မြန်မာနိုင်ငံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာညီလာခံ အတွေ့အကြုံများ - ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)


မြန်မာနိုင်ငံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး
နိုင်ငံလုံးဆိုင်ရာညီလာခံ အတွေ့အကြုံများ
ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)
 Academic Weekly Educational Journal Vol2 No.26

          ဆိုခဲ့သည့်ညီလာခံကို ၂၀၁၃ခုနှစ်၊ ဇွန်လ (၈)ရက်နှင့် (၉)ရက်တို့တွင် ရန်ကုန်မြို့၊ ခ၀ဲခြံရှိ မျက်မမြင်ကျောင်း၌ နံနက်(၈)နာရီမှ ညနေ(၅)နာရီအထိ ပြုလုပ်ခဲ့ပါသည်။ ထိုညီလာခံသို့ တက်ရောက်ရန် ကျွန်တော်နှင့် ကျွန်တော့ဇနီးတက္ကသိုလ်ရွှေရီဝင်းတို့ထံ ဖိတ်စာရောက်လာခဲ့ပါသည်။
          ဖိတ်ကြားထားသည့်အတိုင်း ကျွန်တော်တို့သွားရောက်ခဲ့ပါသည်။ ကျွန်တော်တို့သွားရောက်ခဲ့ သည့် ရည်ရွယ်ချက်မှာ တက်ရောက်သောပညာရှင်များ၏ အဆိုအမိန့်များကို နားထောင်၍ မှတ်သားရန် ဖြစ်ပါသည်။ ရည်ရွယ်သည့်အတိုင်း နားထောင်၍ မှတ်သားမိသ၍ကို ဖောက်သည်ချရန် ဤဆောင်းပါကို ရေးလိုက်ခြင်းဖြစ်ပါသည်။ ကျွန်တော်တို့မှတ်သားမိသ၍ကို တစ်ဆင့်ရေးသားခြင်းဖြစ်သဖြင့် လိုအပ်ချက် များ ရှိခဲ့လျှင် ကျွန်တော်တို့၏ မှတ်ဥာဏ်၏ချို့ယွင်းမှုဖြစ်ပါသည်။
          ရှေးဦးစွာ မှတ်တမ်းတင်ထားရမည်မှာ ထိုညီလာခံကို အင်္ဂလိပ်ဘာသာဖြင့် NATIONAL NETWORK FOR EDUCATION REFORM (NNER) ဟုခေါ်ပါသည်။ ထိုညီလာခံနှင့်ပတ်သက်၍ မှတ်တမ်း တင်လိုသောအရာတစ်ခုမှာ စကားပြောခွင့်ရကြသော ပညာရှင်အားလုံးသည် သူတို့ကို ပေးထားသော အချိန်အကန့်အသတ်အတိုင်း လေးစားလိုက်နာ၍ ပြောကြားသွားကြသည်ကို ထူးခြားစွာတွေ့ရပါသည်။
          နံနက်(၈) နာရီမှ ၈း၃၀ အထိ ညီလာခံတက်ရောက်သူများ အမည်စာရင်းသွင်းပြီး ၈း၃၀ တွင် မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယအထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာ ဦးသိန်းလွင် က အကြိုနှုတ်ခွန်းဆက်စကားကို အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်။ (သူ၏ ပြောကြား ချက်များထဲမှ ကျွန်တော်မှတ်မိသလောက်ကို တိုက်ရိုက်ပြန်၍ ပြောရသော်-)
          "လောကမှ သူများခိုင်းတော့မှ လုပ်တတ်တဲ့ စိတ်ဟာ တကယ့်ကျွန်စိတ်ဖြစ်ပါတယ်။ လုပ်သင့် လုပ်ထိုက်တာကို ခိုင်းတာတောင် မလုပ်တဲ့လူဟာ ဒါထက်ပိုဆိုးပါတယ်။ အခုလုပ်တဲ့ ပညာရေးညီလာခံကို ကျွန်တော်တို့ လုပ်ရာမှာ ဘယ်သူကမှ ခိုင်းလို့လုပ်တာမဟုတ်ပါဘူး။ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် လုပ်သင့်လုပ်ထိုက်တယ်လို့ ယုံကြည်လို့ လုပ်တာဖြစ်ပါတယ်" ဟူ၍ ပြောကြားသွားပါသည်။
          ဒုတိယပြောကြားသောပုဂ္ဂိုလ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဦးတင်ဦးဖြစ်ပါသည်။ ဦးတင်ဦးက ဤသို့ပြောကြားခဲ့ပါသည်။ "မြန်မာနိုင်ငံရဲ့ ပညာရေးဟာ နိမ့်ကျနေတယ်ဆိုတာကို အားလုံးက သိကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးကို မြ§င့်တင်ပေးလိုကြောင်း၊ မြ§င့်တင်ပေးဖို့အတွက် ဘာလုပ်ရမည်ဆိုတာကို ခြောက်နှစ်တိုင်တိုင် စဉ်းစားနေခဲ့ပါတယ်။ ဒါတွေကို အခုလက်တွေ့လုပ်ပေးချင်တဲ့ စိတ်တွေရှိနေပါတယ်။"
          ဦးတင်ဦးက ဤသို့ အဖွင့်အမှာစကားပြောပြီးသည့်နောက် ပညာရေးအတွေ့အကြုံရင့်ကျက်သူ ဆရာမကြီး ဒေါက်တာဒေါ်မြင့်မြင့်ခင်က အမှာစကားကို အောက်ပါအတိုင်းပြောကြားခဲ့ပါသည်။
          "မြန်မာနိုင်ငံမှာ ပညာရေးနဲ့ ပတ်သက်လို့ ပျက်စီးခဲ့တာဟာ ၁၉၆၂ခုနှစ်ကတည်းက ဖြစ်ပါတယ်။ဒါတွေကို အခုမှစပြီး ပြင်ရမှာဖြစ်ပါတယ်။သမိုင်းကြောင်းတွေကို ပြန်ကြည့်ရင် ၁၉၉၀ နောက်ပိုင်းမှာ ပညာ ရေးနယ်ပယ်မှာ ပုဂ္ဂလိကလုပ်ငန်းရှင်တွေက ၀င်ရောက်ယှဉ်ပြိုင်လာကြပါတယ်။ ဒီအခါမှာ ငွေကြေးချမ်း သာသူတွေက ပညာရေးမှာ အခွင့်အလမ်းတွေပိုပြီး ရလာကြပါတယ်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ သိပ္ပံနဲ့နည်းပညာတွေတိုးတက်လာပါတယ်။ဒါပေမယ့်ပညာရေးနယ်ပယ်မှာအဲဒီ တိုးတက်မှုကို မှီအောင်မလိုက်နိုင်ပါဘူး။ အခုအခါမှာ လူတိုင်းစာဖတ်ဖို့ အရေးကြီးလာပါပြီ။ စာမဖတ်ရင် ဘယ်လိုမှ မတိုးတက်နိုင်ပါဘူး။ ပညာရေးတိုးတက်အောင် လုပ်ရာမှာ၊ အရေးပါတဲ့ လူပုဂ္ဂိုလ်အုပ်စုတစ်ခု ပါမလာတာတွေ့ရပါတယ်။ အဲဒီလူအုပ်စုကတော့ stick-holder တွေဖြစ်ပါတယ်။ ပညာရေးတိုးတက်အောင် လုပ်ရာမှာ၊ ကလေးတွေကို ကုန်ကြမ်းပမာထားပြီး၊ ပညာရေးဆိုတဲ့ ကုန်ချောကို ထုတ်လုပ်ပေးရပါမယ်။ ဒီလို ဆွေးနွေးပွဲတွေ အများကြီးလုပ်ဖို့လိုပါတယ်။  အဝေးသင်ပညာရေးကိုလည်း ပီပြင်အောင်လုပ်ဖို့ လိုပါတယ်။ ပညာရေးဟာ ခဏတာကိစ္စမဟုတ်ပါဘူး။ တစ်သက်တာ ကိစ္စဖြစ်တယ်ဆိုတာကိုလည်း သတိပြုဖို့လိုပါတယ်။"
          ဒေါ်မြင့်မြင့်ခင်က ဤသို့အမှာစကားပြောပြီး ဘုန်းတော်ကြီးသင်ကျောင်းများကိုယ်စား ဆရာတော် ဒေါက်တာအရှင်ဓမ္မပီယမှ အမှာစကားမိန့်ကြားရာတွင် -
          "ပညာရေးစနစ်အောင်မြင်မှုရရှိဖို့အတွက် ဥပဒေစိုးမိုးရေးက မရှိမဖြစ်လိုအပ်ပါတယ်။ အခုအခါမှာ စာသင်ချိန်တွေကများပြီး ပညာမတတ်ဖြစ်နေပါတယ်။ အလွတ်ကျက်ပြီး ပြန်ရေးတဲ့စနစ်က ဦးဆောင်နေပါ တယ်။ လိုအပ်နေတာက ကျောင်းသားနဲ့ဆရာဆွေးနွေးဖို့၊ ကျောင်းသားအချင်းချင်း အပြန်အလှန် ဆွေးနွေးတဲ့အချိန်ရှိဖို့ဖြစ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ စကားအဆိုအမိန့်လက်ဆောင် တစ်ခုပေးခဲ့ချင်ပါ တယ်။ အဲဒါကတော့ - Citizen's silence threatens Democracy. အဓိပÜါယ်က ပြည်သူလူထု၏ နှုတ်ပိတ် နေခြင်းသည် ဒီမိုကရေစီကို ခြိမ်းခြောက်နေသည်ဟူ၍ ဖြစ်ပါတယ်။"
          ထို့နောက် တိုင်းရင်းသားပညာရှင်များကိုယ်စား ဆရာကြီးနိုင်ငွေသိန်းမှ အောက်ပါအတိုင်း အမှာ စကားပြောခဲ့သည် -
          "ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးမှာ ပညာရေးကတော့ တကယ်လိုအပ်ပါတယ်။ သင်ရိုးမာတိကာတွေအားလုံးကို ပြုပြင်ကြရမှာဖြစ်ပါတယ်။ ဒီနေရာမှာ teaching-learning strategy (သင်ကြားခြင်း-သင်ယူခြင်း ဗျူဟာ) ကို သေချာချမှတ်ရမယ်။ လုပ်ထားတာတွေကို assessment ခေါ်တဲ့ စစ်ဆေးမှုလည်း လိုအပ်ပါတယ်။ ဒီနေရာမှာ အတတ်ပညာတွေဟာ ဒီမိုကရေစီကို အထောက်အကူဖြစ်မဖြစ်ကို သေချာ စစ်ဆေးဖို့လိုပါသည်။ ဒီနေရာမှာ တိုင်းရင်းသားဒေသတွေမှာ ကြုံနေရတဲ့ ပြဿနာတစ်ခုကို အသိပေးလိုပါ တယ်။ ဒါကတော့ တိုင်းရင်းသားတွေဟာ မြန်မာစကားကို နားမလည်တဲ့ ပြဿနာနဲ့ ဆရာဆရာမတွေဟာ လည်း တိုင်းရင်းသားဘာသာကို နားမလည်တဲ့ ပြဿနာဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသား၊ ကျောင်းသူ တွေဟာ ကျောင်းမှာမပျော်ကြပါ။ ပြည်တွင်းစစ်ကြောင့်လည်း ဒုက္ခရောက်နေကြပါတယ်။"
          ပြီးသည့်နောက် နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ရက်ကိုယ်စား ဒေါက်တာဦးသိန်းလွင် မှ ညီလာခံ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ပြောကြားရာတွင် ဤညီလာခံတက်ရောက်သူများထံမှ အကြံပေးချက် များကို  ရရှိဖို့မျှော်လင့်ကြောင်းကို ပြောကြားခဲ့ပါသည်။
          ထို့နောက် နံနက် ၉း၃၀ တွင် ခေတ္တရပ်နားပြီး ၉း၄၀တွင် ပညာရေးကဏ္ဍအလိုက် အဖွဲ့ (၁၃)ဖွဲ့ခွဲ ၍ ဆွေးနွေးကြသည်။ တက်ရောက်သူများသည် ကိုနှစ်သက်ရာအဖွဲ့တွင် တက်ရောက်၍ နားထောင်ဆွေး နွေးနိုင်ကြပါသည်။
          ဇွန်လ (၈)ရက် ညနေတွင် အဖွဲ့ (၁၃)ဖွဲ့ထဲမှ အကြံပြုချက်များအား အဖွဲ့ (၄)ဖွဲ့သည် တစ်ဖွဲ့လျှင် မိနစ် (၄၀) စီ ပြန်လည်တင်ပြရာတွင် တက်ရောက်သူတိုင်းသည် ပါဝင်ဆွေးနွေးရန် အခွင့်အလမ်းများရရှိပါ သည်။
          ဇွန်လ ၉ ရက်တွင် ကျန်အဖွဲ့များမှ အလားတူ အကြံပြုချက်များအား ဆက်လက်တင်ပြဆွေးနွေးခဲ့ ကြပါသည်။ အဖွဲ့များ၏ ပြန်လည်တင်ပြဆွေးနွေးချက်များကို နောက်ကြုံလျှင် တင်ပြပါမည်။




Comments