတ်ဟု
မှတ်ချက်ချလိုက်သည်။ ဤသည်ကား ကျွန်တော်၏ မှားယွင်းသော တွက်ကိန်းတစ်ခုဖြစ်သည်။
စာမေးပွဲပြီး၍
အောင်စာရင်းများထွက်လာသောအခါ ထိုကျောင်းသားသည် အောင်မြင်သော ကျောင်းသားစာရင်းထဲတွင်
ပါလာသည်ကို တွေ့ရသည်။
ကျွန်တော်သည်
ထိုကိစ္စနှင့်ပတ်သက်၍ လုပ်ဖော်ကိုင်ဖက်ဆရာတစ်ဦးအား စကားစပ်မိ၍ ပြောပြ သောအခါ ထိုဆရာက
ဤသို့ရှင်းပြသည်။
-
ဒါကဒီလိုရှိတယ်၊
အခုလုပ်နေတဲ့နည်းက စာမေးပွဲမှာ ပါနိုင်တဲ့ပုစ္ဆာဆယ်ပုဒ်လောက်ရွေးပြီး အမှတ်ပေးစည်းမျဉ်းနဲ့ကိုက်မည့်
အဆင့်တွေရေးပြပြီး အလွတ်ကျက်ခိုင်းတာ၊ ဒါတောင် ကျောင်းသားတွေက အကုန်ကျက်ချင်တာမဟုတ်ဘူး၊
တစ်ဝက်လောက်ပဲကျက်တာ၊ အားလုံး သာကျက်ရင် ဂုဏ်ထူးတောင်ထွက်သေးတယ်၊ ဆရာပြောတဲ့ကျောင်းသားက
ငါးပုဒ်လောက်ပဲ ကျက်လို့ အောင်မှတ်ပဲရတာဖြစ်မှာ။
-
တယ်ဟုတ်ပါလား၊
ကျွန်တော်ဖြင့်ဗျာ၊ ကျွန်တော့်သမီးကို တစ်နှစ်လုံးအားလုံးတတ်အောင် သင်လိုက်ရတာဗျာ၊
ဒါတောင် စာမေးပွဲဖြေတော့ အောင်မှတ်ထက် ပိုမရဘူး၊ သူ့ သူငယ်ချင်း တွေကမှ ဂုဏ်ထူးတွေ
ဘာတွေရသေးတယ်၊ စဉ်းစားလို့မရဘူး။
-
ဒါနဲ့ပတ်သက်လို့
ကျွန်တော်ဆရာ့ကို သတိပေးချင်တယ်၊ အခုဆရာ့သမီးက ဒုတိယနှစ်ကို ရောက်ပြီလို့ကြားတယ်၊ ဒီနှစ်က
ဂုဏ်ထူးတန်းဝင်ခွင့်ရဖို့ အရေးကြီးတယ်။
-
ဟုတ်တယ်၊
ဒါကြောင့် သူ့ကို မနှစ်ကထက်လဲ ပိုပြီးကြိုးစားခိုင်း၊ ကျွန်တော်ကိုယ်တိုင်လဲပိုပြီး
သင်ပေးနေရတာ။
-
အဲဒါကို
အခုဆရာ့ကို သတိပေးချင်တာပေါ့၊ ဆရာ့ကို ပြန်ပြီ ဆရာလုပ်တယ်လို့တော့ မထင်ပါနဲ့၊ ဒါပေမယ့်ဆရာ့ကို
ကျွန်တော်ပွင့်ပွင့်လင်းလင်းပဲပြောမယ်၊ ဆရာသင်တဲ့ နည်းစနစ် တွေ၊ အတွေးအခေါ်တွေဟာ အခုခေတ်နဲ့
အံ့မ၀င်တော့ဘူး၊ ခေတ်နောက်ကျနေပြီ၊ ခေတ်မမီတော့ဘူးလို့ပဲ ပြောချင်တယ်၊ ဆရာ့ရဲ့နည်းစနစ်တွေဟာ
လူပင်ပန်း၊ စိတ်ပင်ပန်း ဖြစ်ပြီး ဘာမှအရာမရောက်တော့ဘူး။
-
ခင်ဗျားကလဲဗျာ၊
ဟုတ်ပါ့မလား၊ ခင်ဗျားဆိုလိုတာက ကျွန်တော့်နည်းစနစ်တွေ ပြောင်းပစ်ရ မယ်၊ ဟိုဆရာတွေသင်တဲ့နည်းတွေကို
ကျွန်တော်က ကျွန်တော့်သမီးအတွက် သုံးရမယ် ဟုတ်လား။
-
ဟုတ်တယ်ဆရာ၊
ဆရာသင်တဲ့နည်းတွေဟာ တကယ်တွေးခေါ်တတ်တယ်၊ အမှား အမှန်ကို ဝေဖန်တတ်တယ်ဆိုတာ ကျွန်တော်လက်ခံပါတယ်။
ဒါပေမယ့်…ဒါပေမယ်…ဆရာရယ်၊ စာမေးပွဲမှာ ဂုဏ်ထူးထွက်စေချင်ရင် ဆရာ့နည်းစနစ်တွေကို သုံးလို့မရဘူး။
ဒါဟာ ဆရာ့ကို ခင်မင်လေးစားလို့ ဆရာ့ အငြိုငြင်ခံပြီး ပွင့်ပွင့်လင်းလင်းပြောတာပါ။
-
အင်း၊
ခင်ဗျားရဲ့စေတနာကို ကျွန်တော်နားလည်သဘောပေါက်ပါတယ်၊ ဒါပေမယ့် မစို့မပို့ ဟိုနည်းနည်း
ဒီနည်းနည်းလောက်ပဲ တတ်အောင်သင်ရင်တော့ ခင်ဗျားပြောသလို ဖြစ်ချင်ဖြစ် မှာပေါ့၊ ကျွန်တော်က
အားလုံးကို တကယ်တတ်အောင်သင်မှာ။ တကယ်တတ်ရင် ဘာမေးမေး ဖြေတတ်မှာပေါ့။ ဘာပဲမေးမေးဖြေတတ်ရင်
လိုချင်တဲ့အမှတ်ရမှာပေါ့။ တကယ်တတ်အောင် သင်တဲ့ မူဝါဒကိုတော့ ကျွန်တော်ဘယ်တော့မှ မလျှော့နိုင်ဘူး။
ရေရှည်မှာတော့ ဒါဟာ အမှန် ကန်ဆုံးပဲဖြစ်ရမယ်လို့ ယုံကြည်တယ်။
သို့သော်
နောင်အနာဂတ်ကို ကြို၍မမြင်သောကျွန်တော်သည် တစ်ချိန်တွင် ကျွန်တော်သည် ကျွန်တော်၏ယုံကြည်ချက်နှင့်
ဆန့်ကျင်သောနည်းလမ်းများကို မသုံးမဖြစ်သုံးရမည့် အခြေအနေမျိုး ဖြစ်လာမည်ကို ကြို၍မတွက်ဆနိုင်ခဲ့ချေ။
ကျွန်တော့်သမီးသည်
ဒုတိယနှစ်သင်တန်းများတက်၍ တစ်လလောက်အကြာတွင် ကျွန်တော့်အား ပြောသည်။
-
ဖေဖေ
ရှေ့အပတ်မှာ Tutorial တွေ စတော့မယ်၊ ဘာတွေကြည့်ထားရမလဲ။
-
အေး၊
ကောင်းပြီ။ သမီး စာအုပ်တွေယူခဲ့၊ ကြည့်ရအောင်။
ကျွန်တော်သည် မှတ်စုစာအုပ်ထဲမှ ပုစ္ဆာများကို
ဖတ်ကြည့်ရင်း ရှင်းပြသည်။
-
အင်း
ဒီပုစ္ဆာက ဂဏန်းရှင်းတာတွေများပြီး သဘောတရားသိပ်မပါဘူးကွ၊ ဒါမျိုးပုစ္ဆာတွေဟာ သင်တောင်
မသင်သင့်ဘူး။ အလကား အချိန်ကုန်တာပဲ။ ဟောဒီမှာ နောက်တစ်ပုဒ်လာပြန်ပြီ။ ဒါကျတော့ကံစမ်းတဲ့
ပုစ္ဆာသက်သက်ပဲ၊ ဟောဒီအချက်ကလေးကို သိရင်ရမယ်၊ မသိရင်မရဘူး၊ ဒါပေမယ့် အတွေးအခေါ်သဘောတရားဘက်ကကြည့်ရင်တော့
အလကားပုစ္ဆာပဲ၊ ဒါမျိုးပုစ္ဆာ တွေဟာ အတွေးအခေါ်ကို တိမ်းစောင်းစေတယ်၊ ဖေဖေသာဆိုဒီလိုပုစ္ဆာတွေဖယ်ပစ်တယ်၊
သင်ဖို့ကိုမကောင်းဘူး၊ တကယ်ကောင်းတဲ့ ပုစ္ဆာက ဟောဒီမှာ တွေ့လား၊ အပေါ်ယံ ကြည့်လိုက်ရင်တော့
လွယ်လွယ်လေးပဲ၊ ဒါပေမယ့် အခြေခံပုံသေနည်းတွေကို သုံးတွက်ထား ဆိုတော့ အခြေခံကို တကယ်သိမှ
တွက်လို့ရတယ်၊ အဲဒီပုစ္ဆာမျိုးတွေကို သေချာရွေးကြည့်၊ လေ့ကျင့်ပေး၊ ဒါမှ သင်္ချာအတွေးအခေါ်ကို
တကယ်ရမှာ။
ဤသို့သောနည်းဖြင့်
အရေးကြီးသည့်ပုစ္ဆာနှင့် အရေးမကြီးသည့် ပုစ္ဆာတို့ကို ခွဲခြားတတ်အောင် သင်ပြပေးလေသည်။
နောက်အပတ်တွင်
သမီး Tutorial ဖြေပြီး ပြန်လာမည့်အချိန်ကိုစောင့်နေသည်။ ပြန်လာသည့်အခါ လှမ်းမေးလိုက်သည်။
-
ဘယ်နှယ့်လဲသမီး
ဖြေနိုင်လား။
-
ဟုတ်ကဲ့၊
ဖြေတော့ ဖြေနိုင်ပါတယ်၊ ဒါပေမယ့်…
-
ဟဲ့-ဖြေနိုင်တယ်ဆို
ကောင်းတာပေါ့ သမီး၊ ဒါပေမယ့် ဘာဖြစ်သလဲ၊ ကြည့်ရတာ ဒီကောင်မ လေး ရှန်းလာပြီထင်တယ်၊ အဲဒါခက်တာပေါ့၊
သမီးက သိပ်ရှန်းတတ်တာကိုး၊ သဘောတရား ကို ဘယ်လောက်ပဲနားလည်ထားပေမယ့် ရှန်းရင် သိပ်နှမြောဖို့ကောင်းတယ်
သမီးရဲ့၊ ဒါကြောင့် ဖေဖေခဏခဏပြောတာ…
-
မဟုတ်ဘူး
ဖေဖေ၊ သမီးမရှန်းပါဘူး၊ အားလုံးဖြေနိုင်ပါတယ်။
-
ဒါဆို
ဘာလိုသေးလဲသမီး…
-
အဲဒါပြောမလို့ပေါ့၊
ဖေဖေက သမီးပြောတာ နားမထောင်ဘူး၊ ထင်တာတွေ လျှောက်ပြောနေ တာ။
-
ကိုင်း
ကိုင်း၊ ပြောပါဦး၊ ဘာဖြစ်သလဲ။
-
ဘာဖြစ်ရမှာလဲ၊
ဖေဖေက အရေးကြီးတယ်လို့ ပြောတဲ့ပုစ္ဆာမျိုးတွေ တစ်ပုဒ်မှမပါဘူး၊ ဖေဖေက အလကားပုစ္ဆာတွေ
သင်တောင်မသင်သင့်ဘူးဆိုတဲ့ ပုစ္ဆာမျိုးတွေချည်းမေးတာ။
-
ဒါတောင်
သမီးကဖြေနိုင်သလား။
-
ဖြေနိုင်တာပေါ့၊
ဖေဖေက အရေးကြီးတယ်ဆိုတာတွေရော၊ အရေးမကြီးဘူး အလကားပုစ္ဆာ တွေဆိုတာတွေရော သမီးကအားလုံးကြည့်ထားတာ၊
တကယ်တော့ ဖေဖေကအရေးကြီးတယ် ဆိုတဲ့ ပုစ္ဆာမျိုးတွေဟာ သမီးကြည့်စရာတောင်မလိုပါဘူး၊ ကိုယ့်ဟာကိုယ်စဉ်းစားတွက်ရင်
ရတယ်၊ ဖေဖေက ဖယ်ခိုင်းတဲပုစ္ဆာတွေပဲ အလွတ်ကျက်ထားရတာ။
-
သြော်
ဒီလိုလား။
ဤသို့နှင့်
အချိန်များကုန်လာခဲ့ရာ စာမေးပွဲစစ်ခါနီး နှစ်ပတ်လောက်သာလိုတော့သည့်အချိန်တွင် ကျွန်တော်သမီးက
မေးသည်။
-
ဖေဖေ
အခုစာမေးပွဲစစ်တော့မယ်၊ သမီးဘယ်လိုလုပ်ရမလဲ၊ အခုအထိ ဖေဖေပြောတာတွေက တစ်ခုမှဟုတ်တာမရှိဘူး၊
ဖေဖေက အလကားပုစ္ဆာတွေလို့ ပြောတာတွေဆိုရင် Tutorial မှာ အမြဲတမ်းမေးတယ်၊ ဖေဖေက ဒါတွေသေချာမှတ်ထား
အရေးကြီးတယ်လို့ ပြောတာတွေ ဆိုရင် ကျောင်းမှာ သင်တောင်မသင်ဘူး၊ အခု စာမေးပွဲနီးပြီး
ဘယ်လိုလုပ်ရမလဲ။
ကျွန်တော်စဉ်းစားသည်။
သူ့ကျောင်းနေ၊ သူ့စာအံဆိုသလို အခုတော့ သမီးစာမေးပွဲမှာ ဂုဏ်ထူး ၀င်ချင်လျှင်တော့ တတ်ဖို့ထက်၊
စာမေးပွဲဖြေနိုင်အောင် လုပ်ရတော့မည်ကို သဘောပေါက်မိသည်။ ထို့ကြောင့် ကျွန်တော်မလုပ်ချင်ဆုံးသောအလုပ်ကို
ကျွန်တော်လုပ်ရတော့သည်။ သမီးအားစာမေးပွဲတွင် ပါနိုင်သည့် ပုစ္ဆာနှင့်အဖြေများကို ရွေး၍
အလွတ်ကျက်ခိုင်းရတော့သည်။ သင်္ချာဆရာကြီးလုပ်သမျှ အလုပ် များထဲတွင် ဒီတစ်ခုသာမှန်သေးသည်ဟု
ဆိုရမည်။ သူနားမလည်ဘဲ ကျက်မှတ်ထားသော ပုစ္ဆာ၏ အဖြေ များကို အလွတ်ရေးနိုင်သောကြောင့်
စာမေးပွဲတွင် ဂုဏ်ထူးတန်းသို့တက်ခွင့်ရသော အဆင့်ဖြင့် အောင်မြင် သွားသည်။
သို့သော်
ကျွန်တော်က သမီးအား အောက်ပါအတိုင်းဆုံးမသည်။
-
သမီး၊
အခုဂုဏ်ထူးတန်း ၀င်တာဟာ ဖေဖေသင်ကြားပေးတဲ့ အင်္ချာအတွေးအခေါ်တွေကြောင့် မဟုတ်ဘဲ၊ စာမေးပွဲပါနိုင်တာတွေကို
အလွတ်ကျက်ပြီး ပြန်ရေးခိုင်းလို့နော်၊ ဒါပေမယ့် ဂုဏ်ထူး တန်းကို တက်ရင်တော့ ဒီလိုမလုပ်နဲ့တော့နော်၊
ဂုဏ်ထူးတန်းမှာ သင်တဲ့ဆရာ၊ ဆရာမတွေက တကယ်တတ်ကျွမ်းတဲ့ဆရာ၊ ဆရာမကြီးတွေဆိုတော့ သမီးတကယ်တတ်မှရမှာ။
အဲဒီအခါမှာ တော့ ဖေဖေသင်ပေးတဲ့ သင်္ချာအတွေးအခေါ်တွေဟာ တကယ်အသုံးကျမှာ။
သို့သော်လည်း
ဤသည်လည်း ကျွန်တော်၏ လွဲမှားသော တွက်ကိန်းတစ်ခုဖြစ်သည်ကို ကျွန်တော် ကြိုတင်၍ မသိခဲ့ပေ။
အကြောင်းစုံကို နောင်တွင် ဆက်လက်ရေးသားဖော်ပြပါမည်။
ဒေါက်တာခင်မောင်ဝင်း(သခ်ာၤ)
Comments
Post a Comment