အမေများနေ့ ဆိုလို့ ... တက္ကသိုလ်ရွှေရီဝင်း၊

အမေများနေ့ ဆိုလို့ ...
တက္ကသိုလ်ရွှေရီဝင်း၊ ဇန်န၀ါရီ ၂၃၊ ၂၀၁၄
(၂၀၀၇ စက်တင်ဘာလ အတွေးအမြင် ၁၈၆)
သမီးဂျူနီယာက ဂျာနယ်ထဲက ကြော်ငြာစာရွက်ကိုပြပြီး “မေမေလိုချင်တာ ရွေးလေ။ သမီးဝယ်ပေးမယ်“ ဟု ပြောလာပါတယ်။ သူပေးလိုက်တဲ့စာရွက်မှာရေးထားတာက City Mart က Mother’s Day Special ကြော်ငြာလေး ဖြစ်ပါတယ်။ “မေမေလိုချင်တာ ပါချင်မှ ပါမှာ“ လို့ လဲ ဆက်ပြီးပြောသွားပါတယ်။
သမီးပေးသွားတဲ့ ကြော်ငြာလေးကြည့်ပြီး အမေများနေ့ဆိုတာကို စိတ်ဝင်စားသွားပါတယ်။ ဒီတော့ အိမ်မှာရှိတဲ့စာကြည့်တိုက်ထဲက စွယ်စုံကျမ်းကို လှန်လှောပြီး ရှာကြည့်ပါတယ်။ အဲဒီထဲမှာရေးထားတာက ’’အမေများနေ့ကို မိခင်အားလုံးကို ဂုဏ်ပြုသည့်အနေဖြင့် မေလ၏ ဒုတိယပတ် တနင်္ဂနွေနေ့တွင် ကျင်းပပါသည်။ ထိုနေ့ကို အမေရိကန်ပြည်ထောင်စုလွှတ်တော်မှ ၁၉၁၄ခုနှစ်တွင် အသိအမှတ်ပြုခဲ့သည်။ ယခုအခါတွင် ကမ္ဘာအနှံ့ အမေများနေ့ကို ကျင်းပလျက်ရှိနေပြီဖြစ်သည်။ Encyclopedia Britanica Volume15 (1971)’’
အခု သမီးဂျူနီယာ၏ ကောင်းမူကြောင့် အမေများနေ့ကို တွေးစရာတွေ များသွားပါတယ်။ အခု ခေတ်မှီတိုးတက်နေတဲ့အချိန်မှာ တနိုင်ငံနဲ့တနိုင်ငံ ကူးလူးဆက်ဆံမှု လွယ်ကူချောမွေ့လွန်းလို့ ကမ္ဘာ့ရွာကြီးလို့ ခေါ်ဝေါ်နေပါပြီ။ အဲဒီကမ္ဘာရွာကြီးတိုင်းက မိခင်တိုင်းကိုဂုဏ်ပြုချီးကျူးတဲ့အနေနဲ့ အခုလို ရက်သက်မှတ်ပြီး ကျင်းပတာဖြစ်ပါတယ်။ စာရေးသူကတော့ ကိုယ့်ကိုမွေးဖွားခဲ့တဲ့ ကျေးဇူးရှင်မိခင်အပါအ၀င် မိခင်တိုင်းကို လေးစားမိတာ အမှန်ဖြစ်ပါတယ်။ မိခင်တယောက်ရဲ့ အရည်အချင်းဆိုတာ ပြောပြလို့ဆုံးမှာ မဟုတ်ပါဘူး။ မိခင်လို့ပြောလိုက်တာနဲ့ အမျိုးသမီးဆိုတဲ့ ဝေါဟာရဟာ ပါလာပါတယ်။ အမျိုးသမီးဖြစ်တဲ့ မိခင်တိုင်းဟာ ကိုယ်ကျိုးကိုစွန့်ပြီး ဘ၀ကိုရင်ဆိုင်ကြတာ အခြေခံကျတဲ့သဘောတရားဖြစ်ပါတယ်။ စာရေးသူပြောတာကိုလက်မခံချင်ရင်လည်း မိခင်အတော်များများဟာ ကိုယ်ကျိုးစွန့်ပြီးဘ၀ကို ရင်ဆိုင်ကြပါတယ်လို့ ပြောချင်ပါတယ်။ မိခင်လို့ပြောတဲ့အခါမှာ ကိုယ်တိုင်ဝမ်းနဲ့လွယ်ပြီးမွေးတဲ့မိခင်ရော၊ ကိုယ်ကိုယ်တိုင်ဝမ်းနဲ့ မလွယ်ဘဲ မိခင်ရဲ့တာဝန်ကိုယူတဲ့အမျိုးသမီးတွေပါ အကြုံး ၀င်ပါတယ်။
စာရေးသူရဲ့ဘ၀မှာတော့ မိခင်နှစ်ယောက်ရှိတယ်လို့ ပြောရပါမယ်။ တစ်ယောက်က စာရေးသူကိုမွေးဖွားပေးတဲ့ ကျေးဇူးရှင်မေမေ ဒေါ်ချစ်တင်နဲ့ သချာင်္ဆရာကြီးနဲ့လက်ထပ်ပြီး တော်ရတဲ့ ယောက်ခမ မေမေ ဒေါ်ခင်မျိုးချစ်တို့ဖြစ်ပါတယ်။ အဲဒီမေမေနှစ်ယောက်စလုံးဟာ ကိုယ်ကျိုးစွန့်ပြီး မိသားစုတာဝန်ကို ကျေပြွန်ကြပါတယ်။ စာရေးသူရဲ့မိခင်က အိမ်ရှင်မသက်သက်ဖြစ်ပါတယ်။ သားသမီး၈ယောက် တာဝန်ကိုယူပြီး သားသမီးတွေအားလုံး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင် စောင့်လျောက်ခဲ့ပါတယ်။ အဲဒီလိုကိုယ့်ခလေးကို ကိုယ့်ခြေထောက်ပေါ်ရပ်တည်နိုင်အောင် လုပ်ရတာ ဘယ်လောက်ခက်တယ်ဆိုတာ စာရေးသူအပါအ၀င် အခုခေတ် မိဘတိုင်းသိကြပါတယ်။
မေမေဒေါ်ခင်မျိုးချစ်က မဂ္ဂဇင်းဂျာနယ်ဖတ်တာဝါသနာပါလို့ သူဖတ်တဲ့အမျိုးသမီးမဂ္ဂဇင်း Woman’s Weekly, Woman’s Own နဲ့ Woman Magazine တွေက သူကြိုက်တဲ့ဆောင်းပါးတွေ စာပိုဒ်တွေကိုညှပ်ပြီး စာအုပ်ထဲမှာ ကပ်ပြီးစုတတ်ပါတယ်။ စာရေးသူသချာင်္ဆရာကြီးနဲ့ လက်ထပ်ပြီး သူ့အိမ်ရောက်လာတော့ သူ့ရဲ့ဖြတ်ညှပ်ကပ်စာအုပ်တွေကို အမွေပေးပါတယ်။ အဲဒီစာအုပ်တွေထဲက သိုးမွှေးထိုးတဲ့ပုံစံတွေ၊ အကျီပုံစံ၊ ဆံပင်ပုံစံတွေ၊ ကာတွန်းတွေ၊ ကလေးပြုစုနည်းတွေ၊ အဆိုတော်ပုံ၊ ရုပ်ရှင်မင်းသားမင်းသမီးပုံ၊ ချက်နည်းပြုတ်နည်း … … အစုံပါပဲ။ စာရေးသူကလည်း မေမေမြှောက်ပေးနေကျ စကားအတိုင်း မေမေ့လို အဲဒီဆောင်းပါးတွေ သဘောကျတဲ့လူဖြစ်လို့ သူစုဆောင်းတာတွေကို သဘောကျပြီး အမွေဆက်ခံခဲ့ပါတယ်။
အဲဒီဖြတ်ညှပ်ကပ်စာအုပ်ထဲမှာ စာရေးသူအကြိုက်ဆုံး ကဗျာလေးကတော့ အိမ်ရှင်မတစ်ယောက်က သူရဲ့ယောင်္ကျားဆီကိုရေးထားတဲ့ မင်္ဂလာနှစ်ပတ်လည်နဲ့ ပတ်သက်တဲ့ကဗျာလေးဖြစ်ပါတယ်။ အဲဒီကဗျာလေးကို မူရင်းအတိုင်းကူးပြီး ဘာသာပြန်ပြချင်လို့ လိုက်ရှာတာ အခုမတွေ့တော့ပါဘူး။ ဒါပေမယ့် ကိုယ်မှတ်မိသလောက် ဘာသာပြန်ရရင်တော့ …
အချစ်ဆုံးရေ……
တို့တွေ မင်္ဂလာနှစ်ပတ်လည်ရောက်တော့မယ်
ပျော်စရာအမှတ်ရစရာနေ့လေးပေါ့
ကိုယ့်ကို ဘာလက်ဆောင်ပေးမယ်လို့ရည်ရွယ်ထားလဲ
မီးပူတိုက်တဲ့ စားပွဲတော့ဝယ်မပေးနဲ့နော်
လျပ်စစ်မီးဖိုလည်း ၀ယ်မပေးပါနဲ့
ကော်ဖီဖျော်တဲ့စက်လည်း မလိုချင်ဘူး
ည၀တ်အကျီလှလှလေး ဖြစ်ဖြစ်
ဒါမှမဟုတ် …
ဇာအနားတွေကွပ်ထားတဲ့ လက်ကိုင်ပုဝါလေးဆိုလည်း ရပါတယ်
မမေ့နဲ့နော်။
အဓိပ္ပါယ်ကတော့ အဲဒီလို သဘောသက်ရောက်ပါတယ်။ သမီးဂျူနီယာရဲ့ အမေများနေ့ ဈေးဝယ်ဖို့ကြော်ငြာလေးကြည့်ပြီး စိတ်ကူးပေါ်လာတာပါ။ သမီးပြတဲ့ကြော်ငြာထဲက ပစ္စည်းတော်တော်များများဟာ ကိုယ်တစ်ယောက်ထဲနဲ့ဆိုင်တာမဟုတ်တာတွေ များပါတယ်။ အပေါ်မှာရေးထားတဲ့ ကဗျာထဲကလိုပေါ့။ အဲသည်တော့ ဂျူနီယာကို ဒီဆောင်းပါးလေးဖတ်ခိုင်းပြီး ဘာဝယ်ရမယ်ဆိုတာ သိစေချင်ပါတယ်။ နောက်ပြီး … သင်္ချာဆရာကြီးကိုလည်း ထိုနည်းလည်းကောင်းတိုင်း ပဲပေါ့။

Comments