ကလေးဆိုတာ အင်မတန်မှ စိတ်ထားသန့်ရှင်းပြီး
ဘေးပတ်ဝန်းကျင်ရဲ့ပုံရိပ်လေးတွေအောက်မှာ ပြောင်းလဲလာကြတာ အမှန်ဖြစ်ပါတယ်။
နောက်ပြီး သူတို့ရဲ့စိတ်က အလွန်စပ်စု စူစမ်းပြီး
တက်တက်ကြွကြွရှိကြတယ်။ လူတိုင်းဟာ ကလေးဘဝကို ကျော်ဖြတ်ပြီးမှ ဆက်လက်ရှင်သန်နေကြပါတယ်။
ကိုယ်ကိုယ်တိုင်လည်း ကလေးဘဝကို ဖြတ်သန်းခဲ့ရပါတယ်။
မောင်နှမ ရှစ်ယောက်ရှိတဲ့ အိမ်ထောင်မှာ ကြီးထွားရတာမို့ အစ်ကိုနှစ်ယောက်ရဲ့အောက် ညီမလေးအဖြစ်
ကလေးဘဝနေခဲ့ရသလို ညီ ညီမငါးယောက်ရဲ့ အစ်မအဖြစ် ကလေးဘဝ ဖြတ်သန်းခဲ့ရပါတယ်။
နောက်တော့ မိခင်တစ်ယောက်အဖြစ် ကလေးတွေကို
ပြုစုရပါတယ်။ ညီ ညီမတွေက သူငယ်ချင်းအ ပေါင်းအသင်းတွေရဲ့ ကလေးတွေနဲ့ ရောနှြော့ပီးနေဖူးခဲ့တယ်။
နောက်တစ်ဆင့်တက်ပြီး မြေးဆိုတဲ့ ကလေးနဲ့ နေရပြန်ပါတယ်။
ဒါကြောင့်မို့လား မသိပါဘူး ကလေးတွေကို
စိတ်ဝင်တစားရှိပြီး သူတို့လေးတွေကို စိတ်ဝင်တစားရှိပြီး သူတို့လေးတွေကို ချစ်လည်းချစ်
ကူလည်းကူညီချင်တဲ့စိတ် ရှိပါတယ်။ သူတို့လေးတွေကိုကြည့်ပြီး ကလေးဆိုတာ လောကကြီးထဲမှာ
အမြဲတမ်း မရှိမဖြစ် ရှိနေကြတာကို လက်ခံမိတယ်။
မောင်နှမများတဲ့ မိသားစုမှာ ကြီးပြင်းရလို့
မိဘအဖိုအဖွားရဲ့ ကလေးတွေအပေါ်ထားတဲ့ မေတ္တာတရား နဲ့ စေတနာကို နားလည်ခဲ့ပါတယ်။ ကလေးသဘာဝငယ်စဉ်က
ကစားမက်တယ် ၊ အပျင်းထူတယ် ၊ ဆိုးတယ်။ အဲဒီ အရည်အချင်းတွေကတော့ အပြည့်ပါပဲ။
ဒါနဲ့ တစ်ပြိုင်ထဲ တာဝန်တွေ ၊ ဝတ္တရားရှိလာတယ်။ အဲဒီအရည် အချင်းနှစ်ခုကို တစ်ဖက်စောင်းနင်းမဖြစ်အောင် လူကြီးမဘက ထိန်းရပါတယ်။
ထိန်းသိမ်းပုံ ၊ ထိန်းသိမ်းနည်းမျိုးစုံရှိပါတယ်။
အိမ်ထောင်ကျပြီး စာပေမှာ ပျော်မွေ့တဲ့ မိသားစုအသိုင်း အဝန်းကို ရောက်တော့ စာတွေ့ရော
လက်တွေ့ပါ နှစ်မျိုးစလုံးနဲ့ ရင်းနှီးရပါတယ်။ စာတွေ့များ ရှိလို့လားလို့မေး ရင် ရှိပါတယ်။
အဲဒီလို ကလေးတွေအကြောင်း ရေးကြတဲ့ ပညာရှင်တွေကတော့ ဆင်ကြီးတွေလို့ ပြောရပါမယ်။ ကလေးပညာဗေဒမှာ ဘွဲ့ထူးတွေ ၊ ရာထူးတွေ ရရှိထားတဲ့
ပညာရှိတွေဖြစ်တယ်။ သူတို့ စာကိုဖတ်ရရင် မိဘ တွေက သိပ်သဘောမတွေ့ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့
သူတို့က ကလေးကိုအလိုလိုက်ဖို့ ကလေးရဲ့သ ဘောအတိုင်း လိုက်လျောဖို့ပြောတာများပါတယ်။ ကျန်းမာရေးနဲ့
ပညာရေးအတွက်ကတော့ သူတို့ရေးတာကို လက်ခံပေမယ့် ကလေးကိုအတိုင်းအတာမရှိ အလိုလိုက်ဖို့တော့
သဘောမတူမိပါ။
နောက်ကလေးတွေအတွက် ဖတ်စရာ ၊ တွက်စရာ ၊
ပျော်စရာ ၊ စိတ်ဝင်စားစရာ ဘာသာရပ်အစုံကိုရေး တဲ့ ပညာရှင်းတွေကို လေ့လာကြည့်တော့လည်း
တကယ့်ပါရဂူတွေ ၊ ဘွဲ့ထူးတွေ အစုံပါတဲ့ လူတွေဖြစ်နေတာ တွေ့ရပါတယ်။ အဲဒါကိုတော့ သဘောလည်းတူ
ထောက်လည်းထောက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ရဲ့ အတွေးအခေါ်ဟာ ထောင့်စေ့တာမို့
ကလေးတွေအတွက် စာရေးရာမှာ လွယ် ကူချော်မောတာ ၊ ဇာတ်လမ်း တွေကလည်း ကလေးတွေလက်ခံနိုင်တဲ့
ဇာတ်လမ်းမျိုးတွေဖြစ်နေလို့ပါပဲ။
ကလေတွေဖတ်ဖို့ ရေးရတာလွယ်ပါတယ်လို့ တွေးရင်တော့
မှားပါတယ်။ ကလေးတွေဖတ်ဖို့ ပုံပြင်တွေ ၊ ဗဟုသုတစာပေတွေရေးတဲ့ ပညာရှင်တွေဟာ တကယ့်ပညာရှင်တွေဆိုတာကို
ညင်းလို့မရပါဘူး။ မြန်မာစာပေ မှာဆို ဒေါက်တာမောင်ဖြူး ၊ ဒေါက်တာထင်အောင်တို့လို ပုဂ္ဂိုလ်တွေက
မြန်မာပုံပြင်တွေကို အင်္ဂလိပ်လိုရေး သားခဲ့ကြပါတယ်။ နောက် လူထုဦးလှလို ပညာရှင်ကြီးက
တိုင်းရင်းသားပုံပြင်တွေ စုဆောင်းပေးခဲ့တာရှိပါတယ်။ ဆရာကြီးမင်းသုဝဏ် ၊ ဆရာမင်းယုဝေနဲ့
ဆရာမငွေတာရီတို့လည်း ကလေးကဗျာတွေ ၊ ကလေးပုံပြင်တွေ ရေး ခဲ့ပါတယ်။
ကိုယ်ငယ်ငယ်ကတော့ နိုင်ငံခြားကာတွန်းတွေထဲက
ဇာတ်လမ်းတွေ ဇာတ်ကောင်တွေနဲ့ ရင်းနှီးပါ တယ်။ ကိုယ့်ကို မိဘတွေ ၊ အဖိုးအဖွားတွေ ပြောခဲ့တာတွေ
အကုန်မမှတ်မိပေမယ့် ကိုယ့်ထက်ငယ်တဲ့ မောင် တွေ ၊ ညီမတွေကို ပြောတာကို အတူနားထောင်ရင်း
‘ ငါငယ်ငယ်တုန်းကလည်း ဒီလိုပုံတွေပြောခဲ့မှာပဲ’ ဆိုပြီး သိခဲ့ရလို့ ပိုပြီးမှတ်မိလာပါတယ်။ ရွှေယုန်နဲ့ရွှေကျားတို့
၊ ကမ္ဘာလိပ်ကြီးတို့ ၊ မောင်ကဆုန်နဲ့ မောင်နယုန်ပါတဲ့ ကြတ္တိကာပုံပြင်တွေ ၊ မထွေးလေးပုံပြင်တွေ ၊ ရှင်မွေးလွန်း
မင်းနန္ဒာဇာတ်လမ်း အစုံပါပဲ။ လမင်းကြီးနဲ့ပတ်သက် ပြီး ပုံပြင်တွေရှိသလို ကဗျာတွေလည်း
ရင်းနှီးခဲ့ပါတယ်။ လူကြီးတွေမအားရင် ကိုယ်ကိုတိုင်ကြားဖူးထားတဲ့ ဇာတ်လမ်းတွေ ၊ ပုံပြင်တွေကို ညီ ညီမတွေကို ထပ်ဆင့်ပြောခဲ့ရပါတယ်။
နောက် ပီတာပင်တို့ ဟင်ဆယ်နဲ့ ဂရီ တယ်မောင်နှမ ၊ စနိုးဝိုက်နဲ့ လူပုလေးခုနှစ်ယောက် ၊
အိပ်ပျော်နေတဲံမင်းသမီးလေးတို့ ၊ ငလက်မပုံပြင်တွေ အစုံ ပါပဲ။
အဲဒီလိုပုံပြင်တွေ ၊ လုပ်ဇာတ်တွေပြောကြတာဟာ
ကလေးနဲ့လူကြီးတို့ ရင်နှီးမှုရခဲ့ပါတယ်။ ပုံပြင်ပြော ရင်း တူတူပုန်းတန်း ကစားကြတာ၊ ကုလားမစည်း
ကစားကြတာ ၊ ဟင်းချက်တန်း ထမင်းချက်တန်း ကစားကြ တာလည်း မပျင်းနိုင်ကြပါဘူး။ ကလေးတွေဖတ်ဖို့
ကာတွန်းတွေကလည်း ညီညီမတွေ ငယ်စဉ်ကဖတ်တဲ့ ဘား ၊ မားစတာဂျာနယ်ကို သတိရမိတယ်။ ညဏ်ကြယ်လေးနဲ့
ဦးလူပေါနဲ့ ဦးလူချော ၊ မိမော်မေမေကစပြီး ဦးဦးပုံ ပြောမယ် ၊ စံရွှေမြင့် ဇာတ်လမ်း
စသဖြင့် ကူးပြောင်လာပြီး ရွှေသွေးတို့ ၊ တေဇတို့ခေတ် ၊ လှပဂျာနယ်စသဖြင့် ဖတ်စရာတွေကို
ကူးပြောင်းခဲ့ကြတယ်။
ကိုယ့်သားသမီးတွေကို ပုံပြောကောင်းလို့
စာပေဗိမ္မာန်မှာ မေမေနဲ့ ဘဘတို့နဲ့အတူလည်း လုပ်ဖက် ၊ မိတ်တွေရင်းလည်းဖြစ်တဲ့ အန်တီဒေါ်အုန်းကြည်တို့
၊ ဒေါ်တင်ထွေးတို့တိုက်တွန်းမှုနဲ့ ကလေးတွေအတွက် ဇာတ်လမ်းတွေ ရေးဖြစ်ပါတယ်။
ရွှေသွေးဂျာနယ်မှာ ပထမဆုံးရေးဖြစ်တာ ‘ ကြယ်သီးတိုင်းပြည်’
ဆို့တဲ့ ဇာတ်လမ်းပါ။ ဆရာကြီးဦးဘ ကြည်ရဲ့ ပန်းချီသရုပ်ဖော်ပုံနဲ့ဖြစ်ပါတယ်။ ကလေးတွေက
ပုံနားထောင်တဲ့အရွယ်လွန်ပြီဖြစ်လို့ စာဖတ်ရတာ သဘောကျပါတယ်။
မေမေနဲ့ဘဘကလည်း သားကိုပြောပြခဲ့တဲ့ ပုံပြင်တွေကို
မြေးတွေကိုဆက်ပြီး ပြောကြပါတယ်။ နောက် မေမေနဲ့ဘဘက ငါးရာ့ငါးဆယ်ပုံပြင်တွေ ၊ ဇာတ်ကြီးဆယ်ဘွဲ့ဇာတ်လမ်းတွေ
၊ ၃၈ဖြာမင်္ဂလာတွေ ကလေးတွေ ကိုပြောပြပြီး ပျော်နေကြပါတယ်။ သူတို့တွေက စာဖတ်တက်တဲ့အရွယ်ဆိုတော့
ပြောလည်းပြောပြ စာလည် ဖတ်ခိုင်းပါတယ်။
သားစဉ်မြေးဆက်ဆိုသလိုပဲ သံယောဇဉ်တွေ ကြီးခဲ့ကြ
၊ ကိုယ့်မိဘအမွေတွေဖြစ်တဲ့ ဘာသာသာသနာ နဲ့ ယဉ်ကျေးမှုတွေကိုဆက်ပြီး ဖြန့်ခဲ့ကြတာ အမှတ်ရပါတယ်။
ဟိုတုန်းက အဖိုးအဖွား ၊ အဖေအမေတွေက သူ တို့ရင်ထဲမှာ ပြောစရာစကားတွေ ရှိကြမှာဖြစ်ပါတယ်။
ဒါပေမယ့် သူတို့က အလုပ်နဲ့ပဲပြတာဖြစ်လို့ သူတို့ရဲ့ မေတ္တာနဲ့စေတနာကို ကိုယ့်ဘာသာကိုယ် နားလည်ခဲ့ကြရပါတယ်။
ကိုယ့်သားသမီးတွေကျတော့ရော ဒီလိုပါပဲလို့ပြောရမယ်။
သူတို့တွေလည်း သူတို့သားသမီးတွေရ တော့ နားလည်ကြမှာပဲလို့ လက်ခံခဲ့ကြတာ ထုံးစံပါပဲ။
မိဘတိုင်းဟာ သူတို့သားသမီးတွေနဲ့ လက်ပွန်းတတီးနေ ခဲ့ကြတာကို အမှတ်ရနေကြမှာဖြစ်ပါတယ်။
သူတို့သတိရသည်ဖြစ်စေ ၊ သတိမရသည်ဖြစ်စေ ကိုယ်ကတော့ သတိရနေပါတယ်။
သူတို့တွေ သူငယ်တန်းကနေေ လေးတန်းအထိ အော်ဟစ်ကျက်လာကြတဲ့
စာတွေ ၊ သီချင်းတွေကို စာ ရေးသူကတော့ အမှတ်ရနေဆဲပါပဲ။
သူတို့လည်း စကားနဲ့မပြောပေမယ့် သတိရနေမှပါ။
သူတို့ သူငယ်တန်းတုန်းကရွတ်တဲ့ ကကြီး ခခွေး
ကဗျာလေးခုထက်ထိ ရွတ်လို့ကောင်းနေဆဲပါပဲ။
က
- ကညွတ်ပင် ရေမှာရွှင်
ခ
- ခရမ်းသီး ဓားနဲ့လှီး
ဂ
- ဂဏန်းကောင် လက်မထောင်
င
- ငရုပ်စိမ်း စပ်ရှိန်းရှိန်း
စ
- စပါး တို့အားထား
ဆ
- ဆရာ ရိုသေပါ
ဇ
- ဇရပ်မှာ တည်းခိုပါ
ည
- ညအခါ လသာသာ
ရ
- ရထားစီးလို့သွား။
အသက် ၇၀ ရောက်တော့မယ့်အဖွားကြီးက မှတ်မိတာတွေ
ချရေးနေတာ ကလေးတွေဆီကတဆင့် အမှတ်ရနေတာပါ။
ဘွဲ့ရပြီး ဘာအလုပ်မှမလုပ်ဘဲ အိမ်ရှင်မတစ်ယောက်အဖြစ်
နေခဲ့တာဖြစ်လို့များ ဒီလိုကလေးတွေ ရွတ် ခဲ့တဲ့စာတွေ ၊ ကိုယ်နားထောင်ခဲ့တဲ့ စကားတွေ
၊ ပုံပြင်တွေ ၊ သီချင်းတွေ မှတ်မိနေတာလား မသိပါ။ ဒီလိုတော့ လည်း မဟုက်သေးပါဘူး။ အခုအသက်အရွယ်မှာ
မေ့လိုက်တာများ အကုန်လုံးပါပဲ။ နာမည်တွေမေ့တယ်။ လမ်း တွေမေ့တယ်။ စာတွေဖတ်ပြီး သားတွေမေ့တယ်။
ဒါပေမယ့် ကိုယ်ကြိုက်တဲ့စာအုပ်ခေါင်းစဉ်နဲ့ ဇာတ်လမ်းတွေ ကိုတော့ မမေ့သေးဘူး။ ကလေးတွေရွတ်တဲ့ကဗျာတွေ
၊ ပုံပြင်တွေ ၊ သီချင်းတွေ မမေ့ဘူး။ အားရင် ပြန်တောင် ဆိုမိသေးတယ်။ ဒါကြောင့်လည်း စာရေးတဲ့ဆီမှာ
ကလေးတွေအတွက် ပုံပြင်ဇာတ်လမ်းကလေးတွေ ရေးရတာ ပိုပျော်ရွင်တယ်ထင်ပါတယ်။
အခုလည်း နိုဘယ်မြန်မာ ကလေးစပေနှစ်ဖြစ်တဲ့
၂၀၁၆ မှာ ကလေးတွေအတွက် စာအုပ်လေးတွေ ရေးဖြစ်သွားပါတယ်။ ကိုယ်ရေးတဲ့ ကလေးစာအုပ်ကလေးတွေ
ကလေးတွေကို ပေးချင်ခဲ့ပါတယ်။ မိဘဖိုးဖွားက လည်း ကလေးအရွယ်ကနေ အသက်ကြီးသွားကြသလို ကိုယ်ကိုယ်တိုင်လည်း
ကလေးဘဝကနေ အခုလို မိဘ ဖိုးဖွားဖြစ်လာကြတာမို့ ကလေးဆိုတာ လောကကြီးထဲမှာ အမြဲရှင်သန်နေကြတာကို
သတိရမိပါတယ်။ သူတို့ ကွက်လပ်က အမြဲသစ်နေကြတာဖြစ်တယ်။
ကိုယ်ရေးခဲ့တဲ့ ကြယ်သီးတိုင်းပြည် ဇာတ်လမ်းလေးကို
ပြန်ပြီးရေးချင်မိတယ်။ နောက်ထပ် နောက်ထပ် ရောက်လာကြတဲ့ကလေးတွေ ဖတ်စေချင်လို့ပါ။ ပုံပြင်အသစ်တွေလည်း
ရေးချင်မိပါတယ်။ တခါတလေ ဒီပုံပြင်က သိပြီးသား ၊ ဘယ်စာအုပ်မှာပါပြီးသား ၊ ဘယ်နှစ်ခုနှစ်လောက်က
ထုတ်ပြီးသားဆိုတဲ့ စကားတွေ ကြားရင် ရင်ထဲမှာမကောင်းလွန်းလို့ ဘယ်လိုဖြေရမယ် မသိပါဘူး။
အဲဒီစကားပြောတဲ့သူလူတွေဟာ ကလေး ဆိုတာ ဖတ်စရာအသစ်ကိုမှ ဖတ်တာမဟုက်ပါဘူး။ ဖတ်ပြီးသားလည်းဖတ်ပါတယ်။
နောက်ပြီး သူတို့ပြောတဲ့ ပါပြီးသား ဖတ်ပြီးသားဆိုရင် အဲဒီတုန်းက ကလေးက အခုကလေးမဟုက်တော့ဘဲ
နောက်ထပ်အသစ်ရောက် လာတဲ့ ကလေးတွေ ဖတ်ဖို့ရေးတာပါလို့ ပြောချင်ခဲ့ပါတယ်။ ကိုယ် ဘယ်လောက်ပြောပြော
အဘောပေါက်ဖို့ အထိတော့ မကြိုးစားချင်တော့ပါ။
အခု ကလေးစာပေနှစ်မှာ ၁၀၀၁ ည ပုံပြင်လေး
ထွက်လာပါတယ်။ သခင်ဘသောင်း ဘာသာပြန်ပြီး သား စာအုပ်ဖြစ်ပေမယ့် အခုရေးတဲ့စာအုပ်က ကလေးတွေအတွက်
ရေးထားတာကို ဘာသာပြန်တာဖြစ်ပါ တယ်။ စိတ်ထဲမှာ ကလေးတွေအတွက် ကိုယ်ငယ်ငယ်ကတည်းက သိခဲ့တဲ့
၁၀၀၁ ည ပုံပြင်ကို ရေးခွင့်ရလို့ ပျော်မိပါတယ်။
ကလေးတွေလည်း အသစ်အဆန်းတစ်ခု ဖတ်ရလို့ ပျော်စေချင်ပါတယ်။
နောက် ကိုယ့်သားသမီးတွေငယ်စဉ်က ဖတ်ပြ ပြောပြခဲ့တဲ့
ဦးထုပ်နဲ့ကြောင်ကလေး ဇာတ်လမ်းကို လည်း ရေးဖြစ်သွားပါတယ်။ ဒီစာအုပ်ကတော့ နာမည်ကျော်
ကာတွန်းဆွဲပြီး ကလေးတွေကို ပုံပြောတဲ့
Dr. Senny ကာတွန်းဇာတ်လမ်းလေးပါ။ ဦးထုပ်နဲ့ကြောင်ကလေးအပြင် ဒေါက်တာဆူးရဲ့ ဇာတ်လမ်းနှစ်အုပ် ‘ ငှက်ဥကို ဝပ်ပေးတဲ့ ဆင်ကလေး ဟောတွန်’ နဲ့ ‘ ဘာကောင်လေးမွေးရင်
ကောင်းမလဲ’ ကို ဘာသာပြန်ပြီး ထုတ်ဖြစ်ပါတယ်။ ကလေးစာအုပ် ထုတ်ဖြစ်တာတော့ နေရီရီနဲ့ ရန်အောင်စာပေကို
ကျေးဇူးတင်ရမှာပါ။
ကလေးတွေငယ်စဉ်က မူကြိုမှာ တီချယ်ဝိုင်းကျောင်းတက်ခဲ့တာ။
နောက် သူ့ဖေဖေတက်ခဲ့တဲ့ တီတီစီ ကျောင်းတက်ခဲ့တာ အမှတ်ရပါတယ်။ မြေးတောင် ကောလိပ်တက်နေပြီဆိုတော့
လွမ်းစရာလေးတွေ သတိရမိ တာပါ။
သူတို့ရွတ်တဲ့ ‘ရောင်စုံဘောလုံး ၊ တစ်လုံးငါးပြား
၊ တစ်လုံးငါးပြား’ တို့ ‘ သစ်ပင်ပေါ်မှာထိုင်နေတဲ့ တောက်တဲ့၊ မိုးလေဝသဟောနိုင်တဲ့တေက်တဲ့’
တို့ကို သတိရမိပါတယ်။ သူတို့အော်ဟစ်ဆိုခဲ့တဲ့ ‘ တို့တေဇလူ ငယ်’ လည်း မမေ့ပါဘူး။
ဒီဆောင်းပါးတော့ ဒီလောက်နဲ့ အဆုံးသက်လိုက်ပါမယ်။
တက္ကသိုလ်ရွှေရီဝင်း
Comments
Post a Comment